Monday, June 03, 2013

မပြီးဆုံးနိုင်သောပဋိပက္ခများ၊ပြည်သူတို့၏သောကများနှင့်အစိုးရ၏တာဝန်


by Messenger News Journal (Notes) 

လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦး မီးရှို့ခံရတဲ့ကိစ္စကို အကြောင်းပြုပြီး ပဋိပက္ခတစ်ခုပေါ်ပေါက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာကို ဖတ်ရပါတယ်။ မေလ (၂၈) ရက်နေ့မှာ မအေးအေးဝင်း ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း၊ မီးရှို့ခဲ့တာကို အကြောင်းပြုပြီး ပဋိပက္ခကို ဖန်တီးခဲ့ကြတာပါ။ ဆိုင်ကယ်တွေ အုပ်စုဖွဲ့ပြီး အရပ်ထဲရွာထဲမှာ လှည့်လည်လို့ အကြမ်းဖက်ကြတဲ့ပုံတွေကလည်း အင်တာနက်စာမျက်နှာများ၊ နိုင်ငံခြားသတင်းများမှာ ပေါ်ထွက်လာပြန်တော့ ဒို့နိုင်ငံမှာ ဘယ်လိုတွေများ ဖြစ်ကုန်တာပါလဲလို့ စဉ်းစားလို့ကိုမရနိုင်အောင်ဖြစ်ရပါတယ်။



အဲဒီလို အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ကြရပြန်ပါပြီ။ လူနေအိမ်ခြေ (၅) လုံး ဖျက်ဆီးခြင်းခံရတယ်။ ဘာသာရေး အဆောက်အအုံတွေ ဈေးဆိုင်တွေ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ရ တယ်။ အကြမ်းဖက်ခံရတဲ့ အပြစ်မဲ့သူတွေကို ရပ်ကွက်(၁၂)ကသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းမှာစောင့်ရှောက်မှုပေးထားရတယ်လို့သတင်းတွေကို ဖတ်ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ဘာ တွေများဖြစ်နေကြပြီလဲ။ ကိုယ့်ခြေထောက်ကိုကမျဉ်းနီကောင် ကိုက်တာနဲ့ပဲ ဘယ်လိုဖြစ်လို့တောတစ်တောလုံး မီးတိုက်ချင်နေကြတာလဲလို့သာ မေးချင်ပါတော့တယ်။



လူဆိုတာအသိုင်းအဝိုင်းနဲ့နေတဲ့သတ္တဝါတစ်မျိုးပါ။အသိုင်းအဝိုင်းနဲ့နေပြီဆိုကတည်းကနေ့စဉ်နဲ့အမျှ သဘောထားချင်းမတိုက်ဆိုင်မှုတွေကိုရင်ဆိုင်တွေ့ကြုံကြရမှာပါပဲ။သဘောထားချင်းမတိုက်ဆိုင်မှုတွေကို မညှိနိုင်းမဖြေရှင်းနိုင်ကြရင် ပြဿနာတွေဆိုတာဖြစ်လာတော့တာပါပဲ။ ပြဿနာတွေကြီးလာရင် ပဋိပက္ခ တွေပေါ်ပေါက်လာမှာပါပဲ။ အဲဒီအတွက် ပဋိပက္ခဆိုတာလူနဲ့ လူ့ပတ်ဝန်းကျင်ရှိနေသမျှ ရှိနေမှာပါ၊ အဲဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြဿနာရဲ့ အတိမ်အနက်ကို သိဖို့လိုအပ်ပါတယ်။ပြဿနာတစ်ခုရဲ့အတိမ်အနက်ကိုမသိဘဲ နားမလည်ဘဲနဲ့ ပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ပြဿနာဆိုတာ အကြောင်းရင်းခံအမျိုးမျိုးနဲ့ဖြစ်ပေါ်လာတတ်ပါတယ်။ပြဿနာတိုင်းမှာ(၁)ရည်ရွယ်ချက်မရှိပဲ(မထင်မှတ်သော အကြောင်းရင်းခံတစ်ခုကြောင့်)ဖြစ်ပေါ်လာသော ပြဿနာ (၂) ရည်ရွယ်ချက်တစ်ခုဖြင့် ဖြစ်ပေါ်လာသော ပြဿနာလို့ ခွဲခြားစဉ်းစား ရမှာဖြစ်ပါတယ်။အမှတ်(၂)အမျိုးအစားဖြစ်တဲ့ရည်ရွယ်ချက်တစ်ခုဖြင့်ဖြစ်ပေါ်လာသောပြဿနာများမှာ(က) လူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် (ခ) မိသားစုတစ်ခုကို ထိခိုက်နစ်နာစေ လိုသော ရည်ရွယ်ချက် (ဂ)လူ့အဖွဲ့အစည်းတစ်ခုကိုထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်(ဃ)ဒေသဆိုင်ရာတစ်ခု၊အခြေအနေတစ်ရပ်ကို ထိခိုက်စေလိုသော ရည်ရွယ်ချက်လို့ ထပ်မံခွဲခြား စဉ်းစားကြည့်ကြပါမယ်။



ယခုဖြစ်ပွားနေသောပြဿနာများမှာစတင်ဖြစ်ပွားစဉ်ကရည်ရွယ်ချက်မရှိဖြစ်ပွားတဲ့ပြဿနာများဖြစ်ပြီး ထိုသို့ဖြစ်ပြီးနောက်ပိုင်းမှာရည်ရွယ်ချက်ရှိရှိနဲ့ဆက်လက်ကြီးထွားလာစေတာကိုတွေ့မြင်နေရပါတယ်။ မိတ္ထီလာ ပြဿနာဟာ ရွှေဆိုင်မှာ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုဖြစ်တယ်။ သာမန်အားဖြင့် ဒီပြဿနာဟာရုံးရောက်၊ ဂါတ်ရောက်နဲ့ ပြီးဆုံးသွားမှာဖြစ်ပေမယ့် နောက်ကနေ ရည်ရွယ်ချက်တွေပါလာတာကိုမြင်ရပါတယ်။ အဲဒီရည် ရွယ်ချက်မှာ ဘာသာရေး၊ လူမျိုးရေး တံဆိပ်ကပ်မှုများနဲ့ ပဋိပက္ခကို အရှိန်ရစေခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များရဲ့ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကို အသုံးချသွားခဲ့နိုင်တာကို တွေ့မြင်ရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် လုံခြုံရေးထိန်းသိမ်းမှုအတွက် ရဲတပ်ဖွဲ့အင်အားမပြည့်စုံမှု၊ ရှိတဲ့ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံအားနည်းမှုတွေကိုအခွင့်ကောင်းယူပြီးရည်ရွယ်ချက်ကို ပြီးမြောက်အောင်ဆောင်ရွက်သွားခဲ့ကြတာပါ။ဥက္ကံပြဿနာမှာတော့အဘက်ဘက်ကစောင့်ကြည့်ဝေဖန်မှုတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တို့ရဲ့ကိုင်တွယ်မှုတိုးတက်လာတာတွေကြောင့်မိတ္ထီလာအရေးကိစ္စလောက်အထိမနာခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။



အခုလားရှိုးကိစ္စမှာ မူလမီးပွားဖြစ်တဲ့ မအေးအေးဝင်း ဓါတ်ဆီလောင်း မီးရှို့ခံရခြင်းဟာ လူမဆန်တဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီရည် ရွယ်ချက်ဟာ လူတစ်ဦးတစ်ယောက်ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒါကို အပြစ်ပေးအရေးယူဖို့ ဥပဒေတွေ ရှိပြီးသားပါ။ ပြစ်မှု ကျူးလွန်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးတရားရုံးကပြစ်မှုဆိုင်ရာဥပဒေများနဲ့စစ်ဆေးအရေးယူသွားရမှာဖြစ်ပါတယ်။အဲဒီလိုအခြေအနေမှာ မည်သူတစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ကမှကိုယ့်ကိုယ်ကိုယ်တရားကိုစောင့်ရှောက်သူများအဖြစ်နဲ့သတ်မှတ်ပြီး ကိုယ့်ဥပဒေကိုယ်သတ်မှတ်စီရင်စရာ အ ကြောင်းမရှိပါဘူး။ ဒီလုပ်ရပ်ဟာ အမှားတစ်ခုကို ပိုပြီး ကြီးမားတဲ့အမှားနဲ့ တုံ့ပြန်ခြင်းပါပဲ။ အဲဒီအမှားကြီးဟာ ဒေသဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုကို တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်။ ဒေသတစ်ခုမှာ မှီတင်းနေထိုင်ပြီး ကိုယ့်ဝမ်းစာကိုယ်ရှာစားနေကြရတဲ့နိုင်ငံသူနိုင်ငံသားတွေကိုစားကောင်းခြင်းမစားရအိပ်ကောင်းခြင်းမအိပ်ရ၊ အသက်မွေးဝမ်းကျောင်းအလုပ်ကိုတောင်ကျောလုံလုံနဲ့ မလုပ်ရဲမကိုင်ရဲတဲ့ ဘဝကိုရောက်စေခဲ့ သူတွေဟာ လူသတ်မှု မီးရှို့မှုတွေထက် ပိုမိုကြီးလေးတဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်အန္တရာယ်ပြုမှုကို ကျူး လွန်ခဲ့ကြတာဖြစ်တယ်လို့ စာရေးသူက စွဲချက် တင်ချင်ပါတယ်။



အဲဒီလူတွေရဲ့လုပ်ရပ်ဟာမြန်မာကို ကမ္ဘာမှာ သိမ်ငယ်စေပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ရင်းနှီးဖော်ရွေသူများ၊ ဧည့်ဝတ်ကျေပြွန်သူများ၊ စိတ် သဘောထားကောင်းမွန်သူများ၊ ယဉ်ကျေးသိမ်မွေ့သူများ ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ဒီလူတွေရဲ့ လုပ်ရပ်တွေကြောင့်အပိုင်းပိုင်းအစစကြေမွရတော့မှာလား။ဒီလိုသာရှေ့ ဆက်သွားနေရင်နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာရကြည်ရာမြက်နုရာသွားရောက်ရှာဖွေလုပ်ကိုင်စားသောက်နေ ရသူမြန်မာလူမျိုးတွေဟာတစ်ခြားတစ်ပါးသောနိုင်ငံသားတွေရှေ့မှာမြန်မာလူမျိုး၊မြန်မာနိုင်ငံသားပါလို့ ကိုယ့်ကိုကိုယ်မဖော်ပြရဲ၊ ခေါင်းမဖော် ရဲတဲ့ဘဝကို ရောက်ကြရတော့မယ်။ တစ်ဆိတ်ရှိ ဘာသာရေး၊ လူမျိုးရေးတွေ အရေခြုံပြီး အကြမ်းဖက်ကြတာတွေဟာအတိုင်းတိုင်းအပြည်ပြည်မှာရောက်ရှိနေကြတဲ့ကိုယ့်နိုင်ငံသားတွေရဲ့ မျက်နှာတွေကိုမထောက်ထားကြတော့ဘူးလားလို့ မေးချင်ပါတယ်။



အခုလိုလုပ်နေကြတာဟာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေကြပါသလဲ၊ လူ့အဖွဲ့အစည်းတစ်ခုကို ထိ ခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်နဲ့လုပ်နေကြတာလား၊ဒေသဆိုင်ရာတစ်ခု၊အခြေအနေတစ်ရပ်ကို ထိခိုက်စေလိုသောရည်ရွယ်ချက်နဲ့ လုပ်နေကြတာလားဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြား စုံစမ်းဖော်ထုတ်လို့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒေသဆိုင်ရာ တစ်ခု၊ အခြေအနေတစ်ရပ်ကို မတည်မငြိမ်ဖြစ်အောင်၊ ထိခိုက်အောင် ရည်ရွယ်ချက်တွေပါလာပြီဆိုရင် အဲဒီနောက်မှာ နိုင်ငံရေးမတည်ငြိမ်အောင် ဖန်တီးမှုတွေ ပါလာပါလိမ့်မယ်။



အသွင်ကူးပြောင်းဆဲနိုင်ငံများမှာနိုင်ငံရေးမတည်ငြိမ်အောင်ဖန်တီးတဲ့အကြောင်းတရား(၄)ခုရှိပါတယ်။ ပထမအကြောင်းတရားကတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို မယုံကြည်မှု၊ ယခင်ကြုံတွေ့ခဲ့ဘူးသော အတွေ့အကြုံများအရ မမျှတ၊ မမှန်ကန်သော တရားစီရင်ရေးကို မယုံကြည်မှုများ၊ အားကိုးအားထားမပြုနိုင်ဟု သတ်မှတ်ထားသော စိတ်အခံများကြောင့် နိုင်ငံရေးအသိအမြင်အားနည်းသော အရပ်သားများက မိမိတို့ ဘာသာ အကြမ်းဖက်မှုများကို ရည်ရွယ်ချက်မဲ့ ဖန်တီးမိခြင်းဖြစ်ပါတယ်။ ဒီအကြောင်းတရားကို ဖြေရှင်းနိုင်ဖို့ အတွက်ကတော့ နိုင်ငံသူနိုင်ငံသားတွေအကြား တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းလာအောင်နိုင်ငံတော်အဆင့် ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာအဆင့် ဘာသာရေးခေါင်းဆောင်များမှ ဦးဆောင်၍ အသိပညာပေးခြင်း၊ ဘာသာရေး၊ လူမျိုးရေးပြဿနာဖန်တီးသူများကိုဖော်ထုတ်၍ဥပဒေဖြင့်တိတိကျကျပြင်းပြင်းထန်ထန်အပြစ်ပေး အရေးယူခြင်းတို့ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။



ဒုတိယအကြောင်းကတော့ ဆန့်ကျင်ဖက် အတိုက်အခံအဖွဲ့အစည်းများ အာဏာရအစိုးရအား အကျပ် အတည်းဖြစ်စေဖို့ ရည်ရွယ်ဖန်တီးတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ အာဏာရအစိုးရနှင့်အတိုက်အခံများ ၏ ထိတွေ့ဆက်ဆံမှုများ၊ လားရာလမ်းကြောင်းများအရ မြန်မာနိုင်ငံမှာ အာဏာရအစိုးရကို အကျပ်အတည်း ဖြစ်စေဖို့ ဖန်တီးနိုင်စွမ်းရှိသော အတိုက်အခံ အဖွဲ့အစည်းမရှိသေးတာကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။



တတိယအကြောင်းတရားကတော့ အတိုက်အခံများကိုစွပ်စွဲဖို့၊ ဖိနှိပ်ချုပ်ချယ်ဖို့နဲ့နောက်ဆုံးမှာ အာဏာသိမ်းယူရန် အခြေအနေတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုလျောက်လှမ်းပြဖို့ ပြည်သူတွေရဲ့ ယုံကြည်မှုကို အပြင်းအထန် တည်ဆောက်နေတဲ့ အာဏာရအစိုးရဲ့ အား ထုတ်မှုများအရ ဒီအချက်လည်း ဖြစ်နိုင်ချေနည်းပါး ပါတယ်။ ဒီလမ်းကြောင်းကို လျောက်လှမ်းမယ်ဆိုရင် 'ထုတဲ့ ဥသျှစ်လဲကွဲ၊ ခံတဲ့ဥသျှစ်လည်းကြေ' ဆိုတာလို နှစ်ဦးနှစ်ဖက် ဘယ်ဖက်မှ အကျိုးမရှိတဲ့ လမ်းလို့ သုံးသပ်နိုင်ပါ တယ်။ စတုထ္ထနဲ့ နောက်ဆုံးအကြောင်း တရားကတော့ နိုင်ငံငယ်တစ်နိုင်ငံတွင် မိမိတို့ သြဇာ လွှမ်းမိုးလျက် မိမိတို့အကျိုးစီးပွားကို စိတ်တိုင်းကျ ဖန်တီးနိုင်သော အခြေအနေမှ မိမိတို့သြဇာလွှမ်းမိုးမှု လျော့ကျခြင်း၊ မိမိတို့ အကျိုးစီးပွားလျော့လဲလာခြင်းကို မလိုလားသော နိုင်ငံကြီးများမှ ထိုနိုင်ငံငယ်အတွင်း မတည်ငြိမ်မှုများကို ဖန်တီးစေခြင်းဆိုတဲ့ အကြောင်းတရားများဖြစ်ပါတယ်။ ဒီအချက်ကတော့ မိမိတို့အကျိုးစီးပွားကို ကာကွယ် လိုတဲ့နိုင်ငံကြီးတွေတိုင်းကကျင့်သုံးတတ်တဲ့သဘောတရားဖြစ်တဲ့အတွက်သတိကြီးစွာထားသင့်သော အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာများဟာ ဘယ်အခြေ အနေကို ရည်ညွှန်းနေသလဲဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုအပ်ပါ တယ်။

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ဒေသဆိုင်ရာတစ်ခုရဲ့အေးချမ်းရေးတည်ငြိမ်ရေးကိုထိန်း သိမ်းစောင့်ရှောက်ဖို့ကတော့အုပ်ချုပ်ရေးအာဏာပိုင်များရဲ့တာဝန်ဖြစ်တယ်ဆိုတာအငြင်းထွက် လို့မရပါဘူး။နိုင်ငံတစ်ခုမှာဒေသဆိုင်ရာများရဲ့လုံခြုံရေး၊ မြို့နေလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ဖို့ဆိုတဲ့အချက်တွေကိုကျေပြွန်စွာထမ်းဆောင်ရမှာဟာပြည်သူ့ရဲများရဲ့တာဝန်ဖြစ်ပြီး၊အဲဒီအတွက်လို အပ်ချက်တွေကိုဖြည့်ဆည်းပေးရမှာကဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီးတဲ့၊ ဖြစ်ပွား နေတဲ့၊ ဖြစ်ပွားလာနိုင်သေးတဲ့ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွက် 'ပြည်သူ့အတွက်ပြည်သူ့ရဲ' လို့ ကြွေးကြော်ထားကြတဲ့ အဖွဲ့အစည်းတစ်ခုမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးဆိုတာပါပဲ။ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာ ကြည့်ဖူး မြင်ဖူးခဲ့ရသလို ဇာတ်လိုက်က လူဆိုး တွေကို အလဲအကွဲထိုးကြိတ် နှိမ်နင်းပြီးမှ၊ ဒါမှမဟုတ်ဗီလိန်တွေရော၊ ဇာတ်လိုက် မင်းသားရော သကာနီးမှပြည်သူ့ရဲတွေရောက်လာတယ်ဆိုတဲ့ရိုက်ကွက်ပြကွက်တွေကို တကယ့်ပြင်ပလောကမှာမြင်နေတွေ့နေရတာကတော့အတော့်ကိုစိတ်မချမ်းမသာဖြစ်စရာကောင်းလှပါတယ်။

ကူညီပါရစေ (May I Help You) ဆိုတဲ့စာတမ်းတွေကလည်း အတော့်ကို အဓိပ္ပာယ်မဲ့နေခဲ့တာ ကြာပါပြီ။



ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ပြည်သူ့ရဲတပ်ဖွဲ့အကြီးအကဲတွေအနေနဲ့အဓိကရုဏ်းနျိမ်နင်းရေးအတွက် ကြိုတင်စီမံချက်တွေ၊ပဋိပက္ခဖြေရှင်းရေးအတွက်ကြိုတင်စီမံချက်တွေပြင်ဆင်ထားချက်တွေမရှိဘဲ မနိုင်မနင်းဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်ပြီးကာမှပြဿနာဖြစ်တိုင်းဖြစ်တိုင်းအကြောင်းပြနေကြခေါက်ရိုး ကျိုးစကားလုံးတွေနဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိတယ်ဆိုတဲ့မရေရာ၊မသေချာတဲ့အကြောင်းပြချက် တွေနဲ့ ကိုယ်တာဝန်ကိုယ် မကျေပြွန်မှုတွေကို မိုးကြိုးပစ်ရာ၊ ထန်းလက်နဲ့ ကာနေကြတာကတော့ မသင့်လျှော် ပါဘူး။ အဲဒီလိုဖြစ်ရပ်တွေဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကိုပြည်သူလူထုတွေရဲ့ မယုံမကြည် စိတ်တွေ၊ ယုံကြည်ကိုးစားမှု မထားလိုစိတ်တွေကို ကြီးထွားလာစေမှာဖြစ်ပြီး၊ သူက တုတ်ဆွဲလာရင် ငါက ဓားဆွဲမယ်ဆိုတဲ့ မင်းမဲ့စရိုက်တွေကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ အဲဒီလိုတွေသာဖြစ်လာမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာပြည်သူတွေအတွက်အိပ်ကောင်းခြင်းအိပ်ရမယ့်ညတွေရှိတော့မှာ မဟုတ်ပါဘူး။ ယခုဆိုရင် နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ အင်တာနက် သတင်းစာမျက်နှာတွေမှာ မြန်မာလူမျိုးတွေဟာ ကြမ်းတမ်းသော၊ရက်စက်ကြမ်းကြုတ်သော၊ရန်လိုသော၊ဘာသာရေးအစွန်းရောက်သော လူမျိုးများအဖြစ် ဖော် ပြခြင်းကိုခံနေရပါတယ်။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတော့မယ့်အချိန်၊ ကမ္ဘာ လှည့်ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာတော့မယ့် အချိန်မှာမှ ဒီလို ပြဿနာတွေ ပေါ်ပေါက်လာတာဟာ ကောင်းသော လက္ခဏာတစ်ခုမဟုတ်ဘူးဆိုတာကိုတာဝန်ရှိသူများကဆင်ခြင်မြင်သိစေချင်ပါတယ်။



ဒီဖြစ်ရပ်တွေဟာသာမန်ဖြစ်ရပ်တွေလား၊မြန်မာနိုင်ငံကိုအရင်ကလိုပဲနိုင်ငံတကာကရင်းနှီးမြုပ်နှံမှုတွေမလာချင်အောင် သို့မဟုတ်နှောင့်နှေးတုံ့ဆိုင်းအောင်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့လုပ်ရပ်တွေလားဆိုတာကိုဆင်ခြင်သုံးသပ်ပြီး အရေးတယူ ဆောင်ရွက်ကြစေချင်ပါတယ်။



အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို စာရေးသူအနေနဲ့သတိပေးတိုက်တွန်းချင်တာတစ်ခုရှိပါတယ်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်မှုဘာသာပေါင်းစုံနဲ့နိုင်ငံတစ်နိုင်ငံမှာပဋိပက္ခဆိုတာပေါ်ပေါက်တတ်စမြဲပါပဲ။ပြဿနာတစ်ခုဖြစ်တိုင်း၊ ပဋိပက္ခတွေပေါ်ပေါက်တိုင်းမှာနောက်ကွယ်ကကြိုးကိုင်မှုတွေရှိနေတယ်ဆိုတဲ့ဆင်ခြေပြစကားတွေ တွင်တွင်သုံးနေကြမယ့်အစားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုစောင့်ရှောက်ကာ ကွယ်မှုအပြည့်အဝပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ကွယ်က ကြိုးကိုင်မှုတွေ၊ ရှေ့ကနေ ကြိုးဆွဲမှုတွေ ဘာတွေရှိရှိ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ထမင်းရည်ပူလာလျှာလွှဲ စကားတွေ ပြောမနေသင့်ပါဘူး။ နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရဆိုတာဟာ ပြည်သူတွေက (၅)နှစ်တစ်ခါ အလုပ်မရှိအလုပ်ရှာပြီး သတ် မှတ်ခန့်အပ်ပေးထားတာမဟုတ်ပါဘူး။ 

နိုင်ငံသူနိုင်ငံသားတွေစိုးရိမ်ကြောင့်ကြဗျာပါဒတွေကင်းစွာနဲ့ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး၊ ကိုယ့်အလုပ်ကို ကိုယ် နောက်ကျောလုံလုံနဲ့ စိတ်ချလက်ချလုပ်နိုင်ကိုင်နိုင်အောင်စောင့်ရှောက်ကာကွယ်ပေးဖို့အစိုးရအဖွဲ့ ဆိုတာကို ရွေးကောက်တင်မြှောက်ထားကြတာဖြစ်ပါကြောင်းသတိချပ်ကြပြီး၊ပြည်သူတွေရဲ့ဘဝတွေအေးချမ်းလုံခြုံမှုကို

အပြည့်အဝ တာဝန်ယူနိုင်ကြစေချင်ပါတယ်ဗျာ။

ထင်လင်းဦး(Wisdom Villa)