Tuesday, October 15, 2013

ဂျပန် ပြန်လာပြီ

Written by  ဇေယျသူ


ဂျပန် ရေတပ်သင်္ဘော သုံးစင်းသည် မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ကမ်းကပ်ကာ လုံခြုံရေးတွင်ပါ ပူးပေါင်း ဆောင်ရွက်ရန် ခြေလှမ်းလှမ်းသဖြင့် ၂၀၁၁ နောက်ပိုင်း မြန်ဆန်စွာ တိုးတက်လာသော ဂျပန်-မြန်မာ ဆက်ဆံရေး အရှိန်မြင့်သထက် မြင့်တက်လာခြင်း ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံ ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ သမုဒ္ဒရာအကြား ခြားထားသည့်နိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်၏ ထွက်ပေါက်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသို့ ဂျပန် ရေတပ်သင်္ဘောများ လာရောက် ဆိုက်ကပ်ခြင်းသည် အိန္ဒိယ သမုဒ္ဒရာတွင်း ပျံ့နှံ့လာသော တရုတ်သြဇာကို ထိန်းလိုသည့် ဂျပန့် အိန္ဒိယသမုဒ္ဒရာ ဗျူဟာ၏ အစိတ်အပိုင်း ဖြစ်သည်ဟု ယူဆရသည်။ နှစ်နိုင်ငံ ရေတပ် ပူးတွဲ မလေ့ကျင့်သေးသော်လည်း နောင်တွင် ရေတပ်ချင်း ပူးပေါင်း လေ့ကျင့်ရန် နှစ်ဖက်စလုံးက လိုလားသည်ဟု ဧည့်သည်တော် ဂျပန်ရေတပ် ဗိုလ်ချုပ်ကြီးက ဖွင့်ဟပြောဆိုသည်။

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး အာရှ၏ အကြီးဆုံးသော စီးပွားရေး နိုင်ငံများ၏ ကုန်သွယ် လမ်းကြောင်းများကို ပိုင်ဆိုင်ထားသည့် အိန္ဒိယ သမုဒ္ဒရာ၏ အခန်းကဏ္ဍသည် အာရှဒေသ၏ အရေးပါမှု ကမ္ဘာပေါ်တွင် တိုးတက်လာသည်နှင့်အမျှ ကျွဲကူးရေပါ လိုက်လံ မြင့်တက်လာသည်။ တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားများကို မြှင့်တင်မည်ဟု မကြာသေးမီကမှ ကြေညာလိုက်သည်။ အာရှတွင်း ပြိုင်ဘက်ကြီးများ ဖြစ်ပြီး သမိုင်းကြောင်း ရှိခဲ့သည့် တရုတ်နှင့် ဂျပန် တင်းမာမှုသည် ယခုနှစ်ပိုင်းတွင် အရှိန်မြင့်လာသည်။ ဒုတိယကမ္ဘာစစ်တွင်း သမိုင်းကြောင်းများကြောင့် ယခင်သိမ်းပိုက်ခံ အာရှနိုင်ငံများက စိုးရိမ်ကြမည် စိုး သောကြောင့် ဂျပန်တပ်မတော်သည် ပြင်ပသို့ ထွက်လှုပ်ရှားလေ့ မရှိသော်လည်း မကြာသေးမီ နှစ်များအတွင်း ဂျပန်တပ်မတော်၏ အခန်းကဏ္ဍသည် ပြင်ပသို့ ဦးတည်လာသည်။ ‘အမေရိကန် အာရှဒေသသို့ ပြန်လည် ဝင်ရောက်ခြင်း မူဝါဒ’ Asia Pivot တွင်လည်း ဂျပန်သည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပါဝင်လာသည်။

ဂျပန်ရေတပ် သင်္ဘောများ ဆိုက်ကပ်သည့် နေရာသည် သီလဝါ ဆိပ်ကမ်းတွင် ဖြစ်ပြီး ထိုဆိပ်ကမ်း အနီးတွင်ပင် ဂျပန်သည် မြန်မာနိုင်ငံတွင် ရည်ရွယ်ထားသည့် စီးပွားရေး ဇုန်များအနက် အလားအလာ အကောင်းဆုံး ဖြစ်သည့် သီလဝါ စီးပွားရေးဇုန်ကို ဖော်ထုတ်မည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် ဆယ်စုနှစ် နှစ်စုကြာ စီးပွားရေး တုံ့ဆိုင်းမှုကို ကျော်လွှားရန် စီးပွားရေး အကြောဆေး ထိုးသွင်း (Economic Stimulus) ရန် ကြိုးစားနေသည်။ သို့သော် ဂျပန်ယန်းဈေးမှာ မာနေသေးသည့်အတွက် ဂျပန်ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံပြီး ထွက်ရှိလာသော ကုန်ပစ္စည်းများသည် ဈေးချိုမည် မဟုတ်သဖြင့် ဂျပန်၏ အစဉ်အလာ နောက်ဖေးခြံဝင်း ဖြစ်သည့် အရှေ့တောင် အာရှတွင် ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံခြင်းဖြင့်သာ ဂျပန့်စီးပွား ပြန်တက်ရန် အလားအလာ ရှိသည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသော ဈေးကွက်ကြီး ဖြစ်သည့် မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်သည့် လောက်လောက်လားလား ဈေးကွက် ဖြစ်သလို လုပ်သားအင်အား ပေါများခြင်း၊ လုပ်အားခ ဈေးချိုခြင်းစသည့် ခွန်အားများ ရှိသဖြင့် မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း ထုတ်လုပ်ပြီး မြန်မာနှင့် ဂျပန်မှအပ အခြားတတိယ နိုင်ငံများသို့ ရောင်းချနိုင်သော အလားအလာလည်း ကောင်းမွန် သည်။ ဂျပန်တွင် ဒုတိယအကြီးဆုံး Nissan ကားကုမ္ပဏီ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံကာ ကားစက်ရုံ တည်ထောင်မည် ဆိုခြင်းသည် ဂျပန်ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံတွင်း ဝင်လာခြင်း၏ သာဓက ဖြစ်သည်။

ဂျပန်သည် မြန်မာနိုင်ငံကို သံယောဇဉ် ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန် အသိမ်းခံရသော နိုင်ငံချင်းတူတူ အခြားအာရှ နိုင်ငံများကဲ့သို့ အခွင့်အခါကြုံတိုင်း ထုတ်ဖော်ခြင်း မဟုတ်ဘဲ မြန်မာကမူ မေ့မေ့ပျောက်ပျောက် ဆက်ဆံသည်ကို ဂျပန်တို့ကလည်း သတိထားမိသည်။ ဂျပန် တော်လှန်ရေး အတွင်းကပင် တကွဲတပြား ထွက်ပြေးသော ဂျပန်တို့ကို မြန်မာ ရွာသူရွာသားတို့က ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ကို အမှတ်တရ ရှိကြပြီး ထိုဇာတ်လမ်း၊ မှတ်ဉာဏ်တို့ကို သားစဉ်မြေးဆက် လက်ဆင့် ကမ်းကြသည်။ မြန်မာ တံခါးအဖွင့်တွင် ဂျပန်တို့၏ မြန်မာအပေါ် သံယောဇဉ် ကျန်ရစ်နေဆဲ ဖြစ်ခြင်းက မြန်မာနိုင်ငံအတွက် လက်ဆောင်မွန်ပင်။

ဂျပန် ထုတ်ကုန်များသည် နာမည်ကောင်း ရထားပြီးJapan Brand သည် ယုံကြည်ရသည်ဟု တစ်ကမ္ဘာလုံးက စိတ်ချထားသည်။ ဂျပန်သည် ကောက်ရိုးမီးမဟုတ်၊ ဆူလွယ်နပ်လွယ် ခူးခပ်စားပြီး နောက်တစ်နေရာ ကူးတတ်သည့် အလေ့မရှိ။ သူဝင်သည့် နိုင်ငံကို အခြေခံကောင်းများ တည်ဆောက် ပေးသည့်အတွက် ရေရှည် ဒိုးတူပေါင်ဖက် အတူတွဲပြီး နှစ်ဖက်စလုံး အကျိုးရှိ Win-Win ဖြစ်အောင် ကြိုးစားသည်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့သည် ဂျပန် ဝင်လာခြင်းဖြင့် ပို့ကုန်များစွာ တင်ပို့နိုင်ပြီး ဖွံ့ဖြိုးမှု လှေကားကို မြန်ဆန်စွာ တက်နိုင်ခဲ့ကြသည်။ ဂျပန် ကုမ္ပဏီများသည် တာဝန်ယူတတ်သည့် ကုမ္ပဏီများ ဖြစ်သည့်အတွက် မြန်မာ့ရေမြေအတွက် အဆင်ပြေလိမ့်မည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး စက်မှုဇုန် ဖြစ်လာမည့် ထားဝယ် ဆိပ်ကမ်း စီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်း နောက်ဆုတ် သွားပြီးသည့် နောက်ပိုင်း ဂျပန်ကို ပါဝင်ရန် မြန်မာရော ထိုင်းနိုင်ငံ နှစ်ခုလုံးက စည်းရုံးနေကြသည်။ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်တို့ နှစ်ဦးလုံးသည် မည်သည့် ထိပ်သီးစည်းဝေးပွဲတွင် ဂျပန် ဝန်ကြီးချုပ်ကို တွေ့တွေ့ ထားဝယ်ကိစ္စကို အဓိက တွန်းနေပုံပေါ်သည်။ ထားဝယ် စီမံကိန်းကို ဂျပန် အကြိုက်တွေ့နိုင်မည့်၊ ဂျပန်နှင့် ကိုက်ညီသည့် ပုံစံမျိုး ပြန်လည် ဖော်ဆောင်ခြင်းဖြင့် အကျိုးရှိနိုင်မည်ဟု မြန်မာအစိုးရက စဉ်းစားသည်။ ဂျပန်သည် ထားဝယ်သို့ ဝင်ရောက်ရန် ချိန်ဆနေသေးသော်လည်း အချက်အချာ နေရာကောင်း ထားဝယ်သည် ဂျပန်အတွက် ‘ပစ်ရမည်မှာ အဆီနှင့် တဝင်းဝင်း’ ဖြစ်လိမ့်မည်။

ယခုအချိန်တွင် ဂျပန်သည် မြန်မာနိုင်ငံကို နယ်ပယ်စုံ၊ နေရာစုံတွင် ကူညီပံ့ပိုးနေသည်။ ငြိမ်းချမ်းရေး ကဏ္ဍတွင် ဂျပန်မှ ဆာဆာကာဝါ ဖောင်ဒေးရှင်း ပါဝင်လှုပ်ရှားသည်။ ရန်ကုန်မြို့တော်ကို အဆင့်မြင့် မြို့တော် ဖြစ်အောင် စီမံရာတွင် ဂျပန့် အကြံဉာဏ်ကို ရယူနေသည်။ ဂျပန်သည် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ ဘီလီယံပေါင်း များစွာကို ရက်ရက်ရောရော လျှော်ပစ်လိုက်ပြီး ကြွေးအများဆုံး မြန်မာနိုင်ငံကို ကြွေးလျှော်ပေးသော နိုင်ငံဖြစ်လာသည်။ ကမ္ဘာ့ဘဏ်မှ အကြွေး ထပ်ယူနိုင်ရန် လက်ရှိ တင်ရှိနေသော အကြွေးကို သတ်မှတ်ပမာဏ တစ်ခုထိ လျှော့ချနိုင်မှသာ ဖြစ်သောကြောင့် ဂျပန်က အကြွေးကို စိုက်ဆပ်ပေး (Bridge Loan) သဖြင့် အကြွေး ထပ်ရသည်။ ရှယ်ယာ အများဆုံး ထည့်ဝင်ထားသော နှစ်နိုင်ငံအနက် ဂျပန်က တစ်နိုင်ငံဖြစ်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) ကလည်း မြန်မာနိုင်ငံတွင်း စီမံကိန်းများကို ပြန်လည် ကူညီ ထောက်ပံ့နေသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင်၊ ပညာရေးတွင် စသည် စသည်ဖြင့် ကဏ္ဍစုံ၊ နည်းလမ်း မျိုးစုံတို့ဖြင့် အကြံဉာဏ်အားဖြင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံခြင်းဖြင့် လည်းကောင်း၊ ငွေကြေး ထောက်ပံ့ခြင်း ထုတ်ချေးခြင်းဖြင့် လည်းကောင်း ပါဝင်ကူညီ ပတ်သက်နေကြသည်။ ဂျပန် ပညာရှင်များတွင် လေသံကြားနှင့် ဖမ်းတရားနာသည့် ခါတော်မီ မြန်မာ့ ရေးရာ ပညာရှင်များ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ဝင်ထွက် လေ့လာထားသည့် တကယ့် မြန်မာ့ရေးရာ ပညာရှင်များ ပါဝင်သည်။

အာရှ စီးပွားရေးအင်အားကြီး၊ စိတ်ချ ယုံကြည်ရသည့် ကုန်အမှတ် တံဆိပ်များ ပိုင်ဆိုင်ထားသူ၊ နည်းပညာထိပ်တန်း၊ နှုတ်သာမက လက်ဖြင့်ပါ စောင်မသည့် ဂျပန်ကဲ့သို့ မိတ်ဆွေဟောင်း နိုင်ငံမျိုးနှင့် ပြန်လည် ပေါင်းထုပ်ခြင်းမှာ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ချိန်တွင် တိုင်းပြီးရက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့် ဖြစ်သည်။ မြန်မာရော ဂျပန်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဉဏ်ကြီးကြီးဖြင့် စီမံသွားကြရန်သာ လိုသည်။