Monday, October 27, 2014

PR စနစ်ဘာကြောင့်ကျင့်သုံးချင်ရတာလဲ

လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခိုင်နှုန်းကျော် ရခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၉၀ ရာခိုင်နှုန်းကျော် နိုင်ခဲ့တာပါ။ အခုထိလည်း လူထုထောက်ခံမှု ကျတယ်ဆိုတဲ့ ဝေဖန်သံ ဘယ်လောက်ရှိရှိ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်တဲ့ ပမာဏဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းအထက် နိုင်မယ်ဆိုတာ အစိုးရဘက်က အဓိကခန့်မှန်းပါတယ်။ ဒါ့ကြောင့်လည်း အမျိုးမျိုး လှည့်ပတ်ညစ်နေတာပါ။ ဒီမှာ အစိုးရက ဘာလို့ PR ကို တအော်အော်ဖြစ်နေသလည်းဆိုတော့ သူတို့မှာ အစိတ်သားလက်နက်ရှိပါတယ်။ လာမဲ့ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီဖြစ်တာရော၊ တိုင်းပြည်ဘတ်ဂျတ်ကို မဲဆွယ်ရာမှာ သုံးနိုင်တာရော(ဦးအုန်းမြင့်၊ ဦးကျော်ဆန်းတို့က ဘတ်ဂျတ်နဲ့ မဲဆွယ်နေတာကို မြင်ကြည့်ပါ) မဲခိုးဖို့အတွက် အဆင်သင့်ဖြစ်နေတာရော(သန်းခေါင်စာရင်းမှာ ၂၀၀၈ မဲပေးသူထက် ၆ သန်းလျော့နေတာနဲ့ ခန့်မှန်း သန်း ၆၀ က ၉ သန်းခိုးထားတာ သတိပြုပါ) ကြောင့် အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် နိုင်နိုင်ပါတယ်။ ဒီတော့ သူတို့ကို ထောက်ခံတဲ့ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအောင်ဇင်လိုမျိုး NDF တို့လို ပါတီမျိုး၊ ပါတီပေါင်း ၆၇ ခုလောက်က အင်အားနည်းတိုင်းရင်းသားပါတီတွေကို ဒုဝန်ကြီးအဆင့်ပေးမယ်ဆိုတာမျိုး ကမ်းလှမ်းပြီး မဟာမိတ်ဖွဲ့မယ်ဆိုရင် မူရင်း တပ်မတော်အစိတ်သားနဲ့ ပြည်ခိုင်ဖြိုး ၂၀ သား၊ အစိုးရဖွဲ့ဖို့ လိုတဲ့ ၆ ရာခိုင်နှုန်းအတွက် ပါတီငယ်တွေက ဆက်ရပြီး လာမည့် ၂၀၁၅ သမ္မတဟာ စစ်မျိုးဆက် အောင်ပွဲဆက်ခံတဲ့ မြန်မာနိုင်ငံစစ်ကျွန်ဘ၀က မလွတ်မြောက်တဲ့ နိုင်ငံတစ်နိုင်ငံဆက်ဖြစ်သွားစေပါလိမ့်မယ်။ ဒီတော့ အလွယ်ပြောရရင် PR က အစိုးရအတွက် အလွယ်တကူအသာရနိုင်လို့ အစိုးရက PR ချင်နေတာပါ။

ဒီမှာ ၂၀၁၅ မဲဆွယ်ကာလမရောက်ခင် ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်ရင်
တပ်မတော် ထောက်လှမ်းရေးဟောင်းတွေ ပြန်လွတ်လာပါတယ်။ ဦးခင်ညွန့်ကို လာမည့် ရွေးကောက်ပွဲမှာ ပြန်သုံးမဲ့ အလားအလာတွေ မြင်နေရပါတယ်။
သတင်းထောက်တွေကို ထောင်ချတယ်၊ သတ်တယ်။ ဒါကဘာလည်းဆိုတော့ သူတို့မဲခိုး မဲလိမ်တာမျိုးကို ရဲရဲဝံ့ဝံ့မတင်ပြရဲအောင် ချိုးနှိမ်ထားတာပါ။
၈၈ နဲ့ NLD ဟာ လိုအပ်တာထက် အရောင်အဆင်းလျော့နေပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက လူမျိုးရေး၊ ဘာသာရေးသုံးပြီး မဲဆွယ်တာကို ၂၀၁၅ ရွေးကောက်ပွဲမှာ လုပ်နိုင်တယ်ပြောလိုက်ပါတယ်။ ဒါက ကုလား-ဗမာ အဓိကရုဏ်းတွေပြန်ဖြစ်ဖို့ တပ်လှန့်သံပါ။ မကြာခင် ကျွန်တော်တို့ လူသတ်ပွဲတွေ ပြန်ရှု့စားရပါမယ်။ ဒီလို ဦးတင်အေး ပြောကြားချက်က ၂၀၀၈ခြေဥနဲ့လည်း လုံးဝဆန့်ကျင်နေပါတယ်(PR ကလည်း ထို့နည်းတူ ၂၀၀၈ ခြေဥနဲ့ ဆန့်ကျင်နေပါတယ်) ၂၀၀၈ ခြေဥနဲ့ ဘောင်းဘီချွတ်ပြီး သမ္မတဖြစ်လာသူတွေက သူတို့ လုပ်ချင်ရင် ခြေဥနဲ့ ထောက်ပြ၊ သူတို့ မလုပ်ချင်လည်း ခြေဥနဲ့ ထောက်ပြနေပြီး ဒီခြေဥနဲ့ မကိုက်တဲ့ PR ကို အသေအလဲလုပ်ချင်နေတာလည်း ထပ်တွေးကြည့်ပါ။ အထက်မှာ ဆိုခဲ့သလို PR က အစိုးရ အသာစီးလက်နက်ဖြစ်နေလို့ သူတို့ လုပ်ချင်နေတာပါ။ နောက်ပြီး PR စတင်ချိန်မှာ အစိတ်သားက ကန့်ကွက်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ အစိတ်သားက PR ကြောင့် လွင့်သွားမှာ စိုးလို့ပါ။ အခုတော့ သူတို့ကို ဘေးဖယ်ပြီး ကျန် ၇၅ ကျပ်သားမှာပဲ PR မယ်ဆိုတော့ ပြန်ငြိမ်သွားပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ) သမ္မတနဲ့ တွေ့ပါတယ်။ တွေ့ပြီး သိန်း ၅၀၀ ယူပါတယ်။ ယူပြီးနောက်မှာ ဝေဖန်သံတွေနဲ့ ရပ်တည်မှု ထိခိုက်ပါတယ်။ အခု ကာချုပ်နဲ့ တွေ့ပါတယ်။ မတွေ့ခင်မှာ သတင်းထောက် တစ်ယောက်ကို တပ်မတော်က ဖမ်းထားကြောင်း အသံထွက်ထားပါတယ်။ နည်းနည်းစွာတဲ့ လူငယ်သတင်းထောက်တွေစုဝေးရာ MJN ကို ပြန်ဝံလာပါတယ်။ နောက်ရက်မှာ ဒီသတင်းကို တပ်မတော်က PC ကို ပို့ပါတယ်။ ဒါကို PC က မထုတ်ပြန်ဘဲ PC အတွင်းရေးမှူး ကိုကျော်မင်းဆွေရဲ့ Voice မှာပဲ မျက်နှာဖုံးကနေ ထုတ်ပြန်ချက်အတိုင်းပါလာပါတယ်။ သတင်းထောက်တစ်ယောက်အမြင်နဲ့ သုံးသပ်ရရင် အဲ့ဒီသတင်းက မမှန်တဲ့ Bias တွေနဲ့ပါ။ ဆိုလိုချင်တာက ၂၀၁၅ ရွေးကောက်ပွဲအတွက် မီဒီယာသမားတွေကို ကြည့်ပေးဖို့ တာဝန်ရှိတဲ့ PC ဟာ ရပ်တည်ချက် မမှန်ဘူးလို့ ပြောချင်တာပါ။

ကြားဖြတ်အစိုးရတင်မြောက်တဲ့ ကိုထင်ကျော့်ကို ထောင် ၁၂ ချပါတယ်။ သတင်းဖော်ပြတဲ့ မွန်းတည့်နေကို ထောင် ၂ နှစ်စီ ချပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သမ္မတစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာဖို့ စက္ကူမှာတောင် ငါတို့ အတင်မခံဘူးဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

ဆိုရရင် တိုင်းပြည်အခြေအနေက အဆိုးဘက်မှာပါ။ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲဖြစ်မလာဘူးဆိုရင် ဘာဖြစ်မလည်းဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အစိုးရလက်အောက်ကို ၂ နှစ်အထိ အလိုအလျောက် ပြန်ရောက်သွားပါ့မယ်။ ပြောရမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေနဲ့ ကျွန်တော်တို့အတွက် ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ်လည်း တုတ် ပါ။

ဒီအပေါ်မှာ ကျွန်တော်တို့ ဘယ်ဂိမ်းနဲ့ ဆော့မလည်း တစ်ချက် အကြံပြုကြည့်ပါ မိတ်ဆွေ။

ဖြိုးေ၀၀င်း (ခေတ္တ-လူ့ပြည်သတင်းထောက်)