Sunday, October 24, 2021

ခေါင်းဆောင်ကောင်း တယောက်ဆိုတာ

တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ပါဘူး။ အထက်လူကြီး၊ ဝါရင့်သမားတွေ များကောင်းများနိုင်ပေမယ့် အတွေ့အကြုံများတိုင်း၊ တော်တိုင်း တတ်တိုင်း၊ အာဏာပိုကြီးတိုင်း ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို မပိုင်ဆိုင်နိုင်ပါဘူး။ ခေါင်းဆောင်ဆိုတာက စစ်မှန်တဲ့ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့ အရယူရတာ ဖြစ်ပါတယ်။ တကယ်လို့များ လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင် တစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားရသလို ခေါင်းဆောင် ဆိုတာက တန်ဖိုးသိပ်ကြီးပါတယ်။

ကျွန်တော်တို့ လူငယ်တွေဆီမှာလည်း ကိုယ်ကျရာနေရာ ကဏ္ဍစီမှာ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားကြဖို့ သဘာဝပေးတာဝန် ရှိပါတယ်။ အဲလို တန်ဖိုးကြီးမားလှတဲ့ ခေါင်းဆာင်တစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲဆိုတာကိုတော့ တကယ်တမ်း ကျွန်တော်တို့တွေ သိထားကြပြီးသားပါပဲ။ တကယ့်ကို ရိုးရှင်းလွန်းတဲ့ အချက်လေးတွေပါ။ ရိုးရှင်းပေမယ့် တကယ်လုပ်ဖို့ ခက်ခဲတာလေးတွေပေါ့။ ကဲ… ကိုယ်နဲ့ ဘယ်နှစ်ချက်လောက် ကိုက်ညီလဲ၊ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ ကိုယ် နီးစပ်နေပြီလားဆိုတာကို ကြည့်ကြည့်လိုက်ပါဦးနော်။

၁။ ရိုးသားဖြောင့်မတ်မှု

ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့အတွက် ရိုးသားဖြောင့်မတ်ခြင်း ဆိုတာ အရမ်းကို အရေးကြီးတဲ့ အရာပါ။ ကျွန်တော်တို့တွေ အားလုံး ရိုးသားမှု ဆိုတာကို တခြားသူဆီကနေ လိုလားတတ်ကြပေမယ့် ကိုယ်တိုင်ကတော့ မရိုးသားနိုင်ကြတဲ့အချိန်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ဘဝရဲ့ ပြင်းထန်တဲ့ စမ်းသပ်ချက်တွေ ကြုံလာရတဲ့အခါမှာ ကောင်းပါတယ်ဆိုတဲ့ သူတွေတောင်မှ မရှုမလှ ကျရှုံးရတာတွေ အများကြီးပါ။ ဒါပေမယ့် ခေါင်းဆောင် တစ်ယောက်ဆိုတာကတော့ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ရိုးသား ဖြောင့်မတ်စွာနဲ့ ရပ်တည်တတ်တာ ဘာနဲ့မှ လဲလို့မရနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခု ဖြစ်ပါတယ်။

၂။ ယုံကြည်မှု

တကယ်ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ကတော့ ယုံကြည်မှုဆိုတာကို ဘယ်တော့မှ ပေါ့သေးသေး မတွေးပါဘူး။ ဘာလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အဝရှိတယ်၊ ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားတယ်။ ဒါကြောင့်လည်း သူတို့က အမြဲ တောက်ပနေတာပေါ့။ ကိုယ်တိုင်ကလည်း အသေးအမွှား ကိစ္စလေးတွေ ကအစ ယုံကြည်ထိုက်အောင် နေတယ်။ ကိစ္စသေးသေးလေးတွေ မှာတောင်မှ မယုံကြည်ရရင် ကိစ္စကြီးတွေမှာ ဘယ်လိုများ ယုံကြည်ကြတော့မလဲ။ ပြီးတော့ အများရဲ့ ယုံကြည်မှုကိုလည်း ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကြိုးစားမှုတွေနဲ့ အရယူတတ်သလို အဲဒီယုံကြည်မှုတွေနဲ့ ထိုက်တန်တဲ့ လူတစ်ယောက် ဖြစ်အောင်လည်း အမြဲ ကြိုးစားနေတတ်တာပါ။ ဒါကြောင့်မို့လည်း ခေါင်းဆောင်တစ်ယောက်ကို သူ့လက်အောက် လူတွေက ဘယ်သူတွေ ဘာပြောပြော ခိုင်ခိုင်မာမာ ယုံကြည်ကြတာပေါ့။ သူဘယ်လို လူမျိုးလဲဆိုတာ လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ကောင်းကောင်း သက်သေထူခဲ့လို့လေ။

၃။ တာဝန်ယူစိတ်ရှိတယ်

လုပ်ငန်းခွင်တွေမှာ တာဝန်ယူစိတ် မရှိတဲ့ အထက်လူကြီးတွေ အများကြီး ရှိကြပါတယ်။ ချီးကျူးခံရမယ့် ဟာမျိုးဆို ကိုယ်အကုန်လုပ်ထားတာ ဆိုပြီး ကပ်ဖားတယ်၊ နာမည်ယူတယ်၊ အပြစ်ဆိုစရာဆို အကုန်လုံး လက်အောက်က လူတွေဆီ ပုံချတယ်။ ဒါပေမယ့် ခေါင်းဆောင် ဆိုသူကတော့ မျှမျှတတနဲ့ ချီးကျူးစရာ ရှိရင် ချီးကျူးထိုက်သူကို ချီးကျူးတယ်၊ အပြစ်တစ်စုံတစ်ရာဆိုရင် ခေါင်းဆောင်တစ်ယောက် အနေနဲ့ တာဝန်ယူတဲ့အပြင် အပြစ်တင် ဆဲဆိုတာမျိုးထက် သေချာ နည်းလမ်းတကျနဲ့ သတိပေးတယ်၊ လမ်းညွှန်ပြသပေးတယ်၊ သင်ကြားပေးတယ်။ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေထဲမှာ ကိုယ့်လူအတွက်၊ ကိုယ့်တာဝန် ဝတ္တရားအတွက် ဘယ်လိုအခြေအနေမှာ မဆို တာဝန်ယူစိတ် အပြည့်နဲ့ ရပ်တည်နိုင်ခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

၄။ ပူးပေါင်းဆောင်ရွက်မှု

အဖွဲ့တော်တော်များများ ကျရှုံးရခြင်း အကြောင်းက ပူးပေါင်းဆောင်ရွက်မှု မရှိကြလို့ပါပဲ။ အထက်လူကြီး ဆိုသည်မှာလည်း ရာထူး အာဏာမာန်နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ဖြူသလား၊ မဲသလားတောင် သိတာ မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်တော်တို့တွေ တော်တော်များများက ကိုယ်နာမည်ရဖို့၊ ချီးကျူးခံရဖို့ကို ဂရုစိုက်ကြတာ များတယ်။ ပူးပေါင်းဆောင်ရွက်မှု နည်းတယ်၊ တခြားသူ ကိုယ့်ထက်တော်ရင် မနာလိုဖြစ်တယ်။ ဒီလို စိတ်တွေကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ သိပ်ကို ခက်ခဲနေရတာပါ။ ခေါင်းဆောင် တစ်ယောက်ကတော့ သူကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သလို အဖွဲ့သားတွေကိုလည်း စည်းလုံး ညီညွတ်အောင် လှုံ့ဆော် လွှမ်းမိုးနိုင်သူ ဖြစ်ပါတယ်။

၅။ စီမံခန့်ခွဲမှု

အဖွဲ့တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်တည်း ကွက်တော်နေလို့ မရပါဘူး။ အားလုံးမှာ ကိုယ်ပိုင် အရည်အချင်း ရှိကြသလို သူ့အရည်အချင်းအလိုက် သင့်တော်တဲ့ နေရာမှာ သင့်တော်သလို နေရာချထားတတ်ဖို့လည်း လိုပါတယ်။ ဒါမှပဲ အဖွဲ့သားတွေလည်း ကိုယ်ကျရာ နေရာမှာ အကောင်းဆုံး ကြိုးစားရင်း အဖွဲ့က အချိတ်အဆက် မိမိနဲ့ တိုးတက်နိုင်မှာပါ။ တကယ် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဆိုတာက သူတစ်ယောက်တည်း တော်ဖို့၊ တတ်ဖို့၊ နာမည်ယူဖို့ စဉ်းစားတာမျိုး မဟုတ်ပါဘူး။ အဖွဲ့သားတွေနဲ့အတူ သူတို့ကိုယ်တိုင်အပြင် အဖွဲ့ကို တိုးတက်အောင် စီမံရင်း အကောင်းဆုံး အဖွဲ့တစ်ခု တည်ဆောက်နိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

၆။ စံပြ

မိသားစု တစ်ခုမှာလည်း မိဘတွေက သားသမီးတွေရဲ့ စံနမူနာ ယူရာ ဖြစ်သလို အကြီးတွေက အငယ်တွေရဲ့ စံထားရာ ဖြစ်ပါတယ်။ အလားတူပါပဲ ခေါင်းဆောင်တစ်ယောက်ဆိုတာ လက်အောက်ဝန်ထမ်းတွေရဲ့ စံနမူနာထားရာ တစ်ခုပါ။ ခေါင်းဆောင် အကျင့်ပျက်ရင် တခြားသူတွေလည်း စည်းကမ်းဆိုတာကို အလေးထားတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ တခြားသူတွေအတွက် စံပြ ဖြစ်နေဖို့ လိုပါတယ်။ ဒီလိုဆိုပြီး နေရာတကာ တော်နေရမယ်၊ တတ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ အရာ၊ လုပ်သင့်လုပ်ထိုက်တဲ့ အရာကို ရှေ့ကနေ ဦးဆောင်လုပ်ပြသွားဖို့ကို ပြောတာပါ။ စည်းကမ်းကို လေးစားတဲ့ ခေါင်းဆောင်တစ်ယောက် ရှေ့မှာ ဘယ်သူကများ စည်းကမ်းကို ပေါ့သေးသေး ယူဆရဲပါ့မလဲ။

၇။ ဆက်ဆံရေး ကောင်းမွန်သူ

ဆက်ဆံရေး ကောင်းမွန်သူ ဆိုလို့ မိုးထိုးနေအောင် အပြောအဆို တော်ကီတွေ ကျွမ်းနေမှ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်နိုင်မယ်လို့ မထင်လိုက်ပါနဲ့။ အပြောအဆို ရူးခါနေလောက်အောင် ကျွမ်းကျင်ပေမယ့် ခေါင်းဆောင် မပီသသူတွေ အများကြီးပါ။ တကယ်အရေးကြီးတာက ပြောသင့်တဲ့ အရာတွေကို သူ့နေရာနဲ့သူ၊ သူ့အချိန်နဲ့သူ မှန်မှန် ကန်ကန် ထိထိရောက်ရောက် ပြောဆိုတတ်ဖို့ပဲ လိုအပ်တာပါ။ ပြိးတော့ ဆက်ဆံရေး ဆိုတဲ့ နေရာမှာ အပြောအဆို တစ်ခုတည်း မဟုတ်ပါဘူး နားထောင်တတ်ခြင်းလည်း ပါဝင်ပါတယ်။ ခေါင်းဆောင် တစ်ယောက်က သူ့အဖွဲ့သားတွေကို အားပေးနိုင်ရမယ်၊ လွှမ်းမိုးနိုင်ရမယ်၊ သူတို့စကားကိုလည်း နားထောင်တတ်ရမယ်။ အဖွဲ့သားတွေက ကိုယ့်ကို ကြောက်ဒူးတုန်ပြီး ဘာမှ မပြောရဲ မဆိုရဲ ဖြစ်နေလို့လည်း မရဘူးလေ။ ကိုယ့်ရဲ့ ခေါင်းဆောင်ကို အဖွဲ့သားတွေ အနေနဲ့ လေးစားမှု ရှိသလို ရင်းနှီးခင်မင်မှုလည်း ရှိရမှာပါ။

၈။ ကိုယ်ရည်ကိုယ်သွေး

ခေါင်းဆောင် တစ်ယောက်ဆိုတာ အများကို ရှေ့ကနေ ဦးဆောင်ရသူတွေ ဖြစ်တဲ့အတွက် တခြားသူတွေထက် လိုအပ်တာ ပိုများတယ်၊ ပိုကြိုးစားရတယ်၊ ပိုအနစ်နာခံရတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင်တော့ လူသားဆန်မှု၊ သနားညှာတာ ထောက်ထားမှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု၊ စဉ်းစားချင့်ချိန်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း၊ လွှမ်းမိုးနိုင်မှု၊ ရည်မှန်းချက် ခိုင်မာမှု၊ ကိုယ်ချင်းစာတတ်မှု၊ အကျင့်စာရိတ္တ ကောင်းမွန်မှု၊ ဇွဲ လုံ့လ ဝီရီယ စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီး လိုအပ်ပါတယ်။ ဒီလိုတွေကြောင့်လည်း အထက်လူကြီးတွေ၊ အာဏာပိုရှိတဲ့သူတွေ များနေပေမယ့် လူတွေကို နှလုံးသားထဲထိ တကယ်ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေက ရှားပါးနေရတာပါ။