Tuesday, October 15, 2013

ဒီမိုကရေစီရထား တကယ်စီးရမှာလား


Written by - မောင်တင်ဦး (မြောင်းမြ) 

ရထားစီးနင်းခ ၁၀ ကျပ် ခေတ်က

မြန်မာပြည်ရဲ့ လူနေမှု အဆင့်အတန်း နိမ့်ကျနေတာ မသိကျိုးကျွန်ပြုပြီး နိုင်ငံတော်ကြီး သာယာဝပြော နေပါတယ်။ လျှပ်စစ်မီး ထိန်ထိန်ညီးနေပြီ။ မိုးမချုပ် မြို့တော်တဲ့။ မြန်မာတွေဟာ ဧည့်ဝတ်ကျေပွန် ကြပါတယ်။ ချိုသာပျူငှာတဲ့ အပြုံးပိုင်ရှင်တွေ ဖြစ်ပါတယ်ဆိုကာ အတွင်းအနာကို မပေါ်အောင် ဖုံးဖုံးဖိဖိ ပြောဆိုကြပါတယ်။

ဒါပေမဲ့ ရထားဘူတာရုံတွေ သွားကြည့်ပါ။ ယင်တလောင်းလောင်းနဲ့ အသုပ်ရောင်းနေတဲ့ဆိုင်တွေ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ငုံးဥပြုတ် စတဲ့ စားစရာရောင်းတဲ့ ဆိုင်လေးတွေ ဟိုနေရာတစ်စု ဒီနေရာတစ်စု တွေ့ရမှာပါ။

အဲဒီ ဆိုင်တွေမှာပဲ ကန်စွန်းရွက်သည် မြို့စွန်တစ်နေရာက ရန်ကုန်မြို့ထဲ ဈေးသွားရောင်းမယ့်ဈေးသည် စတဲ့ခရီးသည်တွေ ပေါပေါလောလောရတဲ့ အစားအစာကို ကျန်းမာရေး ရှုထောင့်က မကြည့်နိုင်ဘဲ ဆာနေတဲ့ဝမ်းကို ဖြည့်တင်းနေကြတာပါ။

ရထားသံလမ်း၊ ဇလီဖားတုံး တွေကလည်း ကွမ်းတံတွေး အညစ်အကြေး ပေါင်းစုံနဲ့ ညစ်ပတ်ပေရေ နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကားခ ကျပ် ၂၀၀ ကုန်မယ့်အစား ငွေကျပ် ၁၀ တည်းနဲ့ လိုရာခရီး ရောက်မှာဆိုတော့ ရထားပဲ စုပြုံစီးကြ ရပါတယ်။

၁၀ ကျပ်တန် ရထားဖြစ်လေတော့ တွဲပေါ်က ထိုင်ခုံတွေ အကျိုးအပဲ့ အပေါက်အပြဲတွေနဲ့ ဖြစ်သလို စီးကြရတာပါ။ ကျပ် ၁၀ တန် ပေးစီးတဲ့ လူအချို့ကလည်း ထိုင်ခုံပေါ် ခြေထောက်တင်လို့တင် အိပ်လိုက်သူလိုက် တစ်ယောက်ပေါင် တစ်ယောက်ခေါင်းအုံးပြီး သန်းရှာသူကရှာ၊ ပြောင်းဖူးဖက် ဆေးလိပ်ကို မီးတဖွားဖွားထွက်အောင် ဖွာသူကဖွာ၊ မီးပွားအလွင့် ခံရသူက ခံရ။

ရထားတွဲပေါ် တက်ပြီး လူကျပ်ကျပ်ထဲ တိုးဝှေ့ဈေးရောင်း သူကလည်း ဘယ်သူ့မှ အားမနာ၊ တိုးသွားမယ် ကျော်သွားမယ်၊ ခွသွားမယ် "ကန်တော့" "မတော်လို့နော်" "ဆောရီး" လို့ ပြောတတ်တဲ့ ဈေးသည်က ခပ်ရှားရှား။

ရထားတွဲပေါ်မှာတော့ သီချင်းတော်တော် များများကိုလည်း ရေဒီယိုကက်ဆက် မပါလည်း ကြားနိုင်ပါတယ်။ သူတို့က ပိုက်ဆံတောင်းသူ (သူဖုန်းစားလို့ ခေါ်ရမလား မခေါ်ရက်ဘူး) တွေ။ လူရှင်းရင် ခွက်ကိုရှေ့ချ၊ စည်းနဲ့ဝါးကိုကိုင်ကာ နှစ် ၄၀ ခန့်က နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်းကို သူတို့ဆိုတတ် ပါတယ်။

ရထားဘူတာရုံတွေ ဆိုတာလည်း အိမ်ခြေမဲ့လူတွေ တောင်းရမ်းသူတွေ၊ အခြေအနေမဲ့တွေ ညဘက်အခမဲ့ တည်းခိုရာနေရာ ဖြစ်နေပါတယ်။ မကွယ်မ၀ှက်တမ်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြောရရင် မြန်မာပြည်သူတွေ လူနေမှု အဆင့်အတန်း နိမ့်တာကို ရှင်းရှင်းပဲ ၀န်ခံလိုက်ကြ ရအောင်...။

စာမေးပွဲကျသူ တစ်ယောက် စာမေးပွဲ ကျရတာဟာ မေးခွန်းခက်လို့ သင်မထားတာ မေးလို့ဆိုတဲ့ ဆင်ခြေပေးမယ့်အစား မိမိညံ့တာကို မြင်အောင်ကြည့်တွေ့ရင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ ဒါမှ အမှန်တကယ် အောင်မြင်မှာပါ။

မိမိကိုယ်မိမိ ညာနေ၊ မိမိကိုယ်မိမိ ညှာနေသရွေ့ အမှန်တကယ် တိုးတက်လာဖို့ မဖြစ်နိုင်ပါဘူး။ မိမိတိုင်းပြည် တကယ်ဆင်းရဲ နေပြီဆိုတာ လက်ခံရပါမယ်။

ဆင်းရဲတာ ရှက်စရာ မဟုတ်ပါဘူး။ တမင်တကာ ဆင်းရဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်သူတွေသာ ရှက်စရာပါ။

ရထားခ ကျပ် ၁၀၀ တန် ဖြစ်တော့ရော

ဒီလိုနဲ့ ကျပ် ၁၀ တန်ကို ရထားခ တစ်ခုတည်း အတွက်သာ သုံးလို့ရတော့တဲ့ ပိုက်ဆံဖြစ်ရာက ကျပ် ၁၀၀ တန် ရထားခ ဖြစ်လာပါတယ်။ ရထားခတော့ ပြောင်းလဲသွားတာပဲ။ ရထားစီး ခရီးသည်တွေ ငွေ ၁၀ တန် မကိုင်ကြတော့ဘူး။ ငွေ ၁၀၀ တန် ပြောင်းကိုင်ကြတယ်။ 

ခရီးသည်တွေ လူနေမှုဘ၀ပုံစံ ဘာတွေပြောင်းသွားလဲ၊ ဘာတွေတိုးတက် လာသလဲ။ ရထားကရော ဘာတွေပြောင်းလဲ သွားသလဲ။ တိုးတက်သွားသလဲ။ အချိန်ပိုမှန် လာသလား။ ဘူတာရုံတွေ ဥပဓိရုပ် ကောင်းလာသလား။ သန့်ရှင်းရေး ကျန်းမာရေး တိုးတက်လာသလား။ ရထားလမ်းတွေ ကြံ့ခိုင်လာသလား။

ဟုတ်ကဲ့။ လားမေးခွန်းတွေ များသွားရင် ခွင့်လွှတ်ပါ။

ဒီမိုကရေစီ နိုင်ငံတော်ကို သွားကြရာမှာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့် ဓလေ့စရိုက် စတာတွေကို လိုက်လျောညီထွေ ပြုပြင်ရပါမယ်။

သားရှင်ပြု ဆံချဖို့ သွားတာကို အဖေလုပ်သူက စွပ်ကျယ်လက်ပြတ် အမေဖြစ်သူက ထဘီရင်ရှားနဲ့သွားလို့ လုံးဝမသင့်တော် ပါဘူး။ စိန်ရွှေပတ္တမြား ၀တ်မထားပေမယ့် သပ်သပ်ရပ်ရပ်လေး ၀တ်ဆင်ရပါမယ်။

ဒီမိုကရေစီ နိုင်ငံတော်ဟာ ဂုဏ်ကျက်သရေ ပြည့်ဝတဲ့ နိုင်ငံတော်ပါ။ လူ့ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံသားနဲ့ ထိုက်တန်တဲ့ စနစ်ပါ။ ဒါကြောင့် ပြည်သူတွေကလည်း ကျပ် ၁၀ တန်ရထား စီးနေသလို ပြုမူနေထိုင်လို့ မရပါဘူး။

ထိုင်ခုံပေါ်မှာ အိပ်စီးနေရင် ပြန်ထပါ။ လွတ်သွားတဲ့ နေရာလွတ်မှာ ခရီးသွားဖော်ကို နေရာပေးပါ။ တွဲခေါ်ပါ။ ရထားပေါ်မှာ ဆေးလိပ်မသောက်ပါနဲ့ ခရီးသွားဖော်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

လာပြီ . . . ရထားခ ကျပ် ၄၀၀

ခုနောက်ဆုံး ဂျပန်နိုင်ငံက ရထားတွဲတွေမှာ လေအေးပေးစက် တပ်ထားပြီး ရထားခ ကျပ် ၄၀၀ ကောက်ခံမယ်လို့ သိရှိရပါတယ်။ ရထားဘယ်လောက် အဆင့်မြင့်နေလဲဆိုတာ မစီးဖူးသေးလို့ မပြောတတ်ပါဘူး။ ထားပါ။ ကျပ် ၄၀၀ တန်ဆို မှ ၄၀၀ နဲ့ တန်အောင်တော့ အဆင့်မြင့်နေမယ်ဆိုတာ ယုံလိုက်ပါ့မယ်။ ဒါပေမဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မယုံစရာတွေက ရှိနေပါသေးတယ်။

အဲဒါက ပစ္စည်းတစ်ခုခုကို မူလလက်ရှိထက် ဈေးတက်ယူချင်လာရင် လူတွေမက်လောက်တဲ့ မက်လုံးပေးပြီး စည်းရုံးပါတယ်။ ပြီးဈေးတက်ယူပါတယ်။ ဈေးတက်ယူလို့ အသားကျသွားရင် မူလအခြေအနေအတိုင်း ပြန်ဖြစ်ပေမယ့် တက်ထားတဲ့ ဈေးကတော့ မကျတော့ပါဘူး။

ဘတ်စ်ကားတွေ မူလကားခ ကျပ် ၅၀ နဲ့ ပြေးဆွဲနေရာမှ အဲကွန်းဘတ်စ်ဆိုတဲ့ စတစ်ကာ အကြီးနဲ့ နဖူးစည်းမှာ ကပ်ထားပြီး ကားခ ကျပ် ၂၀၀ ဖြစ်သွားပါတယ်။ စီးခါစက အဲကွန်းကို အမှန်တကယ် ဖွင့်ပေးပါတယ်။ ချွေးတလုံးလုံးနဲ့ ခရီးသည်တွေ ကားပေါ်ရောက်တော့ အေးမြတဲ့ လေနုအေးကြောင့် အမောသက်သာ ချွေးထွက်သက်သာ သွားတာပေါ့။

ဒီလိုနဲ့ နည်းနည်းကြာလာတော့ အဲကွန်းမဖွင့်ဘဲ မောင်းပါတယ်။ နဖူးစည်းမှာ ကပ်ထားတဲ့ အဲကွန်းဘတ်စ်ဆိုတဲ့ ဆိုင်းဘုတ်တော့ မဖြုတ်သေးပါဘူး။ နောက်တစ်နှစ်ကျော် ကြာလာတော့ အဲကွန်းလည်း ပြုတ်သွားပါတယ်။ ဆိုင်းဘုတ်လည်း မတပ်တော့ပါဘူး။ ရိုးရိုးဘတ်စ်ကား ဖြစ်သွားပါတယ်။ ဒါပေမဲ့ ကားခကျပ် ၂၀၀ ကတော့ ကျပ် ၅၀ ပြန်မဖြစ် တော့ပါဘူး။

ထို့အတူ ရိုးရိုးဘတ်စ်ကားကို အထူးဆိုပြီး ခုံအပြည့်သာ လူတင်ပါတယ် ဆိုပေမယ့် ခြေချရပ်စရာ မရှိအောင်တင်ပြီး ကားခကို ကျပ် ၂၀၀ က တစ်ပြားမှ မလျှော့ပါဘူး။

ဘူတာရုံက ခရီးသည်တွေ သူတို့လူမှုဘ၀ မပြောင်းတာဟာ သာမန်အားဖြင့် သူတို့ကြောင့်လို့ ထင်ရပါတယ်။ အမှန်စင်စစ် အစိုးရ စီမံအုပ်ချုပ်နေတဲ့ ပတ်ဝန်းကျင် တစ်ခုလုံးက ပြောင်းလဲသလိုနဲ့ မပြောင်းလဲတာကို နိစ္စဓူဝ တွေ့နေရတဲ့ ပြည်သူတွေက နောက်ဆုံးရထားစုတ်၊ ကားစုတ်နဲ့ ကြုံနေကျ ဖြစ်နေလေတော့ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲဖို့ မေ့လျော့ကုန်ကြ တာပါပဲ။

ခုရထားခ ကျပ် ၄၀၀ တန် ရထားကြီးကို ဘယ်နှလ၊ ဘယ်နှနှစ်လောက်များ အဆင့်မြင့်မြင့် စီးရမှာလဲ။ တကယ် ပြည်သူတွေကို အဆင့်မြှင့်ပေးချင်လို့ ဂျပန်ရထားကြီးတွေနဲ့ ခရီးသွားခိုင်းတာလား၊ လူတွေမေ့လောက်မှ လေအေးပေးစက်တွေဖြုတ် မူလရထား ခပ်စုတ်စုတ်ပုံစံနဲ့ ကျပ် ၄၀၀ တောင်းဦးမှာလား ယုံချင်ပေမယ့် မယုံတာ အပြစ်လား။

ဒီမိုကရေစီ ရထားကြီး

လာပါပြီ။ ၂၀၀၀ ပြည့်နှစ်က စထွက်လာတဲ့ ဒီမိုကရေစီရထားကြီး ဒီမိုကရေစီ နိုင်ငံတော် ထူထောင်မယ်။ ပြည်သူ ဗဟိုပြုမယ်။ ပညာရေး အဆင့်မြှင့်မယ်။ ကျန်းမာရေး အဆင့်မြှင့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြည်သူတွေကို ဒီမိုကရေစီ ရထားပေါ် တက်စီးခိုင်းနေပါပြီ။ ရထားပေါ် တက်စီးပြီးမှာ ရထားခ အဆမတန်များ တောင်းနေရင် ဒုက္ခဆိုတာ ခရီးသည် ပြည်သူတွေခမျာ ရထားကြီးကို မယုံရဲယုံရဲနဲ့ ရထားနားမှာ ရစ်ဝဲရစ်ဝဲ လုပ်နေကြပါတယ်။ မစီးလို့ကလည်း သွားရမယ့် ခရီးက ရောက်မှာမဟုတ်လေတော့ နောက်ဆုံး ရထားပေါ် တက်နေကြရပါပြီ။

ဒီမိုကရေစီ ရထားကြီးက အမှန်တကယ် ပြည်သူသွားလိုတဲ့ ဒီမိုကရေစီ ဘူတာရုံကို ဘေးကင်းလုံခြုံစွာ မောင်းပို့မှာလား။ ဒါမှမဟုတ် ဆောင့်ဆောင့်အောင့်အောင့် ကြမ်းကြမ်းတမ်းတမ်း မောင်းပို့မှာလား။ ဒါမှမဟုတ် တက်ကုန်ဖွင့်ပြီး ချောက်ထဲမောင်းချ သွားမှာလား ဒါမှမဟုတ် နောက်ပြန်မောင်းသွားပြီး မူလထွက်ခဲ့တဲ့ ဘူတာမှာ ပြန်ရပ်မှာလား။

နောက်ဆုံးမြန်မာပြည် မီးရထား ထုံးစံအတိုင်း စက်ခေါင်းပျက်ပြီလို့ပြောပြီး ရထားကို ရှေ့မတိုး နောက်မဆုတ် ရပ်ထားမှာလား။

ပြည်သူကတော့ ဘူတာရုံမှာ ဆိုက်ထားတဲ့ ရထားကို မစီးမဖြစ်လို့ စီးရမှာပါ။ ကျပ် ၁၀ ဖြစ်ဖြစ်၊ ကျပ် ၂၀၀ ဖြစ်ဖြစ်၊ ကျပ် ၄၀၀ ပဲ ဖြစ်ဖြစ် စီးရမှာပဲ။

အဆင့်မြင့် ရထားကြီးနဲ့ ခရီးသည် ပြည်သူတွေရဲ့ အသက်အိုးအိမ် စောင့်ရှောက်ပေးတဲ့ စက်ခေါင်းမောင်းသူရဲ့ ကျွမ်းကျင်မှု စိတ်ကောင်းစေတနာ ရှိမှုတို့နဲ့ စိတ်အေးချမ်းသာစွာ ခရီးသွားရရင်ဖြင့် ရထားခ ကျပ် ၄၀၀ ဆိုလည်း ပေးမှာပါ။

ဒီမိုကရေစီ နိုင်ငံတော်ကို တကယ်ဖော်ဆောင်နေတာ ဆိုရင်လည်း ပြည်သူတွေဘက်က သွေး၊ ချွေးမက အသက်ပါ ပေးရပေးရ ပေးမှာပါ။ ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင် တော်လှန်ရေး စတဲ့အရေးတော်ပုံတွေက သက်သေရှိပါတယ်။ ပြည်သူတွေ ထပ်မံသွေးမြေ မကျအောင် ဒီမိုကရေစီ ရထားကြီးကို မတိမ်းမစောင်း ဦးဆောင်မောင်းနှင် ပေးကြပါလို့ ...။