Sunday, August 29, 2010

ရွေးကောက်ပွဲအတွက် တော်လှန်သူတို့ ကြွေးကြော်သံ

ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ထိုင်း-မြန်မာနယ်စပ်က ကရင်နီတပ်မတော်၏ အမာခံ တပ်စခန်းတခုဖြစ်သည့် ညာမိုတပ်စခန်းဆီကိုရာနှင့်ချီသည့် လူအုပ်စုက ရထားတွဲကြီးသဖွယ် စီတန်းလမ်းလျှောက် နေကြသည်။ ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်းသုံးထောင်ကျော်မြင့်သည့် နယ်စပ်တောင်တန်းပေါ်မှ ဖြတ်လျှောက် လာခဲ့သည့် ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းရှိရာ အနောက်ဖက်ကို တမင်လည်ပြန် ကြည့်လိုက်ပါက လွမ်းမောဖွယ်ကောင်းလှသည့် စိမ်းလန်းသည့် တောင်တန်းကြီးများရှိရာ ဌာနေဟောင်းကို မျက်စိတဆုံး မြင်တွေ့ နေရသည်။ karenni_land လမ်းလျှောက်သူများသည် ညာမိုတပ် စခန်းတွင် ပြုလုပ်မည့် ယခုလ ၉ ရက်နှင့် ၁၇ ရက်နေ့တွင် ပြုလုပ်မည့် ကရင်နီအမျိုး ခုခံတော်လှန်ရေးနေ့ နှင့် ၆၂ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် မမောနိုင်မပမ်းနိုင် လမ်းလျှောက် ချီတက်နေကြခြင်းဖြစ်သည်။ ဒေါင်းအလံ လွင့်ထူထားတဲ့ တပ်စခန်း ဆီသို့ အတန်ကြာလမ်းလျှောက်ကြပြီးနောက် ကရင်နီ ထိန်းချုပ်နယ်မြေအတွင်း ခြေချမိသည်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) စခန်းက ရဲဘော်များက ကျနော်တို့ကို ဆီးကြိုနေကြသည်။ ခွပ်ဒေါင်းအလံ လွှင့်ထူထားသည့် ကျောင်းသားတပ်မတော် တပ်ရင်း (၄) တွင် တာဝန်ကျ ရဲဘော်များက မောမောပန်းပန်းနှင့် ရောက်လာကြသည့် ကျနော်တို့ကို အနားယူဖို့ တပ်စခန်း တန်းလျားတခုတွင် ခေတ္တ အနားယူဖို့ ပြင်ဆင်ပေးသည်။ သို့သော် ကျန်ရှိသည့် အုပ်စုများက အခမ်းအနား ပြုလုပ်မည့် ကရင်နီ ဗဟို စစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီကို စိတ်အားထက်သန်စွာ မနားတမ်း ခရီးဆက်ကြသည်။ ကျောင်းသား တပ်စခန်းကို ရောက်တုန်းရောက်ခိုက် တပ်စခန်းကို ဦးစီးနေသည့်  ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းနှင့် သတင်းကိစ္စအတွက် စကားစမြည် ပြောဖြစ်ကြသည်။ absdfမကြာခင် စစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးဖြစ် ကြသည်။ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတချို့နှင့် အခြားနိုင်ငံရေးပါတီ စုစုပေါင်း ၄၇ ခုက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ သို့သော် နှစ်ပေါင်း ၂၀ ကျော်လာသည့်တိုင်၊ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်တိုက်ပွဲ ၀င်နေကြသည့် ABSDF အဖွဲ့ဝင်များအတွက်မူ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထူးထူးထွေထွေ ရိုက်ခတ်မှု ဖြစ်ပုံမပေါ်။ စစ်အစိုးရ တဖက်သတ် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ABSDF အဖွဲ့အနေဖြင့် လက်မခံသည့် အတွက် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အထူးတလည် ထည့်စဉ်းစားရန် မလိုအပ်ကြောင်း ဒု-တပ်ရင်းမှူး ကိုတင်မောင်ထွန်းက အခုလိုပြောဆိုလာသည်။ “၂၀၁၀ ရွေးကောက်ပွဲတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့သဘောထားဟာ အရင်ကတည်းက ရှိထားပြီးသားပါ။  ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်မခံတဲ့အတွက် ၂၀၁၀ ကို ထည့်စဉ်းစားစရာ မလိုပါဘူး။ ကျနော်တို့ ဒါကို လုံးဝ ကန့်ကွက်ရှုတ်ချရမှာပါ” ဟု ဆိုသည်။ ဆက်လက်ပြီး ကိုတင်မောင်ထွန်းက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သူစဉ်းစားမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို သူလည်း လက်ခံခဲ့တာ မဟုတ်ပါဘူး။ NLD အဖွဲ့တခုလုံး အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင် သပိတ်မှောက်ထားပါတယ်” ဟု ပြောဆိုသည်။ old_absdf2 ကိုတင်မောင်ထွန်းက သူနေထိုင်သည့် တဲပုတ်လေးထဲ ဆိုလာပြားမှ တဆင့်ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနေသည့် အိတ်ဆောင် ကွန်ပြူတာကို ထုတ်ကာ ယခင်ကျောင်းသားတော်လှန်ရေးပုံရိပ်များကို မီးမောင်းထိုးပြနေသည့် ဓာတ်ပုံများကို တခုပြီးတခု ပြကာ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်ပြနေသည်။ သူက ကျနော့်သတင်းအတွက် လိုအပ်မယ်လို့ ယူဆရသည့် ဓာတ်ပုံဟောင်းများနှင့် သတင်းအချက်အလက် များကိုလည်း သူက လိုလိုလားလားနှင့် ပေးခဲ့သည်။ ထို့အပြင် ၂၀၀၈ ခုနှစ်က တော်လှန်ရေးနယ်မြေထဲကို ရောက်ရှိလာသည့် ကိုဇော်မင်းထွန်းနှင့်လည်း တွေ့ဆုံ အင်တာဗျူးရန် ကိုတင်မောင်ထွန်းကပဲ စီစဉ်ပေးသည်။ k-armyကိုဇော်မင်းထွန်းက “ကျောင်းသား တော်လှန်ရေးမှာ ကျနော် ပြည်တွင်းမှာ နေကတည်းက ပါဝင်တာပါ။ ပြည်တွင်း မှာ နေရင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ စစ်ရေး နည်းလမ်း ဆိုတာ ရှိပါတယ်။ အဲ့ဒါကျနော်က စစ်ရေးနည်းလမ်းမှာ ပိုအားသာတဲ့အတွက် ဒီဘက်ကို ရောက်လာတာပါ” သူ့ခံယူချက်ကို ပြောပြသည်။ ၈လေးလုံး လူထုအုံကြွမှုအပြီး စတင် ထူးထောင်ခဲ့သည့် ABSDF တွင် ယခင်က တပ်အင်အား ထောင်နှင့်ချီ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တတိယနိုင်ငံများသို့ ထွက်ခွာ သွားသူ အရေအတွက်များလာသည့်အတွက် ယခုအခါတွင် အင်အားတဖြည်းဖြည်း လျော့နည်းလာသည်။ သို့သော် ယနေ့တိုင် ABSDF အဖွဲ့ကို ၀င်ရောက်လာသူများ ရှိနေသေးခြင်းဖြင့် ကျောင်းသားလက်နက်ကိုင် အဖွဲ့၏ တော်လှန်ရေးမှာ ဆက်လက်တည်ရှိနေသေးကြောင်း ထင်ရှားသည်။ သတင်းအတွက် တပ်ရင်း (၄) မှာပင် အနားယူရင်း အင်တာဗျူးများလုပ်ကာ ညနေစာကို ထိုစခန်းမှာပင် ၀ိုင်းဝန်းချက်ပြုတ်စားသောက်ကြပြီးနောက် ကရင်နီ ဗဟိုစစ်သင်တန်းကွင်းရှိရာ ညာမိုတပ်စခန်းဆီကို ခရီးဆက်ကြသည်။ လင်းယုန်ငှက်အလံ လွင့်နေတဲ့ စစ်သည်များ ဗဟိုစစ်ရေး လေ့ကျင့်ရေးကွင်းကိုရောက်သွားချိန်တွင် အနီရောင်ပေါ်တွင် အနက်ရောင် လင်းယုန်ငှက် အမှတ် တံဆိပ် ရှိသည့် အလံသုံးခုကို ကိုင်ဆောင်လာသည့် အလံကိုင် စစ်သည် သုံးဦး နောက်က စစ်သည် ၄၀ ကျော် ချီတက်လာနေသည်ကို အဝေးကနေ မြင်နေရသည်။ စိုစွတ်ထိုင်းမှိုင်းသည့် ရာသီဥတုနှင့် တောင်ကုန်းတောင်တန်း ရွှံ့ပွက်ကြားမှပင် လာရောက် အားပေးကြည့်ရှု နေသည့် ပရိတ်သတ်မှာ ၂၀၀၀ ကျော်ရှိသည်။ ၂၀၁၀ ခုနှစ် ကရင်နီတပ်မတော်သင်တန်း အပတ်စဉ် (၅၇) မှာ ကရင်နီတပ်သားသစ် ၄၀ ကျော် မွေးထုတ် ပေးလိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် စစ်သမီးအချို့ကိုလည်း တွေ့ရှိလိုက်ရသည်။ နေ့ထူးနေ့မြတ် အခမ်းအနားက မျှော်လင့်ထားသည်ထက် စည်ကားနေသည်။ မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ခုခံတော်လှန် တိုက်ခိုက်နေကြသည့် ကရင်နီတပ်မတော် အနေနှင့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြောင်း ပြောဆိုနေကြသည်။ နိုဝင်ဘာ (၇) ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှမှုမရှိသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဆန့်ကျင်တိုက်ခိုက်သွားမည်ဟုလည်း သြဂုတ်လ ၉ ရက်နေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး (၁) ခူဦးရယ်က ယခုလို အခိုင်အမာ ထုတ်ဖော် ပြောဆို ခဲ့သည်။ “ဒီမိုကရေစီကို ရှေးရှုတဲ့ အခြေခံဥပဒေ ပုဒ်မတွေ တခုမှ ပြဌာန်းတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ပြီးတော့ ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက လူထုဆန္ဒကို တကယ်ပဲ လွတ်လွတ်လပ်လပ် သူတို့ ရယူပြီးတော့ အတည်ပြု ခဲ့တာ မဟုတ်ပါဘူး” ဟု ဆိုသည်။ သူက “အခြေခံဥပဒေကို ကျနော်တို့ လက်မခံတာနဲ့ တကြိမ်ထဲမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ် ဆိုရင် လည်းပဲ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာထွက်လာ ကျနော်တို့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘူး ဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကိုလည်း ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်း အသွယ်သွယ်ကနေပြီးတော့ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်” ဟု ပြောဆိုခဲ့သည်။ အလားတူ ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးကလည်း လာမည့် ရွေးကောက်ပွဲသည် ပြည်သူများအတွက် အကျိုးမရှိဘဲ၊ စစ်တပ်အာဏာခိုင်မြဲရန် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုလ ၁၇ ရက်တွင် ပြုလုပ်သည့် ကရင်နီတပ်မတော်နေ့တွင် သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုလို မှတ်ချက် ပေး ပြောဆိုခဲ့သည်။ “ရွေးကောက်ပွဲက နောက်တပိုင်းပဲ။ ကျနော် သိပ်ပြောစရာ များများစားစား မလိုဘူး။ ပြည်သူအကျိုးတွက်လည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ စစ်အုပ်စုတွေ အာဏာတည်မြဲရေးအတွက်ပဲ သူတို့ လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လဲဆို ၂၀၀၈ အခြေခံဥပဒေ အတည်ပြုတဲ့အချိန်မှာ ကျနော် ပြည်တွင်းမှာ ရှိတယ်။ ပြည်သူဆီမှာ ဓားပြတိုက်ပြီးတော့ ယူခဲ့တဲ့ မဲတွေပဲဖြစ်တယ် ဆိုတာ ကျနော်ယုံကြည်တယ်။ ကျနော် ပြည်သူကြားမှာနေလို့ ကျနော် ပြောတာနော်” ဟု ပြောဆိုခဲ့သည်။ လာမည့် ရွေးကောက်ပွဲနဲ့ စာအုပ်စိမ်း ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု စစ်အစိုးရက ယခု သြဂုတ်လ ၁၃ ရက်နေ့တွင် တရားဝင် ကြေညာထားပြီးဖြစ်သည်။ နေအိမ် အကျယ်ချုပ်ကျခံနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ရက်သတ္တပတ် မတိုင်ခင်တွင် ရွေးကောက်ပွဲရက်ကို ရွေးချယ်သတ်မှတ်လိုက်ခြင်းဖြစ်သည်ကိုမူ လူအများက နားလည်သဘောပေါက်ထားကြသည်။ 2008_constitution နိုင်ငံတကာအနေဖြင့် လာမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရခဲ့သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိစေရန် စစ်အစိုးရကို တိုက်တွန်းပြောဆို နေသည်။ တချိန်ထဲမှာပင် NLD က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေး ရွေးကောက်ပွဲ ဥပဒေ ပြဌာန်းချက်အပေါ် တားမြစ်ထားသည့်အပေါ် အဖွဲ့ချုပ်က ဆန္ဒပြ သပိတ်မှောက် ထားသည်။ ဗိုလ်ချုပ်ဘီထူးက အတိုက်ခံ နိုင်ငံရေးသမားများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲထက် အခြေခံဥပဒေကို ပြန်လှည် ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်းကို သုံးသပ်ပြောဆိုခဲ့သည်။ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ လမ်းပြမြေပုံ၏ ၂၀၀၈ ခု အခြေခံဥပဒေတွင် လွတ်တော် ၂၅ ရာခိုင်နှုန်းကို စစ်တပ်အား အလိုအလျောက် ပေးထားပြီးဖြစ်သည့်အပြင်၊ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက် လိုပါက လွှတ်တော် ၇၅ ရာခိုင်နှုန်း အတည်ပြုမှသာလျှင် ပြင်ဆင်ခွင့်ရှိကြောင်း ရေးဆွဲပြဌာန်းထားသည့်အပေါ် ဗိုလ်ချုပ်ဘီထူးက ထောက်ပြပြောဆိုခဲ့သည်။ စစ်အစိုးရသည် အဖက်ဖက်က မည်သည့် ဝေဖန်ရှုတ်ချမှုနဲ့ ဖိအားပေးမှုများကို ဂရုစိုက်ခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးတွင် အတိုက်အခံ အဖွဲ့များကို ဖယ်ရှားပစ်ရန် ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း စနစ်တကျ ဖိနိပ်ထားပြီး လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း မိမိတို့ အလိုကျအတိုင်း ဖြစ်လာစေရန် အစီအစဉ်တကျ ပြင်ဆင်ထားသည်။ အတိုက်ခံ နိုင်ငံရေး အင်အားစုများ နှင့် လက်နက်ကိုင် အင်အားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲကို ဆန္ဒပြ ဆန့်ကျင်သွားရန် အစီစဉ်များရှိနေကြသည်။ တဖက်တွင်လည်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မဲဆွယ် စည်းရုံးမှုများကို အနီးကပ်စောင့်ကြည့်လေ့လာမှုများရှိသလို၊ တားဆီးပိတ်ပင်မှုများ ရှိနေသည်။ သို့သော် နိုင်ငံတ၀ှမ်း ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် စစ်တပ်ကျောထောက်နောက်ခံ ပါတီတခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် နည်းမျိုးစုံဖြင့် ဒေသခံပြည်သူများကို မက်လုံးပေးကာ လွတ်လပ်စွာ စည်းရုံးလုပ်ဆောင်ခွင့်ရရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲအပြီး တက်လာမည့် စစ်အစိုးရအလိုတော်ရိ အုပ်ချုပ်သူများနှင့် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများကြား တင်းမာမှုများ မည်သည့် အတိုင်းအတာ အထိ ရှိလာမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

0 comments: