Tuesday, December 10, 2013

သမိုင်းကောင်း ပေါ်ထွက်လာရေး နှင့် သမိုင်းဆိုး မကျန်ရစ်စေရေးအတွက်

ကျနော့်ပို့စ် တခုမှာ ၀င်ရေးလာတဲ့ ကွန်မင့် တခု ကြောင့် အတွေးတွေ ထပ်ပွါး ရပါတယ်။ ကွန်မင့် ကဒီလိုပါ။
-------------------------
William Chuchai · Friends with Nyan Lin Tun
ထူးဆန်းတာတခုကဒီလပိုင်းတွေမှာနယ်ဘက်တွေမှာဘုန်းကြီးကျောင်းတွေကကျောင်းထိုင်ကိုယ်တော်တွေအသစ်တွေပြောင်းနေတာသတိထားမိတယ် သံဃာ့မဟာနာယကအဖွဲ့ထဲကအဖွဲ့ဝင်ကိုယ်တော်တွေကိုဓမ္မာစရိယအောင်ပြီးသားကိုယ်တော်မို့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ကျောင်းထိုင်ဟောင်းတွေနေရာမှာအစားထိုးခန့်အပ်လာတာကိုတွေ့နေရတယ်လာမယ့်နှစ်ပိုင်းတွေမှာအစိုးရရဲ့နိုင်ငံရေးလှည့်ကွက်တွေမှာဘုန်းကြီးကျောင်းတွေကသံဃာတွေကိုလိုသလိုထိန်းချုပ်အသုံးချဘို့အကြံမျိုးဖြစ်လာနိုင်တယ်ဒေသခံတွေကတော့ပညာတတ်ဘုန်းကြီးတပါးရောက်လာတယ်လို့ဘဲအယုံသွင်းခံထားရပုံပေါ်တယ် တစုံတရာမရိုးသားတဲ့အခြေအနေမျိုးကိုသံသယရှိစရာဖြစ်လာတဲ့အတွက်အားလုံးသိ
ိအောင်တင်ပြ လိုက်ပါတယ် 
-------------------------------------
အခုရက်ပိုင်း အတွင်းကို ကျနော့်ဆီ ဖုန်းဆက်သွယ်လာတဲ့ သံဃာတော်တပါးနဲ့ ကျောင်းထိုင်ဆရာတော် တပါးတို့ရဲ့ နယ်က ကျောင်းတိုက်ကို အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရဲတွေက ကျောင်းတိုက်ကို လာသိမ်းပြီး ရန်ကုန်က သံဃာတပါးကို ကျောင်းအပ်ပေးဖို့ တောင်းတယ် ၊ မြေနေရာကို အပိုင်လာသိမ်းတာဖြစ်လို့ အတိုက်အခံ အငြင်းပွားနေရကြောင်း ဘယ် အုပ်ချုပ်ရေး အဖွဲ့အစည်းကို တိုင်တိုင် ဘာမှ ထူးမလာပဲ အားကိုးရာ မဲ့နေကြောင်း မိန့်ဆိုပါတယ်။

အခု ကွန်မင့်နဲ့ ထူးဆန်း တိုက်ဆိုင်စွာပဲ ကျောင်း တိုက် အလုခံ နေရတာနဲ့ ပတ်သက်ပြီး ဖုန်းဆက် တိုင်ကြားလာတာ နှစ်ခုလောက် ရှိနေလို့ ဆက်စပ်ပြီး ထပ်ထူကျလာတဲ့ ဖြစ်စဉ်တွေ အတွက် တခုခုတော့ သံသယဖြစ်ဖွယ် စဉ်းစားမိပါတယ်။

သာသနာတော် သန့်ရှင်းရေး အတွက် မိရိုးဖလာ ရိုးရာ အစဉ်အဆက် ကျောင်းထိုင် အုပ်ချုပ်ခဲ့တဲ့ ကိုယ်တော်တွေ အစား စနစ်တကျ သင်ကြားပို့ချ စာအံကျက်မှတ် ဘွဲ့တော်တွေ ရတဲ့ ကိုယ်တော်တွေနဲ့ အစားထိုးပြီး သံဃာတော် နဲ့ သာသနာကို သန့်စင်ရေး ကြိုးပမ်းတဲ့ ဓမ္မစက်နဲ့ လုပ်ဆောင်ချက်မျိုးလား။ 

ဒါမှ မဟုတ် ၊ လူမှုရေး အသင်းကြီးတခုကို တည်ထောင်ပြီး နောက်ပိုင်းကျ ပါတီ အဖြစ်အသွင်ပြောင်း ဗြောင်ကျကျ အရှက်ကင်းကင်း အများပြည်သူပိုင်တွေနဲ့ အပိုင်စီး၊ နည်းအမျိုးမျိုးနဲ့ နိုင်ငံရေး အာဏာ ကို အနုကြမ်းစီးခဲ့တဲ့ စီမံချက် လိုမျိုး အခုကတည်းက သာသနာကို ခုတုံးလုပ်ပြီး လက်သပ်မွေး ပြင်ဆင်စုဖွဲ့မှုမျိုးလား။ 

သို့မဟုတ် ဘာဖြစ်နိုင်လို့ပါလဲ။

သာသနာရေး လောက မှာလည်း တကယ်တမ်း ပြောရရင် အားမရစရာတွေ အများကြီး တွေ့နေရပါတယ်။ မွန်မြတ်သော သာသနာနဲ့ မအပ်စပ်တဲ့ ဖြစ်ရပ်တွေဖြစ်ပွားနေတာကို တာဝန်ရှိတဲ့ သံဃာ့ အကြီးအကဲတွေက တာဝန်ယူ မဖြေရှင်းဘူးဆိုရင် ဘယ်လို လုပ်ကြမလဲ။ 

တကယ့်သံဃာ့မဟာ နာယက ဆရာတော်ကြီးတွေ ကိုယ်တိုင် ညီးညူရှာတာဆိုတော့ ကျနော်တို့ တတွေ အမျိုးဘာသာ သာသနာဆိုတာတွေကို ကြီးကြီးကျယ်ကျယ် အော်ဟစ်နေယုံနဲ့ မပြီးဘူး။ 
သာသနာတော် သန့်ရှင်းမွန်မြတ် အဓွန့်ရှည်ရေးကို မြင့်မြတ်သော စိတ်ထားရှိသူ ဘာသာဝင်တွေ အားလုံးမှာ ခေတ် အမြင် ၊ စနစ် အသွင် ၊ ထင်ဟပ်တဲ့ သုံးသပ်ပွင့်လင်းမှုတွေနဲ့ တရားဓမ္မကို ၀ိုင်းဝန်း ကာကွယ်စောင့်ထိန်း သင့်လာပါတယ်။ 

တကယ်တမ်း ခေတ် ကြီး တခေတ်လုံးရဲ့ စစ်ယန္တရားကြီး ဖြတ်ကြိတ်မောင်းသွားလို့ ပိပြားကျပ်သပ် ညစ်ပတ် ကျန်ခဲ့တဲ့ အထဲ အားလုံးသော နိုင်ငံသားတွေ ပါခဲ့တယ်လေ။
အခုကရော ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲရေး တွေကို အရှိန်အဟုန်နဲ့ ပြတ်သားရဲရင့်သော ဦးဆောင်သူတွေက လုပ်နိုင်နေပြီမို့လဲ။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ နိုင်ငံရေးက ကျည်တောက်တွေလည်း အကြိမ်ကြိမ်စွပ်ခံခဲ့ရပြီးပြီ။
ဖြောင့်လာလေ မလား ဆိုပြီး နေ့စွဲသမိုင်းတွေကိုလည်း အကြိမ်ကြိမ် အဖြောင့်တိုင်းပြီးပြီ။ 

အခုထိ ဖြောင့်ပြီလား ဆိုတာ မသေချာသေး။ 

အခုအချိန်ထိလည်း သမိုင်း အပေါ် မဖေါက်ပြန်သော ခံယူချက်နဲ့ အမှန်အမှား ကွဲကွဲပြားပြား ပိုင်းခြား ဝေဖန် ၀န်ခံ ဖြောင့်မတ်ရဲတဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ မျှော်လင့်နေခဲ့ကြပါတယ်။ 

ဒါပေမယ့် ကိုယ်မှားခဲ့တာကို မှားခဲ့ပါတယ်။ အမှား အတွက် တာဝန်ယူပါတယ် ဆိုတဲ့ ခေါင်းဆောင်ဟောင်းတွေ ခေါင်းဆောင်ကြီးတွေ ဆိုတာကိုလည်း မျှော်သာမျှော်သည် မပေါ်လာသေး ..............................ဆိုတော့ တိုင်းပြည် အနာဂတ် အတွက် ဖြစ်တတ်သမျှသော ဖြစ်နိုင်ချေ အားလုံးကို သုံးသပ်တွက်ချက် စဉ်းစားပြီး ပြည်သူ့အားနဲ့ ၀ိုင်းဝန်းကာကွယ်ဖို့ ကြိုးစားယုံမှ တပါး ကျနော်တို့မှာ တခြား မရှိ။

စနစ်တကျနဲ့ အကွက်ချ လုပ်ဆောင်တတ် ၊ လုပ်ဆောင်နိုင်စွမ်း ၊ လုပ်ဆောင်ခဲ့သော သမိုင်းတွေကနေ ရဲရဲ ရုန်းထွက်လွန်မြောက်လာကြောင်း ထင်ရှားတဲ့ သက်သေတွေ မတွေ့ရသေး သမျှတော့ ကျနော်တို့ အတိတ် တစ္ဆေတွေရဲ့ ခြောက်လှန့် ခြိမ်းခြောက်မှုတွေကို မလွန်ဆန်ဝံ့သေးဘူးဖြစ်နေမှာပဲ။

ဒါကြောင့် အခြေအနေတိုင်း ဖြစ်စဉ်တိုင်း၊ ထူးခြားချက်တိုင်း ၊ ထုတ်ပြန်ကြေငြာချက်တိုင်း၊ အားလုံးကို တိုင်းပြည် အနာဂတ် အတွက် ဖြတ်သန်းရမယ့် နေ့စွဲတွေအတွက် ဒီအဖြစ်အပျက်က တဆင့် ဘယ်လို သက်ရောက်မှု မျိုး ရှိလာပါမည်လဲ ..............................ဆိုတဲ့ စူးစမ်းစိတ်ဝင်စားမှုမျိုးကို နိုင်ငံသားတိုင်းက မွေးမြူပြီး အရာရာကို စိတ်ဝင်တစား စောင့်ကြည့်မှတ်တမ်းပြုနိုင်ပါစေ။

သမိုင်းကောင်း ပေါ်ထွက်လာရေး နှင့် သမိုင်းဆိုး မကျန်ရစ်စေရေး မျော်မှန်းချက်နဲ့ ချင့်တွက် စဉ်းစား သုံးသပ်နိုင်စွမ်းတွေ ပိုမို တိုးပွားလာကြပါစေ လို့ပဲ မျှော်လင့်ရည်မှန်းနေရပါတယ်။

နေမျိုးဇင်