Friday, November 29, 2013

မင်းခစား ကမ်းနားသစ်ပင်တဲ့။ မတည်မြဲခြင်းတွေ၊ လျှောကျပျက်သုန်းခြင်း

Myo Set
49 minutes ago · 
`ဒီလူတွေ အသက်ပေးရဲတာလဲ မဟုတ်ဘဲနဲ့။ ရယ်ရတယ်´

ဒီကွန်မန့်ကို ပို့စ်တစ်ခုအောက်မှာ တွေ့မိတယ်။ သူလှောင်ထားတာက ဆန္ဒပြ ပြည်သူတွေကိုပါ။

အွန်လိုင်းပေါ်တက်နေတဲ့ အရာရှိငယ်အများစုဟာ ၃ဝ တန်းနဲ့ အဲ့ဒီအောက် အငယ်ပိုင်း ပညာသင်တွေများပါတယ်။အခု အဲ့လို လှောင်နေကြတာတွေကလဲ အငယ်ပိုင်းတွေဖြစ်ပါလိမ့်မယ်။

ပြည်သူကို ဒီလိုမြင်တဲ့ အရာရှိငယ်တွေကို တစ်ခု ပြောပြချင်တာလေးရှိတယ်။

တချိန်က ဦးခင်ညွန့်ဟာ ဘယ်လောက်တန်ခိုးထက်ခဲ့သလဲ ဆိုတာ အများအသိ။ တပ်ကြပ်လောက်ကို သူ့ထက်မြင့်တဲ့ အခြားတပ်က အရာရှိတွေက ကြောက်ရတဲ့အဖြစ်။

ဒီလိုနဲ့ ထောက်လှမ်းရေးအဖြုတ်ခံရတော့ အများစု ထောင်ကျသွားကြတယ်။ အဲ့အထဲမှာ ကိုယ့်သူငယ်ချင်းတွေရဲ့ မိဘတွေလဲ ပါတာတွေရှိတော့ သူတို့ရင်ဖွင့်တာတွေကြားရတယ်။ကိုယ်ကလဲ နိုင်ငံရေးမိသားစုတွေနဲ့ စိမ်းလှတာ မဟုတ်တော့ နိုင်ကျဉ်းတွေနဲ့ ထလရ ဟောင်း တွေထောင်ထဲ ပြန်တွေ့တာတွေကို ကြားရပါတယ်။

အဲ့သည်မှာ ထူးခြားတာလေးက ယခင်က အင်မတန်မောက်မာခဲ့ကြတဲ့ အရာရှိတွေထဲမှာ မျက်ရည်ကျငိုကြွေးသူတွေ မရှားလှဘူးဆိုတာပါပဲ။ယခင်က အင်မတန်မော်ကြွားခဲ့တဲ့ မိသားစုတွေဟာ အင်မတန်သိမ်ငယ်သွားကြတယ်။

အဲ့သည်အရာရှိတွေ အာဏာရှိစဉ်၊ သေနတ်ခါးကြားချိတ်ပြီး စိတ်မထင်ရင် လူတစ်ယောက်ကို ဘလိုင်း လက်သီးနဲ့ဆွဲထိုးရိုက်နှက် ပိုင်ခွင့်ရှိခဲ့တဲ့သူတွေဟာ တချိန်က အခုလိုပဲ ပြည်သူတွေအပေါ် အထင်သေးစော်ကားခဲ့ကြတယ် ဆိုတာသိစေချင်ပါတယ်။

လူတစ်ယောက်ဘဝဟာ တိုတောင်းလှပါတယ်။ ဘုန်းမီးနေလ တောက်ပချိန်တွေကို အကျိုးမဲ့ဖြုန်းတီးလိုက်ရင် နေဝင်ချိန်မြန်ဆန်လှတာဟာ မျက်မြင်ကိုယ်တွေ့တွေပါပဲ။

သေနတ်ကိုင်ထားတဲ့လူတွေကို လက်ဗလာနဲ့ချီတက်ဆန္ဒပြတာဟာ မြှောက်ပေးလို့ထွက်လာတာဆိုတဲ့ အတွေးတိမ်တိမ်လောက်နဲ့ မတွေးစေချင်ပါဘူး။ လူတွေဟာ အသားနာမှာကြောက်တယ်၊ သေမှာကြောက်တယ်။ ကိုယ့်မှာလက်နက်မရှိရင် သေဖို့များမှန်းသိရက်နဲ့ ဘာလို့လမ်းပေါ်ထွက်လာကြတာလဲ။ ဒါကို စဉ်းစားမိဖို့လိုပါတယ်။

ဒီနေ့အစိုးရဆိုသူတွေကော၊ အာဏာပိုင်ဆိုသူတွေကော စားနေတဲ့ဆန်တွေဟာ ပြည်သူလူထုက ကျွေးနေတာပါ။ လူထုထက်ခေါင်းတစ်လုံးပိုမြင့်တယ်ဆိုတဲ့ ပဒေသရာဇ်အတွေးမျိုးနဲ့ ယနေ့ခေတ်တိုင်းပြည်ကြီးပွားအောင်လုပ်လို့မရတဲ့အပြင် အဲ့လိုတွေးတောပြုမူခဲ့တဲ့ လူတွေရဲ့ နေဝင်ချိန်ဟာလဲ သံဝေဂရချင်စရာကောင်းလှပါတယ်။

1962 အာဏာသိမ်း ဦးနေဝင်း၊ ဦးစောမောင်၊ ဦးတင်ဦး၊ ဦးခင်ညွန့်၊ ဦးထွန်းကြည် တို့ရဲ့ နေဝင်ချိန်တွေကို စောကြောကြည့်လိုက်ကြပါ။ မင်းခစား ကမ်းနားသစ်ပင်တဲ့။ မတည်မြဲခြင်းတွေ၊ လျှောကျပျက်သုန်းခြင်းတွေ။

ဆည်းဆာချိန်တွေဟာ လှတယ်လို့ဆိုကြတယ်။ လူတွေရဲ့ဘဝဆည်းဆာတွေဟာ မွန်းတည့်ကာလမှာ ဘယ်လိုပြုမူခဲ့ကြတယ်ဆိုတာနဲ့ သက်ဆိုင်ပြီး မိုးတွေအုံ့ဆိုင်းမှိုင်းဝေနေတဲ့ ဆည်းဆာတွေနဲ့ နေရောင်လှလှဖြာဆင်းနေတဲ့ဆည်းဆာတွေကွာသလို ကွာခြားကြပါလိမ့်မယ် ။။။။။။။။။။။။။။။။။

FB မှမျှဝေသည် ရေးသူမမှတ်မိ၍creditမဖော်ပြနိုင်တာခွင့်လွှတ်ပါခင်ဗျာ