Wednesday, July 03, 2013

“အမျိုးဘာသာ သာသနာကို ဘယ်လိုစောင့်ရှောက်ကြမလဲ”

စည်သူအောင်မြင့်

ရန်ကုန်တိုင်းမ် သတင်းစာ၊ ဇွန် ၁၊ ၂၀၁၃၊ စာ- ၁၈။
ပီးခဲ့တဲ့ ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက် အောင်ဆန်းတပ်ဦး မိုးကုပ်ရိပ်သာမှာ ' အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့" ရဲ့ သြ၀ါဒ ခံယူပွဲနဲ့ ဦးဆောင်ဆရာတော်များ တွေ့ဆုံ ညှိုနှိုင်းပွဲ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို အနယ်နယ်အရပ်ရပ်က သံဃာအပါး ၁၅၀၀ ကျော် တက်ရောက်ပါတယ်။ သီတဂူ ဆရာတော် အရှင်ဥာဏိသရ ကိုယ်တိုင် တက်ရောက်တ၇ား ချီးမြှင့်ခဲ့ပေမယ့် ၀င်ရောက်ဆွေးနွေးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အစည်းအဝေးမှာ အခြားသော အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြပေမယ့် အဓိကအားဖြင့် 'မျိုးစောင့်ဥပဒေ နဲ့ ပတ်သက်တဲ့ ဥပဒေ ဆိုင်ရာ ကိစ္စတွေကို အဓိကထားရှင်းလင်းတာ၊ အဆိုတင်တာတွေ ပြုလုပ်ခဲ့ပြီး အချက်ငါးချက်ပါ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ 'အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ ကို ဖွဲ့စည်းဖို့ အစည်းအဝေးက ထောက်ခံအတည်ပြုတဲ့အကြောင်း ၊ မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေးအတွက် ထောက်ခံအတည်ပြုတဲ့အကြောင်း တွေ ပါဝင်ပါတယ်။ 
ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်မကြာမီမှာ သံဃာတော်တွေ ဦးဆောင်တဲ့ 'အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ အဖွဲ့" တွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးဘာသာ သာသနာ ဘယ်အခြေအနေ ရောက်နေသလဲ၊ အမျိုးဘာသာ သာသနာ မြှင့်တင်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်သလဲ၊ အမျိုးဘာသာ သာသနာ ကို ဘယ်သူတွေ က ထိန်းသိမ်းနေပြီး ဘယ်သူတွေက စော်ကားခဲ့သလဲ ဆိုတာတွေ ဒီကနေ့ ဆွေးနွေးသုံးသပ် တင်ပြသွားပါ့မယ်။ 
ဒီနေရာမှာ အမျိုးဘာသာ သာသနာဆိုတာ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တိုင်းရင်းသားပြည်သူတွေကို ဆိုလိုတာပါ။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ဖို့ ဆိုရင် အရင်စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ အနှစ် ၅၀ ကျော်ကာလ အမျိုးဘာသာ သာသနာ့အခြေအနေ ဘယ်လိုရှိခဲ့လဲ ဆိုတာ အရင်ပြန်ကြည့်ဖို့ လိုပါတယ်။ တကယ်တော့ ဒီကာလအတွင်း အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ့် သံဃာတော်တွေရော ၊ ဗုဒ္ဓဘာသာဝင်တွေပါ စစ်အာဏာရှင် တွေရဲ့ ဖိနှိပ်မှုဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်ဆိုရင် ငြင်းမယ့်သူ မရှိလောက်ပါဘူး။ နှစ် ၅၀ ကျော်ကာလ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်အားလုံး နီးပါးလောက်ဟာ ဗုဒ္ဓဘာသာဝင်ဗမာတွေ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပါတယ်။ ဘုရားတည် ၊ ကျောင်းဆောက်၊ အလှုအတန်းပြုလုပ်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လုပ်ကိုင်ဆောင်ရွက်သမျှ အရာအားလုံးဟာ သူတို့အာဏာကိ မထိပါးနိုင်တဲ့ အခြေအနေအောက်မှာ သာ သက်ဝင်ကိုးကွယ်ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။ အာဏာကို ထိပါးမယ်၊ လျော့ပါးစေမယ်လို့ ယူဆတဲ့အခါတိုင်းမှာ အမျိုးဘာသာ သာသနာကို သွေဖည်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ၀န်မလေးခဲ့ဘူးဆိုတာ ကိုလည်း သမိုင်းသက်သေအထောက်အထားတွေမှာ တွေ့နိုင်ပါတယ်။ 
ဒီနေရာမှာ အရေးကြီးဆုံး တစ်ချက်က အမျိုးဘာသာ သာသနာကို အဓိကစောင့်ရှောက်မယ့် သူတွေဟာ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားပြည်သူတွေ ဖြစ်ပါတယ်။ ပြောရရင် ဒီလိုပြည်သူတွေဘ၀ ဖိနှိပ်မှု မျိုးစုံခံရပြီး ဆင်းရဲမွဲတေ ၊ ပညာမဲ့ဖြစ်နေရင် အမျိုးဘာသာ သာသနာကိုလည်း ကောင်းကောင်းစောင့်ရှောက် နိုင်တော့မှာ မဟုတ်ပါဘူး။ ပြောရ၇င် တိုင်းပြည်မှာ ဗုဒ္ဓဘာသာအမျိုးကောင်း သားသမီးတွေ ဆင်းရဲမွဲတေနေကြပါတယ်။ ပညာရေးနိမ့်ကျနေကြပါတယ်။ သန်းနဲ့ချီရှိတဲ့ ပြည်သူတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်သာသာ အောက်ခြေသိမ်းအလုပ်လုပ်နေရတဲ့ဆီမှာ ဗုဒ္ဓဘာသာဝင်တွေ အများစုပါ။ အဲဒီအထဲမှာ ပြည့်တန်ဆာဘ၀ နဲ့ အသက်မွေးနေရသူတွေ၊ မတရားသွတ်သွင်းခံရသူတွေလည်း အမြောက်အမြားရှိပါတယ်။ 
မြန်မာနိုင်ငံထဲမှာလည်း ဒီလိုပါပဲ။ အောက်ခြေ အလုပ်လုပ်ရသူတွေ ၊ ကာရာအိုကေဆိုင် ၊ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ လုပ်ငန်းမှာ လုပ်ကိုင်နေရသူ အများစုဟာလည်း ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးတွေ အများစုပါပဲ။ ပြည်သူတွေဟာ အဲဒီလို အခြေအနေအောက် ရောက်နေတဲ့ တိုင်းပြည်မှာ အမျိုးဘာသာ သာနာကို ဘယ်လိုစောင့်ရှောက်မလဲဆိုတာ မေးခွန်းထုတ်စရာ ပြသနာ တစ်ခုပါ။ ပြောရရင် ကိုယ့်အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ဖို့ အဲဒီဘာသာဝင်တွေ ပညာရေး ရေချိန် မြင့်ဖို့လိုသလို စီးပွားဥစ္စာချမ်းသာကြွယ်ဝဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေက အများစုမို့ တစ်နည်းပြောရရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲ ရောက်ရောက် သံဃာတော်တချို့ကတော့ အမျိုးဘာသာ သာသနာ မြင့်တက်လာဖို့အတွက်၊ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာရဲ့ ပုံ၇ိပ်မြင့်တက်လာဖို့အတွက် ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ ထင်ရှားသူတွေထဲမှာ သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ အရှင်ဆေကိန္ဒနဲ့ ဆရာတော် ဦးဇောတိက တို့ပါဝင်ပါတယ်။ 
မတတ်နိုင်တဲ့ကြားထဲက ဘုန်းတော်ကြီးသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာဝင် သားသမီးငယ်တွေရဲ့ ပညာရေးမြှင့်တင်ပေးနေတဲ့ ဆရာတော်တွေ၊ သီလရှင်ဆရာကြီးတွေပါဝင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေ၊ အတိဒုက္ခရောက် ဖိနှိပ်ခံရမှုတွေကြောင့် ကိုယ်စိတ်နှစ်ပါး ညှိုးချုံး နေတာကို မကြည့်ရက်လို့ မိုးထဲရေထဲမှာ ဖိနပ်မပါ ထီးဗလာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ စီတန်းလမ်းလျှောက်ခဲ့တဲ့ ရွှေဝါရောင် သံဃာတော်တွေရဲ့ လုပ်ရပ်ဟာလည်း အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ အထက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။
စောင့်ရှောက်သူရှိသလို ဖျက်ဆီးသူဆိုတာလည်း ရှိခဲ့တာ ဓမ္မတာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ လေးစားကြည်ညိုတဲ့ ကမ္ဘာအဆင့် ပညာတတ်၊ ဟိုအချိန်ဟိုအခါက အသက်အငယ်ဆုံး တိပိဋက ဆရာတော်ဖြစ်ခဲ့တဲ့ ဆရာတော်ဦးသုမင်္ဂလကို ဘယ်သူတွေ ထောင်သွင်းထား နှိပ်စက်ခဲ့သလဲ၊ ဆရာတော် သံဃာတော်တွေ သီတင်းသုံးရာ ကျောင်းတိုက်တွေကို ဘယ်သူတွေက ၀င်ရောက်ပြီး ရိုင်းစိုင်းတဲ့ အပြုအမူတွေလုပ်ခဲ့သလဲ၊ ဒါတွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တာလား၊ စော်ကားတာလားဆိုတာ ဘယ်လောက်မှ မကြာသေးတဲ့ ကာလမှာကို အထင်အရှား ရှိခဲ့ပါတယ်။
အားလုံးခြုံငုံလိုက်ရင် အမျိုးဘာသာ သာသနာကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်မယ်ဆိုရင် အဲဒီဘာသာဝင်တွေရဲ့ ပညာရေး ပါအ၀င် ဘ၀အနေမြင့်မားအောင် လုပ်ပေးဖို့လိုပါတယ်။ တစ်နည်းပြောရရင် တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူတွေ စီးပွားရေး၊ တစ်နည်းအားဖြင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမယ့် လုပ်ရပ်တွေ လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုပါတယ်။


တစ်ဖက်မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသလို ဒီနိုင်ငံကို ဗမာ၊ မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ကယားနဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင် စုပေါင်း ပိုင်ဆိုင်ကြတယ် ဆိုတာ၊ ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ ယဉ်ကျေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာ အမြဲတမ်း နှလုံးသွင်းဖို့တော့ လိုပါကြောင်း သုံးသပ်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်