Tuesday, June 18, 2013

ဝဲစားနိုင်ငံလို့ အထင်မခံခဲ့ရပါ

မြန်မာနိုင်ငံဟာ ၁၉၄၈ လွတ်လပ်ရေးရချိန်ကစလို့ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ ၁၀ နှစ် ကြာမြင့်ခဲ့တယ်။ အဲဒီ ၁၀ နှစ် ၁၀ မိုး ကာလအတွင်း တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီး တခြိမ်းခြိမ်း ဖြစ်နေတဲ့ ကြားက လယ်ယာစီးပွား လုပ်သူတွေ ဆက်လုပ်၊ ပြည်ပ ဆန် တင်ပို့တာတွေ လည်း မပျက်မကွက် ဆက်လုပ်၊ အခြား စက်မှုထုတ်ကုန် အိတ်စပို့ အင်ပို့တွေကလည်း အရှိန် အဟုန်နဲ့။ သည်ကြားထဲ ပြည်တော်သာ စီမံကိန်းကြီး ဆိုတာတောင် ပေါ်ပေါက်ခဲ့သေး။ ဆဋ္ဌသံဂါ ယနာတင်ပွဲကြီးကလည်း ဗုဒ္ဓဘာသာသမိုင်းမှာ မှတ်တိုင်ကြီး ထီးထီးမားမား စိုက်ထူနိုင်ခဲ့။ အရှေ့တောင်အာရှမှာ ၀ဲစားနိုင်ငံလို့ ဘယ်သူကမှ မထင်ခဲ့ရုံမက မြန်မာပြည်သားတွေ သွားလေရာ မျက်နှာပန်းလှကာ အိမ်နီးချင်း နိုင်ငံသားတွေရဲ့ မော်ကြည့်ခြင်းကို ခံခဲ့ရတာ အားလုံး အသိပါ။ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည်ကြီးရဲ့ အခြေအနေတွေ ဘက်ပေါင်းစုံက ယိုယွင်း လာနေတယ်လို့ ပြောစရာ တစ်ကွက်မှ မရှိခဲ့။

၁၉၅၈ အာဏာသိမ်းပွဲ
============

အဲသလို ပြည်တော်သာ ခေတ်ကြီးကိုပင် ရှေးရှုနေချိန်မှာ ပြည်တော် မသာခဲ့တာက အာဏာရ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးပါပဲ။ ဖဆပလကြီး ထက်ခြမ်းကွဲရာက အစပြုပြီး တည်မြဲ ဖဆပလ လိုလားသူ ဆိုရှယ်လစ်ပါတီ လက်ဟောင်း စစ်ဗိုလ်ချုပ်တချို့နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း ပူးပေါင်းကာ ၁၉၅၈ ခုမှာ ဦးနုဆီက အာဏာသိမ်းခဲ့ပါတယ်။ သမိုင်းရေးတဲ့အခါ တိုင်းပြည် မငြိမ်မသက်ဖြစ်နေလို့ ဗိုလ်ချုပ်ကြီး နေ၀င်းလက်ကို ဦးနုက အာဏာ အပ်လိုက်ရတယ် ဆိုတဲ့ အပေါက်မျိုး ရေးသူတွေ ရှိတယ်။

စစ်တပ် ရာဇ၀င်ရိုင်းမယ်
=============

တကယ့် အဖြစ်အပျက်က ဦးနုဆီကို ဗိုလ်ချုပ်နေ၀င်း အမိန့်အရ အာဏာလာသိမ်းတဲ့ စစ်ဗိုလ်ချုပ် သုံးယောက် (ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေ) က ၀န်ကြီးချုပ် ရုံးမတက်ပါနဲ့တော့ လို့ပြောတော့ ဦးနုက မင်းတို့ စစ်တပ်က အာဏာသိမ်းတာလား၊ အာဏာသိမ်းတယ်ဆိုတာ စစ်တပ် အတွက်လည်း ရာဇ၀င်ရိုင်းမယ်၊ တိုင်းပြည်အတွက်လည်း မကောင်းဘူးကွာ၊ သည်တော့ ကျုပ်က ဗိုလ်ချုပ်ကြီးနေ၀င်းကို အာဏာလွှဲအပ်မယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူ ပြီး ၆ လ အတွင်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ။ ရွေးကောက်ပွဲမှာ အနိုင်ရ တဲ့ နိုင်ငံရေးပါတီကို အာဏာ ပြန်လွှဲအပ်ပါလို့ တောင်းဆိုလိုက်တာပါ။ ဦးနုက တိုင်းပြည်ကြီး မငြိမ် မသက် ဖြစ်နေပါပြီ၊ ကျုပ်လည်း မထိန်းသိမ်းနိုင်တော့ပါ၊ ဒါကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာ လွှဲယူပြီး ကယ်တင်တော်မူပါလို့ တောင်းဆိုခဲ့တာ မဟုတ်ပါ။

လေ့လာမိတဲ့ ရာဇပရိယာယ်အချို့ 
(မောင်ဝံသ၊ ပြောချင်လွန်းလို့) ဆောင်းပါးမှ

by ပြည်သူ့ခေတ် (Notes) on Tuesday, June 18, 2013