Wednesday, August 18, 2010

ဗုဒ္ဓဘာသာခုတုံးလုပ်၊ ဗုဒွဘာသာလို့ အမည်ခံတဲ့ မိုးပြာဂိုဏ်းအကြောင်း

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်းသို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင် သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့် မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။ သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။ သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက် ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း
အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ 
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့် (၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။ စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။
မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်..... (၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။
မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။ ရှေးဘ၀၊ နောက်ဘ၀ လက်မခံ ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆) လက်ခံလျှင် အကျိုးမရှိ တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊) ၃၁ ဘုံ လက်မခံ ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။ (ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆) လူကိုတော့ မသတ်နှင့် လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။ (ဘုရား၊ စာ ၁၃၁) ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။ (ဘုရား၊ စာ ၁၃၅) အများပိုင်ပစ္စည်း ခိုးနိုင်သည် နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။) မမူးအောင်သောက် သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။ (ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀) ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။ (ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်) စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော် ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။ ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”

“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား” “ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”
(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)
ဦးဥာဏဆိုသည်မှာ
မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။ မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။ ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။ ၀ိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။
ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။ ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။ ၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။
အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။
ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်အား အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ် ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။ ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊ ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင် စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။ ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။ ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။ စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။ အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။ ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။
သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ
မှတ်ချက်။ ။အီးမေးလ်မှ တဆင့်ဖော်ပြပေးတာဖြစ်ပါတယ်။ ကျတော်အနေနဲ့ ဘာသာရေးနဲ့ ပက်သက်လို့ သာမန်မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ် မည်သူမှန်တယ် မှားတယ်ကို ဝေဖန်နိုင်တဲ့အဆင့်မဟုတ်တဲ့အတွက် စာဖတ်သူများ မိမိဖာသာချင့်ချိန်စဉ်စားတော်မူကြပါခင်ဗျာ။
တဆင့်ပေးပို့ပေးတဲ့ သူငယ်ချင်း ငယ်လေးမ ကိုကျေးဇူးတင်ပါတယ်။။

0 comments: