Thursday, September 29, 2011

မြစ်ဆုံဆည်စီမံကိန်းအတွက် မေတ္တာရပ်ခံစာ သမ္မတကြီးထံ ပေးပို့သွားမည်ဟု သစ်တောပညာရှင် ဦးအုန်း ပြောကြား

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အကောင်းနှင့်အဆိုးကို အချိန်ယူစဉ်းစားပြီး ပြန်လည်သုံးသပ်ပေးပါရန် ပညာရှင်များနှင့် ဧရာဝတီကို ချစ်မြတ်နိုးသူများက သမ္မတကြီးထံ မေတ္တာရပ်ခံစာ ပေးပို့သွားမည်ဖြစ်ကြောင်း သစ်တောပညာရှင် ဦးအုန်းက ပြောသည်။ အဆိုပါ မေတ္တာရပ်ခံစာသည် စက်တင်ဘာ ၂၃ ရက်က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီသီရိခန်းမတွင် မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သော မြစ်ဆုံရေကာတာကိစ္စနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးပွဲ၌ ပညာရှင်များ၏ အမြင်သုံးသပ်ချက်များကို အခြေခံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် သစ်တောပညာရှင် ဦးအုန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ ဆည်မြောင်း အင်ဂျင်နီယာများ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင်များနှင့် နိုင်ငံရေးပါတီများက ထောင့်ပေါင်းစုံမှ အမြင်မျိုးစုံကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က “ဧရာဝတီမြစ်ဆုံကိစ္စဟာ အကြီးအကျယ် အခမ်းအနားဆုံးနဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ယူဆတဲ့အတွက် ပညာရှင်ပေါင်းစုံကို ဖိတ်ခေါ်ပြီး ဒီပွဲလေးကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ် အသွင်းပြောင်းသွားရန် မြန်မာနိုင်ငံရဲ့ အနေအထားလည်း ပြောင်းသွားမယ်။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ထိခိုက်လာမယ့် အရာတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အားလုံးက ဆောင်ရွက်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံဟာ လွှတ်တော်ရဲ့ အသံဖြစ်ရမယ်လို့ ပြောထားတဲ့အတွက် နိုင်ငံတော်သမ္မတကြီး အမှူးရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေနဲ့ အခြားအရေးကြီးတဲ့ အစိုးရအဖွဲ့တွေကို မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: