Thursday, September 29, 2011

နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဘာသာရပ်များ လေ့လာရန် လူငယ်များ ပိုမိုစိတ်ဝင်စား

၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံရေးအပေါ် ထားရှိခဲ့သည့် အမြင် အယူအဆများနှင့် နိုင်ငံရေးနှင့် ဆက်စပ်သည့် ဘာသာရပ်များကို လေ့လာရန် လူငယ်များ ပိုမိုစိတ်ဝင်စားလာခဲ့သည်ကို တွေ့ရသည်။ လူငယ်အများစု စိတ်ဝင်စား လေ့လာသည့် နိုင်ငံရေးနှင့် ဆက်နွှယ်သော ဘာသာရပ်မှာ နိုင်ငံတကာ ဆက်ဆံရေးပညာ International Relations  ဖြစ်ပြီး ယင်းဘာသာရပ်ကို  ရန်ကုန်တက္ကသိုလ် ဒီပလိုမာတန်း အဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ပို့ချခဲ့ရာ ၂၀၀၈ နောက်ပိုင်းတွင် လူငယ်အများစု ပိုမိုစိတ်ဝင်စားလာခြင်းတို့ကြောင့် တိုးချဲ့ဖွင့်လှစ်လာခဲ့ရသည်ကို ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါ်ချောချောစိန်က ပြောပြခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းနှင့် အစိုးရသစ် လက်ထက်မှ စတင်ကာ လူငယ်များကြားတွင် နိုင်ငံရေးအမြင်နှင့် နိုင်ငံရေး တွေးခေါ်မှုများ ပြောင်းလဲလာခဲ့သည့်အပြင် နိုင်ငံရေးနှင့် ဆက်နွယ်မှုရှိသည့် ဘာသာရပ်များကို လေ့လာလိုမှုများ ရှိလာခဲ့ကြသည်ကို လူငယ်များထံမှ စုံစမ်းသိရှိရပါသည်။ “လူငယ်တွေ နိုင်ငံရေးအမြင်တွေနဲ့ ဒီလိုဘာသာရပ်ကို စိတ်ဝင်စားလာသလို နိုင်ငံရေး အတွေးအခေါ်တွေကိုတော့ နားလည်ထားဖို့ လိုတယ်။ ပြည်သူ၊ ကျောင်းသား၊ အစိုးရ ၀န်ထမ်းများပါမကျန် နိုင်ငံရေးအမြင်တွေ၊ အတွေးအခေါ်တွေ ရှိထားဖို့ လိုတယ်”ဟု ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါ်ချောချောစိန်က ပြောကြားခဲ့ပါသည်။ “IR ကိုတက်ရတဲ့ ရည်ရွယ်ချက်က လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာ ရွေးကောက်ပွဲရှိခဲ့ပြီ။ ဒီမိုကရေစီအသွင် ကူးပြောင်းနေတယ် ဆိုတဲ့အချိန်မှာ ဒီမိုကရေစီဆိုတာ ဘာလဲ။ ပြီးတော့ ကျွန်တော်တို့ မျိုးဆက်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ထိတွေ့မှု မရှိဖူးခဲ့ဘူး။ ကိုယ့်နိုင်ငံတင် မကဘဲ အာရှ၊ ဥရောပမှာ Election (ရွေးကောက်ပွဲ)ကို ဘယ်လိုကျင်းပလဲ။ ဘယ်လောက်အထိ လွတ်လပ်မျှတမှုရှိသလဲ စသဖြင့် သိချင်လို့ကို တက်ဖြစ်ခဲ့တာပါ” ဟု ၂၀၁၀ ပြည့်နှစ်က ဒီပလိုမာ ကျောင်းသားတစ်ဦးက သူ၏ တွေ့ကြုံရမှုများကို ရှင်းပြခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေး ဘာသာအား ဘွဲ့ရသည်အထိ သင်ယူနိုင်သူများမှာ ၀ိဇ္ဇာအထူးပြုသူများသာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်ထားသော ဒီပလိုမာတန်းများမှာမူ မည်သည့် ဘွဲ့ရဖြစ်စေ ၀ိဇ္ဇာ၊ သိပ္ပံ ခွဲခြားမှုမရှိဘဲ သင်ယူနိုင်ကြောင်း သိရသည်။ လက်ရှိ လူငယ်များကြားတွင် နိုင်ငံရေးအပေါ် အမြင်၊သဘောထားများ ကွဲပြားလာခဲ့သည့်အပြင် ရွေးကောက်ပွဲများတွင် မည်သည့်ပါတီသည် မိမိတို့တိုင်းပြည်၏ အနာဂတ်ကို မည်ကဲ့သို့ ဖန်တီးပေးနိုင်မည်ဆိုသော အသိများ ရယူလိုသည့် ရည်ရွယ်မှုများအပြင် ရွေးကောက်ပွဲ အသိများစွာ ရှိလာရန် ကြိုတင်ပြင်ဆင်လို၍လည်း လေ့လာသူများ ရှိလာခဲ့သည်ကိုလည်း လူငယ်အချို့က ပြောကြားခဲ့ကြသည်။ စင်စစ် လူငယ်များ အနေဖြင့် နိုင်ငံအရေးတွင် နိုင်ငံရေး အတွေးအခေါ်များ ယခင်ကထက် ပိုမိုသိရှိ နိုးကြားလာ၍ ယခုကဲ့သို့ နိုင်ငံရေး ဘာသာများအား သင်ယူလိုလာကြခြင်း ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: