Tuesday, August 24, 2010

ခြင်ဆေးခွေအသုံးပြုကြသော ပြည်သူများအတွက် သတိပေးထုတ်ပြန်ချက်

ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် ခြင်ဆေးခွေများ ၀င်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချနေသော ခြင်ဆေးခွေအချို့မှာ တရားဝင် ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်း မရှိသော အဆိပ်ရှိပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။ မြန်မာနိုင်ငံ ပိုးသတ် ဥပဒေအရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့တွင်လည်း တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရယူထားခြင်း မရှိပါ။ ယင်းခြင်ဆေးခွေများတွင် အဆိပ်ရှိ ပစ္စည်းပါဝင်မှု ပမာဏမှာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှု ပမာဏထက် ပိုမိုပါဝင်နေပါသဖြင့် အသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ သို့ပါ၍ အဆိုပါ ခြင်ဆေးခွေများကို သုံးစွဲခြင်း မပြုကြရန်နှင့် ပိုးသတ်ဆေး မှတ်ပုံတင် ခွင့်ပြုထားခြင်း မရှိသော အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ခြင်ဆေးခွေများကို တင်သွင်းခြင်း၊ ရောင်းချခြင်းတို့ကို တားဆီး အရေးယူခြင်းနှင့် သိမ်းဆည်းမှုပြုလုပ်ရန် (၁၈)ကြိမ်မြောက် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ထားကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments: