နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ
May 16, 2010ဟိန်းခိုင်ထွန်း
၁၄း၀၀ နာရီ့ Updates မွန်ပြည်နယ် ၊ကရင်ပြည်နယ် ၊ကော့မှုး နှင့် ဧရာဝတီ တိုင်း ရှိ ဒေသ အချို့ တွင် မိုးစတင်ရွာသွန်း
၀၉း၁၀ နာရီ Updates ဧရာဝတီ တိုင်း ပြင်စလူ ၊ငပုတော နှင့် ဟိုင်းကြီးကျွန်း တွင် လေပြင်းများတိုက်ခတ်

ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် အနောက်မြောက်ဘက် အရပ် သို့ မေလ ၁၆ ရက်နေ့ မနက်က ဦးတည် ရွေ့ လျှားလာစဉ်
အားနည်းသည့် မုန်တိုင်းငယ် အဖြစ် အသွင်းပြောင်း လဲပြီးနောက် တဖြည်းဖြည်း အနောက်
မြောက် အရပ် ဆီသို့ ရှေးရှုလာသည်။
ထိုမုန်တိုင်းငယ် ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်း ရခိုင်ပြည်နယ် ဒေသအချို့ ၊ပဲခူးတိုင်း ဒေသအချို့ 
နှင့် ရန်ကုန် တိုင်း တို့ တွင် မိုးရွာသွန်း နိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ်
ပြန်သည်။
ရန်ကုန် မြို့ ၏ ယမန်နေ့ ညနေ က အပူချိန် သည် ၁၁၈ ဒီဂရီ ဖာရင်ဟိုက် ထိရှိခဲ့ပြီး အပူလွန်ကဲ မှု ကြောင်
သေဆုံးသူများ များပြားသောကြောင့် ရန်ကုန် မြို့ ရေဝေးသုဿာန် အ၀င်လမ်းသည် နာရေး ပို့ ဆောင်
သည့် ကားများ ဖြင့် ပြည့်ကျပ်နေသည် ဟု ၄၃ မော်တော် ကား လိုင်းမှာ ယာဉ်မောင်း တစ်ဦးက Freedom
News Group သို့ ပြောသည်။
နိုင်ငံတ၀ှမ်း တွင် အပူဒဏ်ကြောင့် ပင်ပမ်းနွမ်းနယ်မှု နှင့် ရေဓာတ်ခမ်းခြောက်မှု ကြောင့် ရုတ်တရက် သတိ
လစ်ပြီး သေဆုံးသူ ဦးရေမှာ တစ်နေ့  လျှင် ပျမ်းမျှ အယောက် ၁၀၀ ခန့် ထိရှိ နိုင်သည် ဟု မန္တလေး ဆေးရုံ
ကြီး ပြင်ပ လူနာဌာန မှ ဆရာဝန် တစ်ဦး က ပြောသည်။
ဧပြီလ နှောင်း ပိုင်း က သေဆုံးသူများ မှာ လူကြီး နှင့် သက်ကြီးရွယ် အိုများ သာ ဖြစ်သော်လည်း မေလဆန်း
ပိုင်းမှ စကာ လူငယ်များ ပါသေဆုံးကြသည်။
မြန်မာ စစ်အစိုးရ ကမူ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် သာ ထုတ်ပြန်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ
ဦးရေကို သတင်း ထုတ်ပြန်ခြင်း မရှိချေ။
မန္တလေး မြို့ တွင် ယမန်နေ့ က သုဿာန် နှစ်ခု တွင် အလောင်း ၂၇၀ ခန့် အား သဂြိုဟ်ခဲ့ရသည် ဟု မန္တလေး
စည်ပင်မှာ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့်  မုန်တိုင်းငယ် သည် မြန်မာ့ ကမ်းရိုးတန်း နှင့် မိုင် ၂၅၀ ခန့် 
အကွာမှ တဖြည်းဖြည်း ချင်းဖြတ်ကျော်သွား မည် ဖြစ်သည်။မုန်တိုင်းငယ် ၏ အရှိန် ကြောင့် မြန်မာ ကမ်းရိုးတန်း
ဒေသများ တွင် လေပြင်းများ တိုက်ခတ် နိုင်ပြီး မိုးသည်းထန် စွာရွာသွန်း နိုင်သည်။
ထို မုန်းတိုင်းငယ် သည် မုန်တိုင်း ကြီး အဖြစ်ပြောင်းလဲ နိုင်ခြင်း မရှိပဲ ဘင်္ဂလားဒေရှ့်  နိုင်ငံ ကမ်းခြေ သို့ 
ဝင်ရောက်သည့် အခါ အားပျော့ ပျက်ပြယ်သွားမည် ဖြစ်သည်။
--------------------------------------------------------------------------------------------------------------
ဒလ ရေပြတ်မှု ဆိုးရွား
ရန်ကုန် (မဇ္ဈိမ)။ ။ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့်
ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့ရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင်
နေထိုင်သူလူထုအားလုံး သောက်သုံးရေရှားပါးမှုပြဿနာနှင့်
ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။
ရပ်ကွက်အားလုံးလိုလိုရှိ
ရေတွင်း၊ ရေကန်များ ခန်းခြောက်သွားသဖြင့် ရန်ကုန်မြို့မှ စေတနာရှင်များ
တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှုးနှင့် အနီးဝန်းကျင် ကျေးရွာများတို့မှ
လာရောက်လှူဒါန်းသည့် သောက်ရေ သုံးရေများကိုသာ စောင့်ဆိုင်းနေရသည်။“အရင်နှစ်တွေက နွေဆိုကန်တွေမှာ ရေနည်းသွားပေမယ့် မိုးရွာတဲ့အထိတော့ခံတယ်။ ဒီနှစ်တော့ ရေကန်တကန်မှ မကျန်သလောက် ဖြစ်သွားပြီ။” ဟု ဒလမြို့ မှော်စက်ရပ်ကွက်နေ အမျိုးသမီးတဦးကဆိုသည်။
ဒလမြို့နှင့်အနီးဝန်းကျင်ဒေသတွင် မူလကတည်းက ရေချိုထွက်ရှိခြင်းမရှိသည့်ဒေသဖြစ်သည်။ အဝီစိတွင်းတူးလျှင် ရေငံများနှင့် သောက်သုံး၍မရသော ရေများသာထွက်ရှိသဖြင့် မိုးရေကို စုပေါင်းရေကန်များတွင် သိုလှောင်ပြီး နွေရာသီတခုလုံး သုံးစွဲရခြင်းဖြစ်သည်။
လက်ရှိတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစေတနာရှင်များ အစုအဖွဲ့လိုက် လာရောက်လှူဒါန်းနေသော်လည်း မြင့်မားသည့် သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိသေးပေ။
ဒလမြို့တွင် ရေပြတ်လပ်မှုစတင်ခဲ့သည်မှာ ဧပြီလလယ် သင်္ကြန်အပြီးကာလကတည်းက ဖြစ်သော်လည်း အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် ယခုအခါ တမြို့လုံးအနေအထားထိ ရေပြတ်လပ်မှု ကြုံနေရပြီဖြစ်သည်။
“ရေအလှူရှင်တွေ လာပြီဆိုရင် တအိမ်လုံးပြေးရတယ်။ တခါတလေ မသိလိုက်လို့ လွတ်သွားရင် ဘေးအိမ်က ရေနှစ်ဘူးလောက် တောင်းသောက်ရတယ်။ တခါတလေ ရေကားသုံးစီးလောက် လာလှူပေမယ့် တချို့နေ့တွေလည်း လာလှူတဲ့သူမရှိဘူး။” ဟု ရာဇသင်္ကြန်ရပ်ကွက်နေ သူတဦးက ဆိုသည်။
သုံးရေအတွက်
ဒလမြို့နယ် စည်ပင်ပိုင် ရေတင်ကား (ရေဘောက်ဆာ) နှစ်စီးနှင့် မီးသတ်ဌာနမှ
ရေသယ်ယာဉ်တစီးကို သက်ဆိုင်ရာဌာနများက စက်သုံးဆီ စိုက်ထုတ်၍ ကြံဖွံ့မှ
လိုက်လံဝေငှခြင်းရှိသော်လည်း လုံလောက်စွာမရဟုဆိုသည်။“ရေမရှိလို့ ဒုက္ခရောက်နေတယ်ကြားလို့ ကားသုံးစီးနဲ့ လာလှူတာ။ ဒါပထမဆုံးအခေါက်ပဲ။ အခြေအနေဒီလောက်ဆိုးမှန်းမသိဘူး။ နောက်ရက်တွေလည်း ထပ်ပြီးလာလှူဖို့ စဉ်းစားနေပါတယ်။” ဟု ရေလာရောက်လှူဒါန်းသည့် လှိုင်သာယာ ၁၂၆-၁၂၇ ယာဉ်လိုင်းအဖွဲ့က ဆိုသည်။
ဆင်ခြေဖုံးရပ်ကွက်အချို့တွင် ရေပြတ်လပ်မှုဒဏ်ကြောင့် ရရာရေအချို့ကို သောက်သုံးနေကြသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မကြာမီ ဖြစ်ပွားလာနိုင်သည့် အနေအထားတွင်ရှိကြောင်း ဒေသခံ ဆရာဝန်တစ်ဦးက ပြောသည်။
“ ရေလှူတဲ့သူတွေက ပုဂ္ဂလိကအလှူရှင်တွေဆိုတော့ အဆင်ပြေတဲ့ နေရာတွေ လှူသွားရတာလေ။ တချို့အရမ်းအစွန်အဖျားကျတဲ့ နေရာတွေဆို လှူတဲ့အဖွဲ့တွေ မရောက်တာလည်းရှိတယ်။ ရေမရတော့ ရတဲ့ရေကို ကြုံသလိုသောက်ကြတယ်။ တချို့လည်း ကြုံတဲ့ရေကို တညသိပ်ပြီး သောက်နေကြတယ်။ နောက်တပတ် ဆယ်ရက် ဒီအတိုင်းဆက်သွားရင် ဝမ်းရောဂါတွေ ဖြစ်လာနိုင်တယ်။”ဟု အဆိုပါဆရာဝန်က ဆိုသည်။
ရေလာရောက် လှူဒါန်းသူများအား အာဏာပိုင်များက ပိတ်ပင်တားဆီးခြင်းမရှိသော်လည်း လာရောက်လှူဒါန်းသည့် နေရာများသို့ ရယက၊ ကြံဖွံ့နှင့် မီးသတ်တပ်ဖွဲ့များ လာရောက်စောင့်ကြည့်ခြင်းပြုလုပ်ကြောင်း သိရသည်။
အနောက်အံ့ကြီး ရပ်ကွက်နေ အမျိုးသမီးတဦးက “ကျမတို့ရပ်ကွက်မှာ တော်တော်များများ ဆင်းရဲကြတယ်။ ကလေးတွေကို ရေစောင့်ခိုင်းတာ အဆင်မပြေလို့ အလုပ်လုပ်တဲ့သူထဲက တယောက်ကနားပြီး ရေစောင့်တန်းစီရတယ်။ အလုပ်ပျက်ပေမယ့် သောက်ရေပြတ်လို့ မရဘူး။ တခြားအလှူရှင်တွေကိုလည်း နောက်ရက်တွေ လာလှူပေးဖို့ ပြောပေးကြပါ။” ဟု ဆိုသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရေအလှူရှင်ကားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အနိုင်ကျင့်
2010-05-14
ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ရေလှူဒါန်းနေကြတဲ့ အလှူရှင်ကားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အလံစိုက်ခိုင်း နေတာကြောင့် ရေအလှူရှင်တွေ စိတ်အနှောင့်အယှက် ဖြစ်နေရသလို ရေလှူဒါန်းသူတွေလည်း တစထက်တစ နည်းပါးလာနေတယ်လို့ သိရပါတယ်။
သောက်ရေ ပြတ်လပ်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့ ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA) အပူချိန်မြင့်တက်ပြီး သောက်သုံးရေ ပြတ်လပ်နေတဲ့ ဒလမြို့အဝင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက ရေလှူဒါန်းတဲ့ ကားတွေကို တားဆီးပြီး အလံစိုက်ခိုင်းနေတာ ဖြစ်ကြောင်း မေလ ၁၄ ရက် ဒီကနေ့ ကိုယ်တိုင် သွားရောက် ရေလှူခဲ့သူ လူငယ်တဦးက RFA ကို အခုလို ပြောပါတယ်။
“ဒီကနေပြီးတော့ သွားလှူတယ်၊ သွားလှူတဲ့အခါကျတော့ ဒလမြို့နယ်မှာ ကျနော်တို့ ကြံ့ခိုင်ရေးကဆိုလို့ရှိရင် သူတို့ ကြံ့ခိုင်ရေးအလံကို တပ်ပြီးလို့ရှိရင် ရေတွေကို လှူလို့ရမယ်၊ ကြံ့ခိုင်ရေးအလံကို မတပ်ဖူး ဆိုလို့ရှိရင် ရေမလှူနဲ့ ၊ ကျနော်တို့ အခု ကားနဲ့သွားရင် ကားမှာစိုက်၊ ကွန်တောင်းနဲ့သွားရင် ကွန်တောင်းမှာစိုက်၊ အခု အဲ့လိုစိုက်ခိုင်းတာပေါ့၊ ဒလမြို့အဝင်မှာ ခင်ဗျ၊ သူတို့ ကြံ့ခိုင်ရေးက သူတို့ အကြီးအကဲတွေက ဒါကိုသူတို့ ညွန်ကြားထားလို့ လုပ်တာပါ ဆိုပြီးတော့ အဲ့ဒီက စည်းရုံးရေးမှူး တယောက်ကတော့ ပြောပါတယ်ခင်ဗျ၊ ရေလှူဒါန်းတဲ့သူတွေကတော့ အကုန်လုံး ပြန်မောင်းထွက်လာတာပေါ့။ ထွက်လာပြီး တဖက်ကနေ လမ်းကြို လမ်းကြားတွေကနေ ပြန်ဝိုက်ပြီးတော့ အဲ့လိုပဲ တိုက်ရိုက် သွားလှူကြတာပဲ၊ ကြောက်တဲ့လူတွေကျတော့လည်း အဲ့လိုပဲ ပေါ့၊ အလံ စိုက်ခိုင်းလိုက်တော့တာပေါ့၊ သူတို့က လှူရဖို့ အရေးကြီးတယ်ဆိုပြီးတော့၊ ကျနော်တို့ တွေကျတော့ အစိုက်မခံဘူး ကိုယ့်ဖာသာကိုယ် လှူတယ်။”
ခုနောက်ပိုင်း လာရောက် ရေလှူဒါန်းကြတဲ့ အလှူရှင်တွေ နည်းပါးလာနေပြီး မြို့တွင်းက ဘုန်းတော်ကြီးကျောင်း အတော်များများမှာလည်း ရေပြတ်လပ်မှုတွေ ရှိနေသေးတယ်လို့ ခုနက ရေလှူဒါန်းခဲ့တဲ့ လူငယ်ကပဲ ဆက်ပြောပါတယ်။
အလားတူ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာလည်း ရေအလှူရှင်တွေ သွားရောက် လှူဒါန်းနေတာတွေ ရှိနေပေမဲ့ ရေမလုံလောက်ပဲ ဖြစ်နေကြတယ်လို့ ဒေသတွင်း ရေရရှိရေးအတွက် သွားရောက် ကူညီ လှူဒါန်းပေးနေသူတဦးက RFA ကို ပြောပါတယ်။
“ကွမ်းခြံကုန်းနားက အနီးအနားက ရွာတွေပေါ့ သုံးခွ၊ ခရေကုန်း၊ တိုက်ကြီး၊ ဆင်သိုရွာတွေ နောက် တော်ကူးဆိုတဲ့ ရွာလည်း ပါတယ်၊ ကပ်မလာရွာ၊ မှောဘီ ၊ ဒယ်လူး ရေကန်တွေ ခမ်းခြောက်ပြီးတော့ သောက်ရေ မရတာ၊ တချို့နေရာတွေကတော့ ပတ်ကြားတွေ အက်ကုန်ပြီ၊ မြို့ပေါ်က အလှူရှင်တွေက ထောလဂျီ တွေနဲ့ သွားပြီးတော့ ပို့ပေးကြတယ်လေ၊ ဒီမှာ ရွာတရွာကို တနေ့ တနေ့ကို ထော်လဂျီ နှစ်စီး သုံးစီး၊ အဲ့လိုပဲ ပေးနိုင်တယ်၊ မိုးကလည်း ဒီမှာ လုံးဝ မရဘူး။”
ကွမ်းခြံကုန်းမြို့နယ်အတွင်းက သောက်သုံးရေ ပြတ်လပ်နေကြတဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းကြတဲ့ အလှူရှင်တွေဟာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မေးမြန်းမှုတွေ ခံနေကြရသလို ရေရှားပါးမှုကြောင့် ဖြစ်ပေါ်လာမဲ့ ရောဂါအန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတယ်လို့ ပြောနေကြပါတယ်။
-----------------------------------------------------------------------------------------------------------------
အပူလှိုင်းဒဏ်ကြောင့် လူအသေအပျောက်များ
သောက်သုံးရေအတွက် တန်းစီ စောင့်ဆိုင်းနေကြသူများ၊ (ဓာတ်ပုံ အေပီ)
မိုးမရွာပဲ လနဲ့ချီကြာ အပူချိန် အဆမတန်မြင့်မားမှုကြောင့် ကျန်းမာရေးအရ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ကြားက အပူကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတာပါ။ အများစုကတော့ အပူချိန်ဒဏ်မခံနိုင်တဲ့ သက်ကြီးပိုင်းတွေ ဖြစ်ပေမဲ့ လူလတ်ပိုင်းတွေ လူငယ်ပိုင်း တွေလည်း ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ နာရေး အကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်းက ကိုကျော်သူက အခု ရက်ပိုင်း အတွင်း သူတို့ကူညီရတဲ့နာရေးတွေ ပိုများလာတယ်လို့ ပြောပါတယ်။
“အခြေအနေက တော်တော်များတယ်၊ များတယ်ဆိုတာ အရင်တုန်းကဆိုရင် ကျနော်တို့ ပုံမှန် ခါတိုင်း ဒီ့ပြင်နှစ်တွေ၊ ဒီ့ပြင်ရာသီတွေဆိုရင် ၄၀ နဲ့ ၄၅ လောက် ရှိတယ်။ အခုကျတော့ ၅၀ ကျော်ပြီးတော့ အခု ၇၀ လောက် ကျနော်တို့ အကူအညီပေးနေရတယ်။ တနေ့တနေ့ သေဆုံးတဲ့သူ အယောက် ၇၀ ကျော် လုပ်ပေးနေရတယ်။ ကျနော်တို့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ တချို့ ဆိုရင် ည ၈ နာရီ လောက်မှ အိမ်ပြန်ရတာတွေဖြစ်နေတယ်။”
အပူကြောင့် သေဆုံးတဲ့လူများတယ်ဆိုတာ ဘယ်လိုရောဂါမျိုး၊ ဘယ်လိုပုံစံမျိုး တွေနဲ့ သေဆုံးတာများလဲ ခင်ဗျ၊ အစ်ကိုတို့ တွေ့ရသလောက်။
“ကျနော်တို့မြင်တာကတော့ ရာသီဥတုပူတယ်၊ ပူတော့ ကျနော်တို့တောင် နေရထိုင်ရတာ တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့် မီးမလာတော့ ပိုပြီးဆိုးတာပေါ့။ ပန်ကာတို့ အဲကွန်းတို့လဲ ဖွင့်မရ၊ တက္ကဆီမောင်း ကားဆရာ တွေဆိုရင် ကားမောင်းရင်းနဲ့ ဆုံးသွားတာတွေ ရှိတယ်။ တချို့ ဆိုက်ကားဆရာ တွေလဲ ဒီတိုင်းပဲ။ ဒီ အပူထဲမှာသွားရင်းနဲ့ နေပူတော့ မျက်နှာသုတ်ပုဝါကို ရေဆွတ်ပြီးတော့ လည်ပင်းမှာ အုပ်ပြီး မောင်းတယ်၊ အဲဒါနဲ့တင် ဦးနှောက်ကြော ပြတ်တာတို့ ဘာတို့ ချက်ခြင်း ဆုံးကုန်တာတွေရှိတယ်။ နောက် လူကြီးပိုင်းတွေ ဆုံးတာတွေ များတယ်။ များတာတော့ အားလုံး မျှနေတာပါပဲ။ လူကြီးပိုင်းလည်း ဆုံးတယ်၊ လူငယ်ပိုင်းလည်း ဆုံးတာများတယ်။
“ပန်းချီသန်းမြင့်အောင်ဆိုရင် ပြီးခဲ့တဲ့လက မော်လမြိုင်ဘက်က လိုဏ်ဂူတွေမှာ သွားပြီးတော့ Field ဆင်းပြီးတော့ ပန်းချီတွေဆွဲလာတယ်၊ ဆွဲလာပြီးတော့ ပြန်လာတာနဲ့ အဲဒီမှာ ဖျားတာပဲ။ ဖျားပြီး အပူရှိန်တက်ပြီးတော့ အသက်ပါ ပါသွားတဲ့ သဘောမျိုးတွေ။”
ရာသီဥတုရော အခြေအနေ၊ အစ်ကို ဘယ်လိုရှိလဲ၊ နည်းနည်းသက်သာလား၊ ဒီနေ့။
“မသက်သာဘူး တော်တော်လေးကို ပူတယ်။ မနက်ကဆို ကျနော်တို့ ပဲခူးဘက် သွားတာ။ ပဲခူးဘက်က ရေဘေးဒုက္ခသည်တွေက သောက်ရေ သုံးရေမရှိလို့ အဲဒါလည်း သွားလုပ်ရသေးတယ်။”
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့အတွင်းမှာ အပူချိန် လွန်ကဲမှုကြောင့် ဖျားနာ မူးဝေ မောပန်းပြီး ဆေးရုံ ရောက်လာ တဲ့ လူနာတွေ ရှိသလို၊ အပူချိန်လွန်ကဲမှုကြောင့် အဲဒီလူနာတွေထဲက ၇ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကနေ့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက်တွေကိုလည်း အစိုးရမီဒီယာတွေမှာ သတိပေး ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာ အပူကြောင့် အသက်ဆုံးရှုံးတာတွေရှိသလို ရန်ကုန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပဲခူးတိုင်းအတွင်းမှာလည်း ၀မ်းပျက် ၀မ်းလျှော ရောဂါ အပါအ၀င် နာမကျန်းဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပဲခူးမြို့ခံ ဆရာဝန် တယောက်ကလည်း ပြောပါတယ်။
----------------------------------------------------------------------------------------------------------------
မြန်မာပြည်အထက်ပိုင်း မကြုံစဖူး ပူပြင်းခြောက်သွေ့
ခိုင်လင်း / ၁၄ မေလ ၂၀၁၀
မြန်မာနိုင်ငံတ၀န်း
နေ့အပူချိန်မြင့်တက်မှုများကြောင့် မြန်မာပြည်အထက်ပိုင်းတွင်လည်း
အပူချိန်များ မကြုံစဖူး ကြုံတွေ့ရကာ စီးပွားရေးလုပ်ငန်းများ
ကျဆင်းလာနေပြီး ပျံကျ အလုပ်သမားများ၊ လက်လုပ်လက်စားများ ထိခိုက်နေကြသည်။အပူရှိန်မြင့်မားမှုကြောင့် နေ့ခင်းဘက် အပြင်ထွက် ဈေးဝယ်သူမရှိသဖြင့် ဈေးဆိုင်များ၊ စတိုးဆိုင်များ အရောင်းအဝယ် ပါးနေပြီး အကျိုးဆက်အနေဖြင့် ဆိုက္ကားသမား၊ မြင်းလှည်းသမားတို့ ဝင်ငွေ ကျဆင်းလာရကြောင်း မိုးညှင်းမြို့မှ ဈေးသည်တဦးက ပြောသည်။
၎င်းက “မနက်ပိုင်းလောက်ပဲ ရောင်းကြဝယ်ကြတော့တယ်။ နေ့ဘက်ဆို ဈေးဝင်းထဲ ရောင်းသူပဲ ရှိတယ်၊ အတော်ပူတာ။ မိုးကမရွာ လေကမတိုက်ဆိုတော့ ဒီလို ရာသီဥတုမျိုး အခုမှ ကြုံဖူးတယ် မှတ်တယ်။ မိုးက ခဏလေး ရွာတယ်၊ ရွာပြီး ပိုတောင် ပူလာသလို ခံစားရတယ်။ ဒီနှစ် မြေပဲတွေက မိုးမရတော့ အထွက်မကောင်းဘူး။ နေကလည်း ပူတော့ ပဲဆွတ်ငှားတာတွေ၊ ပဲဆွတ်လိုက်တာတွေတောင် မရှိကြဘူး။ ကိုယ့်ဘာသာကိုယ် မနက်ပိုင်း၊ ညနေပိုင်းလေး လုပ်နေရတာ။ မိုးညှင်း၊ နမ္မား၊ ဟိုပင် တနယ်လုံး အဲလိုဖြစ်နေတာ” ဟု ပြောသည်။
ချောင်းရေများ နည်းပါးကာ ရေအိုင်များ ခန်းခြောက်နေသဖြင့် ကျွဲ၊ နွားများ အသေအပျောက်ရှိနေပြီး တိရစ္ဆာန်များ ရေရရှိရေးအတွက် တောင်သူများက ဂရုတစိုက်လုပ်နေကြရသည်ဟု မိုးကောင်းဒေသခံတဦးက ပြောသည်။
၎င်းက “မိုးကောင်းချောင်းလည်း ရေအတော်နည်းသွားတယ်၊ နန့်ရင်းချောင်းဆို သိသိသာသာ ကျသွားတယ်။ တောင်သူတွေ သူတို့ ကျွဲ၊ နွားတွေကို ချောင်းတွေဘက် သွားလွှတ်ရတော့တာ။ အရင် အနီးနားက အိုင်တွေက ရေတွေခန်းခြောက်၊ မြေတွေ အက်ကွဲလို့ ကျွဲတွေအတွက် နေစရာမရှိတော့ဘူး။ ဖားကန့်သွားတဲ့လမ်းပေါ်က တချို့နေရာတွေမှာ ကျွဲတွေ သေနေကြတယ်။ သူတို့ကျတော့ နွားတွေလို အပူဒဏ်မခံနိုင်ဘူး” ဟု ပြောသည်။
ယခုနှစ်အတွင်း သိသိသာသာ ရေခန်းခြောက်မှုများ ကြုံတွေ့နေရသဖြင့် အချို့နေရာများရှိ ရွှေတူးလုပ်ငန်းများပင် ရပ်နားလိုက်ရသည်ဟု မိုးညှင်းဒေသခံတဦးက ပြောသည်။
၎င်းက “ဒီနှစ် ရေခန်းတာကတော့ အင်းတော်ကြီးအိုင်ကို နမူနာပေးလို့ရတယ်။ ပြီးခဲ့တဲ့ တပေါင်း ဘုရားပွဲတုန်းက ဘုရားသွားတဲ့ လမ်းမှာ အရင်နှစ်တွေက ခြေမျက်စိလောက် ရေတွေရှိတယ်။ ဒီနှစ် အုတ်ခုံလမ်းရဲ့အောက် (၁) တောင်လောက် ရေကျသွားတယ်။ မြို့ထဲမှာ တွင်းရေတွေတောင် ခန်းနေတယ်။ ချောင်းတွေလည်း ရေတွေခန်းလို့၊ မှော်ဟန် ရွှေတွင်းကလူတွေတောင် ပြန်လာကြတယ်။ ရွှေကျင်တယ်ဆိုတာက ရေနဲ့ မျှောတိုက်ရတာလေ။ ရေမရတော့ အလုပ် နားလိုက်ရတာပေါ့။ တောတောင်တွေထဲက စိမ့်စမ်းတွေလည်း ပျောက်တဲ့ဟာ ပျောက်တဲ့။ အဲဒါကြောင့် ရွှေတွင်းမှာလည်း ရေတွေခန်း အဲလိုဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း သစ်တောခုတ်ကာ တောင်ယာစိုက်ပျိုးရေးစနစ် အပါအဝင် နှစ်စဉ် သစ်တန်ချိန် သိန်းနှင့်ချီ ထုတ်ယူနေခြင်း၊ ရွှေတွင်း၊ ကျောက်တွင်းများတွင် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကြောင့်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကို ပိုပြီးခံစားနေရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကချင်အန်ဂျီအို အဖွဲ့ဝင်တဦးက ပြောသည်။
------------------------------------------------------------------
ဒလမြို့ သောက်သုံးရေ ပြတ်လပ်မှု အလှူရှင်များကို အားကိုးနေရ
အောင်ထက် / ၁၁ မေလ ၂၀၁၀
ယခင်နှစ်များထက် ထူးကဲသော အပူချိန်မြင့်တက်မှုကြောင့် ဒလမြို့ သောက်သုံးရေကန်များ လုံးဝ ရေခန်းခြောက်သွားပြီး အလှူရှင်များ နေ့စဉ်ပေးဝေနေသော သောက်သုံးရေကိုသာ မြို့လူထု အားပြုသုံးစွဲနေရသည်ဟု သိရသည်။
လတ်တလော သောက်သုံးရေ လိုအပ်ချက်ကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအသင်းများ၊ ရပ်ကွက် အသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက ဖြည့်ဆည်းပေးနေကြသည်။
“ဒလမြို့၊ ဆိပ်ကြီးတဖက်ကမ်း ခနောင်တို၊ ပျော်ဘွယ်လေး၊ တွံတေးအပိုင် ကရင်ချောင်၊ စမ်းရွာ၊ ဘုရားကြီး၊ ကော့မှူး၊ ဓနုတ် အဲလိုရွာပိုင်းတွေက ကားတွေနဲ့ ရေသယ်ပြီး နေ့စဉ် လှူနေတယ်။ အဲဒီရေကန်တွေက ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့တဲ့ ရေကန်တွေဆိုတော့ မြေသားသေနေပြီ၊ ရေမခန်းတော့ဘူး။ နောက်ပြီး ဒေသတွင်း သုံးစွဲမှုမှာ လောက်ငရုံမက ပိုတောင်ပိုနေတယ်။ ဒါကြောင့် ဒလမြို့လူထုကို ကျေးရွာရေကန်တွေက ရေပေးဝေနိုင်တာ” ဟု ကမာကဆစ် ရပ်ကွက်သားတို့က ရှင်းပြသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ပံ့ပိုးမှုမှာ အားရစရာမရှိကြောင်း ဒလမြို့ခံလူထုက ပြောသည်။
“ကြံ့ဖွံ့ကလည်း သောက်သုံးရေ ပေးဝေတယ်ကြားတယ်။ ခုနစ်ရက် တပတ် တစီးစ နှစ်စီးစ ပေးဝေတယ်လည်း ပြောကြတယ်။ ကျနော်တို့တော့ တခါမှ မရဖူးသေးဘူး” ဟု အောင်မင်္ဂလာရပ်ကွက်သားတို့က ပြောသည်။
စည်ပင်တွင်ရှိသည့် ရေကား (၂) စီးမှာ ရေအလှူရှင်က ကားတခေါက်လျှင် ငွေ (၈,၀၀၀) ကျပ် ပေးသွင်းပါက အဆိုပါကားဖြင့် ဒလမြို့ ဆိပ်ကြီးကျေးရွာ သောက်သုံးရေကန်မှ ရေကိုကဲ့သယ်ကာ အလှူရှင် လှူချင်သည့် ရပ်ကွက်သို့ သွားဝေပေးသည်ဟု ဗိုလ်ရန်ပြေရပ်ကွက်သားတို့က ပြောသည်။
ဒလမြို့ပေါ်၌ သောက်သုံးရေကန် (၁၂၅) ကန်ခန့်ရှိသော်လည်း မြို့ပေါ်လူဦးရေနှင့် ကန်အရေအတွက် မမျှတခြင်း၊ မကြာမီနှစ်များက တူးဖော်ခဲ့သော ကန်များဖြစ်ခြင်းကြောင့် ရေစုပ်မှု အားကောင်းခြင်း၊ ရေခန်းအားများခြင်းတို့ကြောင့် ယခုကဲ့သို့ သောက်သုံးရေ ပြတ်လပ်ရခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ယခုလောလောဆယ်၌ ဒလမြို့ပေါ် လမ်းမတလျှောက်တွင် နံနက် (၇) နာ၇ီခန့်မှစပြီး သောက်သုံးရေ တင်ဆောင်သော ကားများ၊ ကျေးရွာရေကန်များမှ ကဲ့ယူလာသော ရေသယ်ယာဉ်များ အဆက်မပြတ် သွားလာနေကြသည်ဟု ကမာကဆစ်ရပ်ကွက်သားတဦးက ပြောသည်။
၎င်းက “တအိမ်ထောင် တပုံး တထမ်းခန့်သာ ရရှိသော်လည်း ရပ်ကွက်တွင်းသို့ အလှူရှင် သုံးလေးဦး အလှည့်ကျ ၀င်နေကြလို့ သောက်သုံးရေ ရနေတယ်” ဟု ပြောသည်။
အမိုးဖွင့် ဒိုင်နာ၊ ကင်တာ၊ ထော်လာဂျီ ယာဉ်များပေါ်၌ ရေလုံ တာလပတ်စကို ပက်လက် ရေကန်ငယ်သဖွယ် ဆင်၍လည်းကောင်း၊ အချို့က ရေကန်ငယ်များဖြင့်၊ အချို့က ပလတ်စတစ်ပုံးကြီးများ၊ ပိုက်များဖြင့် ရေသယ်ယူလာကာ မြို့ပေါ်ရပ်ကွက်အတွင်း အလှည့်ကျ ပေးဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရန်ကုန်ရေကို သမ္ဗာန်များဖြင့် သယ်ယူရောင်းချနေသူအချို့ ရှိပြီး ခရီးအနီးအဝေးအလိုက် ရေတစည် (၂,၀၀၀) ကျပ်မှ (၃,၀၀၀) ကျပ်အထိ ၀ယ်ယူသုံးစွဲနေကြရကာ ရေစည်လှည်းငှားစားသူတို့ကလည်း ယခင် တစည် (တနာရီ) (၂၀၀) ကျပ်မှ (၄၀၀) ကျပ်အထိ တိုးမြှင့်ကောက်ခံလျက်ရှိသည်။
ဒလမြို့တွင် စည်ပင်ရေ၊ အ၀ီစိတွင်းရေတို့ ရှိသော်လည်း အရောင်နီခြင်း၊ သံဓာတ်များခြင်း၊ ဆပ်ပြာအသုံးပြုက အမြှုပ် မထွက်သော ရေစေးဖြစ်နေခြင်းတို့ကြောင့် သောက်သုံးရန်မသင့်ဘဲ အကြမ်းသုံးအဆင့်သာ ရသည်ဟု သိရသည်။
ဆည်မြောင်းအရာရှိတဦးကမူ “ဘုရားကြီး၊ ကျိုက်သလဲ၊ လာကပုံ၊ စမ်းရွာတွေဘက်မှာ စိမ့်တွေ စမ်းတွေ ပေါတယ်။ လက်ယက်တွင်း တူးရုံနဲ့ ရေချိုထွက်နေတယ်။ အဲဒီရွာတွေဘက်မှာ ရေချိုတွေ အလေအလွင့် ဖြစ်နေတာတွေရှိတယ်။ ဒါတွေကို တူးမြောင်းနဲ့ သွယ်မယ်။ ပြီးတော့ ဒလမြို့နဲ့ဘုရားကြီးကျေးရွာ အလယ်လောက်ကျတဲ့ ပျော်ဘွယ်လေးလို နေရာမျိုးမှာ ဧကများစွာကျယ်တဲ့ ဆည်တည်ဆောက်ပြီး စမ်းရေကို ဖမ်းမယ်။ မိုးရေကို ထိန်းမယ်။ ပိုက်လိုင်းသွယ်ပြီး ဒလမြို့ကို ပို့မယ်။ ဒါတွေကို နအဖအနေနဲ့ လုပ်ပေးချင်စိတ်ရှိဖို့ပဲ လိုတယ်” ဟု ပြောဆိုသည်။
--------------------------------------------------------------------------------------------------------------------

ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...

သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ

တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။
ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေဝေ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။
လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။
ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။
သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302
-------------------------------------------------------------------
ရန်ကုန်မြို့ အပူချိန် ၁၂၀ ဒီဂရီ ဖာရင် ဟိုက် သို့ ရောက်ရှိ ၊ကျောက်ဆည် မြို့ နယ် တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် အိမ်ခြေတစ်ရာကျော်ပျက်စီး
မြန်မာ နိုင်ငံ တွင် သစ်တော များပြုန်းတီး ပြီး သဘာဝ တရား ၏ ဖောက်ပြန်မှု များကြောင့် ဧပြီလ ၁၈ရက်နေ့ နောက် ပိုင်းမှာ စ၍ အပူချိန် လွန်ကဲလာရာ နိုင်ငံတ၀ှမ်း လုံး တွင် နေ့ စဉ် သေဆုံးသူ များ
တစ်ရက် လျှင် ခြောက် ဆယ် ထက်မနည်း ရှိသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ယနေ့ နေ့ လည် ၁၂ နာရီ ရွှေပြည်သာ တွင် တိုင်းထွာချက် အရ ရန်ကုန် မြို့ ၏ အပူချိန်မှာ ၁၂၀ ဒီဂရီ
ဖာရင် ဟိုက် ထိရောက်ရှိသွားပြီ ဖြစ်သည်။
ဧပြီလ ၂၀ ရက်နေ့ မှ မေလ ၁၀ ရက်နေ့ အထိ တစ်လ အတွင် သေဆုံးသူ ဦးရေ သည် ၄၀၀ ကျော်ရှိ
သွားပြီ ဖြစ်သည်။
အပူချိန် လွန်ကဲ မှု ကြောင့် ဒလ နှင့် ဆိပ်ကြီး၊ခနောင်တို နှင့် တွံတေး မြို့ များ တွင် ဆိုးဆိုးရွားရွား သောက်သုံးရေ ပြတ်လပ် မှု များ ကြုံနေရသည်။ယမန်နေ့ ညနေ က ကျောက်ဆည် မြို့ တွင် လေဆင်နှာမောင်း တိုက်ခတ် မှု ကြောင့် အိမ်ခြေ တစ်ရာ ကျော်ခန့် ပျက်စီးသွားသည် ဟု သတင်းရရှိသည်။
freedomnews မှကူးယူဖော်ပြပါသည်။
---------------------------------------------------------
၁၉၉၇-၉၈ အယ်နီးညို သဘာဝဖြစ်စဉ်၁၉၉၇-၉၈ တွင် နိုင်ငံအတော်များများ၌ အယ်နီးညို သဘာဝ ရာသီဥတုဖြစ်စဉ်၏ ဒဏ်ကို ခံစားခဲ့ကြရသည်။ ၁၉၉၇ မှစ၍ တောင်အမေရိက နှင့် အမေရိကအလယ်ပိုင်း၊ အာရှတိုက်တို့တွင် ထိခိုက်မှု အတော်အတန်ရှိခဲ့ကြသည်။ နိုင်ငံပေါင်း ၄၁ နိုင်ငံ၌ ရေကြီိးမှုကို ခံစားနေရချိန်၌ ၂၂နိုင်ငံတွင် မိုးခေါင်၍ ၂ နိုင်ငံတွင် တောမီးကြီး လောင်ကျွမ်းမှုကိုခံစားခဲ့ကြရသည်။ အယ်နီးညိုသည် သီးနှံဖြစ်ထွန်းမှု၊ နိုင်ငံ့စားနပ်ရိက္ခာ၊မွေးမြူရေး၊ ရေလုပ်ငန်း နှင့် သစ်တောနှင့်သဘာဝပေါက်ပင် များအပေါ်တွင်လည်းသက်ရောက်မှုရှိခဲ့သည်။ အရှေ့အာဖရိက တွင် အယ်နီးညိုကြောင့် မိုးကြီး၍ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ကာ မွေးမြူရေးလုပ်ငန်းများထိခိုက်ရပြီး လူနှင့် တိရစ္ဆာန်တို့အတွက် ရောဂါဘယများ ထူပြောစေခဲ့သည်။ ကင်ညာနိုင်ငံ၊ ဆိုမာလီယာနှင့် အီသီယိုပီးယား နိုင်ငံတို့တွင်ဖြစ်ပွားခဲ့သောရောဂါများကြောင့် လူအသေအပျောက်များခဲ့ပြီး အိမ်နီးခြင်းနိုင်ငံများကိုပါ ကူးစက်ရောဂါတစ်ခုအနေဖြင့် ခြိမ်းခြောက်နေခဲ့သည်။ ရေလုပ်ငန်းတွင်လည်း ကမ္ဘာ့ငါးရရှိမှုအများဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးဖမ်းယူရရှိသည့်ငါးများ၏ ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိကို ထုတ်လုပ်ပေးနေသည့် တောင်အမေရိက အနောက်ပိုင်းဒေသကိုလည်း ပြင်းထန်စွာပျက်ဆီးစေခဲ့သည်။ အယ်နီးညို၏ ခြိမ်းခြောက်မှုအဖြစ် သစ်တောများနှင့် သဘာဝပေါက်ပင်များမှာလည်း မိုးခေါင်မှုကြောင့် တောမီးလောင်ကျွမ်းနိုင်မှုအခြေအနေ မြင့်တက်လျက်ရှိသည်။
ယခုနှစ်တွင်
အယ်လ်နီညို ဖြစ်စဉ်၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် နေပူချိန်ပိုများကာ
ယမန်နှစ်ကထက် အပူချိန်ပိုများ လျက်ရှိသည်ဟု ဆိုသည်။ ဧပြီလက မိုးရွာသင့်တဲ့
အချိန်ပါ။ မိုးမရွာလို့ နေပူချိန်ပိုများပြီး အပူချိန် တိုးလာတာ
ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဧပြီလလယ်မှာ သင်္ကြန်မိုး ရွာပါတယ်။ မရွာရင်တောင်
မိုးအုံ့ပါတယ်။ အယ်လ်နီညို ပြီးပြီဆိုတာ မဟုတ်ပါဘူး။ အယ်လ်နီညို
ဖြစ်စဉ်ပြီးဖို့ နည်းနည်း လိုပါသေးတယ်။ ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်၏
ခန့်မှန်းချက်အရ ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုပြီးမှာ ဖြစ်ပါတယ်လို့
ထုတ်ပြန်ထားပါတယ်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောသည်။
စံချိန်ချိုးယခုနှစ်တွင် မုံရွာ၊ မကွေး၊ မြင်းမူ၊ နေပြည်တော် (ရေဆင်း) ဒေသများတွင် အပူချိန်စံချိန် ချိုးခဲ့ပြီး ရန်ကုန်မြို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိကြောင်း သိရသည်။
ဩဂုတ်လအထိ
အခု မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီမှာ မိုးစရွာနေပါတယ်။ နောက်တစ်ပတ်၊ ဆယ်ရက်အတွင်း ရန်ကုန်ရောက် နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ရွာရမယ့်စံချိန်ကို မမီနိုင်တဲ့ အတွက် အပူချိန် ဆက်လက်ခံစားရဖို့ ရှိပါတယ်ဟု ဒေါက်တာ ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က ၄၅ .၅ ဒီဂရီစင်တီဂရိတ်နှင့် အပူချိန် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး အပူချိန် စံချိန်တင်သော မြို့နယ်ပေါင်း လေးဆယ် ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။
PDF - _327_Save Life With One Drop of Water Type the rest of your post here.

0 comments:
Post a Comment