Thursday, August 29, 2013

လက်ဖမို: နဲ့  လက်ဖဝါ: တူတူပါပဲ


ပြည်ပကနေ ဗမာပြည်နိုင်ငံရေးလုပ်ဆောင်နေသူတွေကို မစော်ကားပါနဲ့ ။

အံဘွယ်ကျော်နဲ့ အထဲလာလုပ်ကြည့်ပါလားဆိုတဲ့အသုန်းအနှုန်းကိုသုံးစွဲသူများသို့...

ဘာတဲ့ ။ "အဝေးကနေ ပရမ်းပတာလုပ်နေ၊ ပြောနေကြမယ့်အစား၊ ခဏလေး လာလုပ်ကြည့်စမ်းပါလား" တဲ့ ။ မင်းတို့ဘ၀မေ့စကားမပြောနဲ့ ။ မင်းတို့ ခုလိုအခြေအနေ ဖြစ်လာအောင် အဝေးရောက်ရဲဘော်တွေလည်း လုပ်ခဲ့ကြတယ်ကွ ။ အေး ။ အခု အဝေးရောက်နေတယ်ဆိုတဲ့သူတွေဟာ ဗမာပြည်ထဲမှာ မင်းတို့လိုပဲ လုပ်ခဲ့ကြဘူးသူတွေဆိုတာ နားလည်ထားစမ်းပါ ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် ကိုယ့်အခြေအနေနဲ့ကိုယ် ဗမာပြည်ထဲကနေထွက်ခွာနေကြရတာ ။
ဘယ်သူမှ အသိုက်မြုံပျက်ခံပြီး ကိုယ့်မြေကိုယ်မစွန့်ခွာချင်ဘူးကွ ။ မင်းတို့တွေ (၈၈မျိုးဆက်အုပ်စုတွေ)ထောင်ထဲရောက်နေကြတဲ့အချိန် မင်းတို့တွေအပေါ်လေးစား စာနာတဲ့စိတ်တွေနဲ့ အပြင်ရောက်နေတဲ့ကောင်တွေက ကိုယ်ဘာသာဇိမ်နဲ့နေရင်ရပါလျက် မင်းတို့အတွက် ရောက်ရာနေရာကနေပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြတယ်ကွ ။ ဖြတ်သန်းခဲ့ကြတဲ့ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပြည်တွင်းကနေလှုပ်ရှားသူရော ၊ ပြည်ပကနေပါဝင်ဆောင်ရွက်သူရော.. လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်သူရော အားလုံးဟာ သူ့အခန်းကဏ္ဍနဲ့သူ ရှိကြတာချည်းပဲ ။ ပြည်တွင်းမှာလုပ်မှ နိုင်ငံရေးလုပ်တာလား ။ 

"တစ်ခုပဲ စဉ်းစား။ မင်း အခု ဘာလုပ်နေသလဲ။အပြင်ကနေ မင်း အာခြောင်နေရုံနဲ့ နိုင်ငံရဲ့ စနစ်နဲ့ လူမျိုးရေးတွေ ပြောင်းသွားနိုင်မလား ...? မင်းစဉ်းစား"
ဆိုတာမျိုးပြောဆိုသုံးစွဲလိုက်တာဟာ ငါတို့ပြည်ပရောက်နေသူတွေအားလုံးကို ၀ါးလုံးရှည်နဲ့ရမ်းစော်ကားလိုက်တာပဲ ။ မင်းစကားကိုမင်းတာဝန်ယူဖြေရှင်းပါ ။ ငါတို့က ပြည်တွင်းလာမလုပ်တာလား ။ ငါတို့ပြည်တွင်းလာခွင့်မရသေးတာလားဆိုတာ မင်းတို့သေချာလေ့လာပါ ။ ABSDF နဲ့ ငြိမ်းချမ်းရေးစကားပြောပါပြီဆိုတိုင်း ၊ ကိုမိုးသီး နဲ့ နိုင်အောင်တို့လိုလူတွေတောင် ပြန်လာခွင့်ရပါပြီဆိုတိုင်း ငါတို့ပြန်လာလို့ရပြီလားဆိုတာ မင်းတို့သေချာလေ့လာပါ ။ သေဒါဏ်နဲ့တောင်ပြီးမှာမဟုတ်တဲ့ အရေးယူမှုတွေနဲ့ ငါတို့ကိုထုတ်ထားတဲ့ဖမ်းဝရမ်းတွေ မပြယ်သေးဘူး ။ ပြည်သူတွေအတွက် ငါတို့မျှော်မှန်းထားတဲ့အခြေအနေတွေမဟုတ်တဲ့အတွက် သိန်းစိန်နဲ့ အောင်မင်းဘောမပြီး ဆွေးနွေးတာမျိုး ငါတို့မလုပ်နိုင်ဘူး ။ ငါတို့လက်နက်မချနိုင်ဘူး ။ မင်းတို့က အထဲလာလုပ် အထဲလာလုပ်ပြောတယ် ။ ဘယ်လိုလာရမလဲပြော ။ ငါတို့ဘယ်လိုပုံစံနဲ့လာရမလဲပြော ။ ငါတို့ကို လက်နက်ချစေချင်တာလား ။ သိန်းစိန်နဲ့ စစ်အုပ်စုအကြိုက် ငါတို့ကို ပြောဆိုလုပ်ကိုင်စေချင်တာလား ။ မလုပ်နိုင်ဘူးကွ။ ပြည်သူတွေအနိုင်ကျင့်ခံနေရတဲ့အခြေအနေတွေမပျောက်သေးသမျှ ၊ စစ်တပ်ကနေရာတိုင်းကြီးစိုးချယ်လှယ်ခွင့်ရနေသေးသမျှ ၊ ငါတို့မလာဘူးကွ ။ အဲဒါမှတ်ထား ။ ပြည်ပကနေတတ်နိုင်သလောက်လုပ်နေသူတွေကို ပြည်တွင်းပြန်လာလုပ်မှ နိုင်ငံရေးလုပ်တာဆိုတဲ့အဓိပ္ပါယ်မျိုးပြောဆိုနေမယ်ဆိုရင်တော့ အဲဒါ စစ်အုပ်စုအကြိုက် လိုက်လုပ်လိုက်ပြောနေတာပဲဖြစ်မယ် ။ ဆင်ရိုင်းကိုဖမ်းဖို့ ခိုင်းဆင်တွေနဲ့ကျုံးသွင်းတဲ့ စစ်အုပ်စုကြားကထွက်လာတဲ့အဲဒီစကားကို မင်းတို့ပြန်ရုပ်သိမ်းသင့်တယ် ။ ပြည်ပရောက်တွေရဲ့လုပ်ဆောင်ချက်တွေနဲ့ အခန်းကဏ္ဍကို မင်းတို့မလေးစားချင်နေ အသိမှတ်မပြုရင်နေ မစော်ကားသင့်ဘူးကွ ။

အခု... ပြည်တွင်းမှာရော ဘာတွေ လုပ်နိုင်နေလို့လဲ ။ မင်းတို့ရော ပြည်သူတွေအတွက် ထိထိရောက်ရောက် ဘာတွေလုပ်နိုင်နေလဲ ။
လက်ပံတောင်တောင်ဒေသကပြည်သူတွေအတွက် မင်းတို့ဘာတွေလုပ်ပေးနိုင်သလဲ ။
ဗမာပြည်တစ်ပြည်လုံးက မြေသိမ်းခံလယ်သိမ်းခံနေရတဲ့ လက်ရှိဆန္ဒပြတောင်းဆိုနေကြတဲ့ လယ်သမားတွေအတွက် မင်းတို့ဘာတွေလုပ်ပေးနိုင်သလဲ ။
ဘာသာရေး လူမျိုးရေးအမည်ခံပြီးဖြစ်နေတဲ့ အနိုင်ကျင့်ခံရမှုတွေ ။ အဲဒီဖြစ်စဉ်တွေကို စစ်အုပ်စုက ထိထိရောက်ရောက်မဖြေရှင်းတာတွေအတွက် မင်းတို့ဘာလုပ်ပေးနိုင်သလဲ ။
ပြည်သူတွေရဲ့ စားဝတ်နေမှုဘ၀က ဒုံရင်းဒုံရင်းပဲရှိသေးတယ် ။ အနိုင်ကျင့်ခံနေကြရဆဲပဲရှိနေသေးတယ်ဆိုတာ မင်းတို့ငြင်းမလား ။ မင်းတို့ဘာလုပ်နေကြလဲ ။
ရှစ်လေးလုံးအခန်းအနားကြောင့် အလုပ်ဖြုတ်ခံရတဲ့ ကျောင်းဆရာမအတွက်တောင် မင်းတို့ထိထိရောက်ရောက် ဘာလုပ်ကြလို့လဲ ။ ရှစ်လေးလုံးနှစ်ပတ်လည်အတွက် ရဲရဲရင့်ရင့်ချီတက်တဲ့သူတွေကို ပုဒ်မ ၁၈နဲ့ ဖမ်းအရေးယူနေတာ မင်းတို့မှာတာဝန်ရှိတယ် မခံစားရဘူးလား ။ မင်းတို့ခေါင်းကို နင်းသထက်ဖိနင်းနေတာတွေအတွက် တိုက်ပွဲခေါ်သံပေးဖို့ မင်းတို့ကြောက်ရွံ့နေကြပြီလား ။ အေး ။ အကြောင်းကြောင်းဆိုတာရှိလို့ မင်းတို့မလုပ်နိုင်သေးတာ ။ မင်းတို့စိတ်ဓာတ်တွေ ပြောင်းလဲသွားတာ မဟုတ်သေးပါဘူးဆိုရင် ရှိနေတဲ့အခြေအနေတွေအတွက် စစ်အုပ်စုအပေါ်မကျေနပ်စိတ်တွေနဲ့ ၊ ပြည်သူတွေအတွက် မခံချင်စိတ်တွေနဲ့ ၊ မင်းတို့ကိုအားမလိုအားမရ ဖြစ်ပြီး ဝေဘန်ကြ အပြစ်ပြောကြတဲ့သူတွေကို မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းမတုန့်ပြန်နဲ့ ။ မင်းတို့လည်း ၈၈ ။ ငါတို့လည်း ၈၈ ။ မင်းတို့လည်း တိုက်ပွဲဝင်ခဲ့သူတွေ ။ ငါတို့လည်းတိုက်ပွဲဝင်ခဲ့သူတွေ ။ ပေးဆပ်မှုဆိုတာလည်း တယောက်တမျိုးစီချည်းပဲ ။ တိုင်းရတဲ့ဟာမဟုတ်ဘူး ။ ကိုယ်မှဘာကောင်လို့ သွေးနထင်ရောက် နေတာမျိုး ၈၈မျိုးဆက်တွေမှာရှိနေရင် မင်းတို့ကို နောင်မျိုးဆက်တွေက ကျောခိုင်းသွားကြလိမ့်မယ် ။
ဒေါင်းကွဲလို့ ခွေးဆွဲခံရတာမျိုး ၈၉ တုန်းကလည်း ဗနဲ့ မလို့ ဖြစ်ခဲ့ဘူးပြီးပြီ ။ ခုလည်း မင်းတို့ထပ်ကြုံကြရဦးမယ် ။ ရန်သူအစစ်ကိုမတိုက်နိုင်တိုင်း မတိုက်ရဲဖြစ်နေတိုင်း ဘေးကိုထွက်ပေါက်ရှာရမ်းတာ ကိုယ့်အချင်းချင်းပြန်ခွပ်တာ ၈၈ဒေါင်းရာဇ၀င်လိုဖြစ်နေပြီလို့ ပြည်သူတွေပြောတာခံနေရတာ ငါတော့ရှက်တယ်ကွာ.....

မောင်ကျောင်းသား(၈၈)