Tuesday, June 11, 2013

အကောင်းဆုံးဆန္ဒ

ကျမလေ.. ဘယ်တုန်းကမှ.. သူနိုင်ငံရေးစင်မြင့်ပေါ်ကို သွားဖို့ သဘောမတူခဲ့ပါဘူး။ 

သူ့ကို ဘာမှ influence လုပ်နိုင်စွမ်း မရှိပေမဲ့ ကျမပိုင်တဲ့ ဖေ့ဘုတ်စာမျက်နှာလေးပေါ်ကနေ.. နိုင်ငံရေး လောကထဲမသွားပါနဲ့ လို့ ကလေး လိုဘဲ ပြောနေမိတာပါ။ 

သူက သတိတောင်ထားမိမယ်မထင်..။ 

ဒါက လည်း သူ့ပြိုင်ဖက်ဖြစ်လာမဲ့သူတွေ ရဲ့ စိတ်ဓါတ် တွေ စရိုက်တွေကို 
နှစ်ပေါင်းများစွာ အနှိမ်အချိုးခံရင်း သိလာနေရလို့ပါ။

သူက ရော မသိဘူးလားတဲ့။

ကျမတို့ထက် အဆပေါင်းများစွာ သိပါတယ်။ 

သို့သော်.. အဲဒါတွေကို မျက်ကွယ်ပြုရင်း .. ခွင့်လွှတ်ရင်း.. အသက်ကိုဖက်နဲ့ထုပ်ပြီး မဆုတ်မနစ် သော ဇွဲနဲ့ ဒီနေ့အထိ Freedom from Fear ဆိုတာ ကို ကြွေးကြော်ရင်း သူ့တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့.. ကျမတို့ရဲ့ သူရဲကောင်းပါ။

လူတိုင်းမှာ ကိုယ်ပိုင်ဘ၀ ဆိုတာ ရှိပါတယ်။ သူ့မှာလည်း ရှိပါတယ် ။ 
လက်ရှိ နိုင်ငံရေးစင်မြင့်ပေါ် လူပေါ်လူဇော်လုပ်နေသူ တွေ ကြည့်လိုက် ရင် အချိန်တန် အိမ်ပြန် မိသားစုနဲ့ အတူ ဆိုတဲ့ အချိန် တစိတ်တပိုင်းတော့ အနည်း ဆုံး ရှိသူတွေချည့်။ 

ကိုယ်ပိုင်ဘ၀ပေါ့နော်။

အဲဒီ ကိုယ်ပိုင်ဘ၀ ကို တိုင်းပြည်ကောင်းမယ် ဆိုရင် အသက်ကိုတောင် ပေးရဲတဲ့ စိတ်နဲ့ စွန့်လွှတ်ပြီး စွန့်စားနေတဲ့.. သူ့ရေချိန်နဲ့ စံထိုးကြည့်လိုက် ပါ။ 

ဘယ်လောက်ကွာခြားတယ် ဆိုတာ ပြောစရာလိုတော့မယ် မထင်ပါဘူးနော်။

ပြည်သူတွေပေါ် ထားတဲ့ သူမေတ္တာ က ထင်ရှားပေါ်လွင်တဲ့ သရုပ်သကန်ပါ။ 

ဘယ်သူမှ ဒါကို ညာလို့မရ ပါဘူး။ အခြေခံဥပဒေ ကို တစ်ပြည်လုံးအတွက် 
အကောင်းဆုံးဖြစ်နိုင်ဖို့ သူနိုင်ငံရေးစင်မြင့်ဆီသွားနေပါတယ်။ 

သူသမတ ဖြစ်လာရင် Rule of Law ဆိုတာ ပီပီပြင်ပြင် ဖြစ်လာဖို့ သူနိုင်ငံရေးစင်မြင့်ဆီသွားနေပါတယ်။ 

ဘယ်လိုဖက်ကကြည့်ကြည့် ပြည်သူအားလုံး ကောင်းဖို့ချည့်။

အခု ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ပါပြီ။ 

တစ်ဖက်က ကျားက တကယ်စဉ်းလဲ လှတာ ကျမ တို့ အားလုံးအသိ.. 

ဒါဆိုရင်.. ကျမတို့ ဘာလုပ်ရမယ် ဆိုတာ ကျမတို့ သိဖို့ပါဘဲ။ 

မလိုတမာ ဗြောင်ပုတ်သူ ပါးပါးလေးပုတ်သူတွေနဲ့ ပြည့်နှက်နေတာ
ဖေ့ဘုတ်ပေါ်မှာတောင် အများကြီးရယ်။ 

ကံကောင်းတို့.. ဖါးမင်းဆွေ တို့ အခု ဖေ့ဘုတ်ပေါ် အသွင်အမျိုးမျိုးနဲ့ 
ကူးပြောင်းလာ ကြတာကိုးနော်..။ 

ဒါတွေကြောင့်လည်း ကျမစိတ်တွေ ယိုင်နဲ့လာပါတယ်။ 
သူတို့ အလှော်ကောင်းလို့ NLD ကိုဘဲ မဲထည့်ချင်စိတ်တွေ တဖွါးဖွါး ပေါ်လာနေတော့တယ်။

ဟီးဟီး။

NLD ပါတီ ၀င် တွေကို တစ်ခုတော့ မေတ္တာရပ်ခံချင်ပါတယ်။ 

ရှင်တို့တွေ သူ့ကို ချစ်ရင် .. သူ့ကိုလေးစားရင်.. 
သူ့လို တိုင်းချစ်ပြည်ချစ်စိတ်နဲ့.. သူ့လို ပွဲလယ်တင့်အောင် ကြိုးစားပေးကြပါ။ 

ဒါမှ ကျမတို့လို သာမန်ပြည်သူတွေ အတွက် သူရဲကောင်းကိုးကွယ်သူတွေ လို့ 
နာမ၀ိသေသန အတပ်မခံရဘဲ.. 
NLD ဆိုတာ ဒီလို သူရဲကောင်း တွေ နဲ့ ဖွဲ့စည်းထားလို့ ငါတို့ မဲပေးတာ လို့ ဂုဏ်ယူစွာ ကြွေးကြော်နိုင်အောင်လို့ပါ။

ကျေးဇူးတင်ပါတယ်။

Credit - Kyi Kyi Soe
Pa Yit