Friday, May 10, 2013

""ထောင်ကြွေးကျန်သူများ""

မျှော့ကြိုး ဥပဒေနဲ့ 

အမှန်တရားကို နဖားကြိုးဖို့ 

လိုသလို ကြိုးဆွဲနေမှတော့

လူ့ တန်ဖိုးတွေ မွဲခြောက်နေရပြီပေါ့  ။


ကျောသားရင်သား မခွဲခြားဆိုပြီး

ငါနဲ့ မတူ ငါ့ ရန်သူ စာရင်းသွင်း

ထောင်သွင်းအကျဉ်းချ

ပြီးမှ......

၄၀၁ ကြွေးကျန်နဲ့ 

သူတို့ တွေ သူတော်ကောင်းဟန် ဆောင်ပြခဲ့ တယ် ။


မိုးမလုံတဲ့ ခေါင်အောက်က

ငါတို့ မိသားစုတွေ

တရားဥပဒေ စိုးမိုးဖို့ ဆိုတာ

အိပ်မက်တစ်ခုပဲ ဖြစ်နေလိမ့် မယ် ။


မိဘ ပေါ်မှာတင်တဲ့ ကြွေး

ပြီးတော့  သံယောဇဉ်ကြွေး

ဟိုကြွေး ဒီကြွေးတွေမက

ငါတို့ လူ့ ဘဝ ဆုံးအောင်

ဒီထောင်ကြွေးကို ဆပ်နေရဦးမှာလား ။ ။



(ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁ အရ ထောင်ကြွေးပြန်ဆပ်ရရှာသော

ကိုနေမျိုးဇင် သို့  ...........)


မောင်ညိုအေး (ပန်းတော )