Friday, May 10, 2013

မီဂါစီးတီး တည်ဆောက်ရေး ဘယ်သူတွေထပ်ချမ်းသာဦးမလဲ

Eleven Media Group

မေလ ၁၀ ရက်နေ့တွင် ထုတ်ဝေသည့် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

လူဦးရေ ၁၀ သန်းရှိတဲ့ မြို့တော်ကြီးတစ်ခု တည်ဆောက်ရေးနှင့် လက်ရှိအစိုးရ

လွန်ခဲ့သော ၂၅ နှစ်က လူဦးရေ နှစ်သန်းကျော်သာ ရှိခဲ့သော ရန်ကုန်မြို့သည် ယခု လူဦးရေ ခြောက်သန်းရှိလာပြီ ဖြစ်သည်။ နောင် ၁၀ နှစ်အတွင်း ရန်ကုန်မြို့တော်သည် လူဦးရေ ၁၀ သန်းကျော် ရှိလာမည်ဖြစ်ပြီး အာရှ၏ ဧရာမမြို့ကြီး မီဂါစီးတီး (Megacity) တစ်ခုအဖြစ် စာရင်းဝင်လာတော့မည် ဖြစ်သည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ခုနစ်နှစ်၊ ရှစ်နှစ် တည်ဆောက်ခဲ့သော နေပြည်တော်၊ ဆင်းရဲနွမ်းပါးသော ပြည်သူတို့၏ ချွေးနှဲစာ ဒေါ်လာဘီလျံပေါင်းများစွာတို့ဖြင့် တည်ဆောက်ခဲ့သောမြို့တော်၊ ဒါဇင်အနည်းငယ်သာ ရှိသော တာဝန်ရှိလူကြီးများနှင့် ၎င်းတို့၏ လက်ဝေခံ ကန်ထရိုက်တာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ သန်းကြွယ်သူဌေး ဖြစ်စေခဲ့သော နေပြည်တော်၊ ၁၀ လမ်းသွား လမ်းမကြီးများထက်၌ တစ်လမ်းတွင်ပင် ကားပြည့်အောင် မရှိသော မြို့တော်၊ နိုင်ငံတကာလေကြောင်း တစ်ခုမျှ မဆင်းသည့် လေဆိပ်နှင့်မြို့တော်၊ ၎င်းမြို့တော်ကြီး တည်ဆောက်နေချိန်တွင် နိုင်ငံတစ်နိုင်ငံရှိ မြို့ကြီးများ အားလုံးသည် နှစ် ၂၀ ခန့် ခေတ်နောက်ကျန်ရစ်ခဲ့ရသည်။ မြို့တော် ရန်ကုန်မှ လူများ၏ ချွေးနှဲစာ ကောက်ခံရသည့် စည်ပင်သာယာငွေကိုပင် ထည့်သုံးသည်အထိ ဆိုးရွားခဲ့ရသည်။

နေပြည်တော် တည်ဆောက်ရေး၏ အတိတ်သမိုင်း သင်ခန်းစာကို ယခု Megacity တည်ဆောက်ရေးတွင် လက်ရှိအစိုးရ အနေဖြင့် ရယူပြီး ဖြစ်လိမ့်မည်ဟု ယူဆပါသည်။ ကြီးမားသော ကုန်တိုက်ကြီးများ၊ ခမ်းနားသော ဟိုတယ်ကြီးများ၊ ဒေါ်လာသန်းချီတန်သော ကွန်ဒိုကြီးများရှိပြီး သန်းနှင့်ချီသော ဆင်းရဲသားများ ကျူးကျော်တဲများ၌ နေရသော မြို့တော်ကြီး တစ်ခုကို မလိုချင်ပါ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ တာဝန်ရှိသူများ၏ အိမ်၌ ခြေချင်းလိမ်ကာ ဈေးကိုဆွဲချုပ်ကိုင်သော လက်ရှိရန်ကုန်မြို့တော် တည်ဆောက်ရေး ပုံစံကိုလည်း မမြင်လိုပါ။

ပြည်တွင်းပြည်ပ လုပ်ငန်းရှင် Developer များ၏ သန့်ရှင်းသော ရင်းနှီးမြှုပ်နှံမှုများ၊ ၎င်းတို့ထံမှ ရရှိသော အခွန်အခများအား အများပြည်သူတို့ အတွက် ထင်သာမြင်သာ သုံးစွဲမှုများဖြင့် ဤမြို့တော်ကြီးကို တည်ဆောက်ရပေမည်။

မီဂါစီးတီး တည်ဆောက်ရေးသည် လက်ရှိခေတ်မီနိုင်ငံ တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ရာ လက်ရှိတာဝန် ထမ်းဆောင်နေသော မြို့တော်ဝန်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ နိုင်ငံတော်သမ္မတတို့သည် နောင်နှစ်ပေါင်းရာချီ သမိုင်းတွင်မည့် မြို့တော်ကြီးတစ်ခု တည်ဆောက်ရေးအတွက် သန့်ရှင်းသော အုတ်မြစ်ချပေးနိုင်ရန် အခွင့်အလမ်း ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်၏ မီဂါစီးတီး တည်ဆောက်ရေးအား အဓိကထား လုပ်ဆောင်သင့်သော လုပ်ငန်းကြီးအဖြစ် The Daily Eleven သတင်းစာက ဖော်ပြရေးသား အပ်ပါသည်။