Friday, September 28, 2012

စစ်တကောင်း တောင်တန်းနယ် ဗိုလ်မင်းထောင်နယ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ရွာတော်-ခရိုင်) ၏ ၁၆ ဆက်မြောက် ဗိုလ်မင်း အဖြစ် ဦးကျော်သန်ဖြူ ကို တင်မြှောက်



တစ်ချိန်က ရက္ခပူရ-ရခိုင်ပြည် ပိုင်နက် နယ်မြေ ဖြစ်သည့် စစ်တကောင်း တောင်တန်းနယ် ဗိုလ်မင်းထောင်နယ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ရွာတော်-ခရိုင်) ၏ ၁၆ ဆက်မြောက် ဗိုလ်မင်း အဖြစ် ဦးကျော်သန်ဖြူ (উ: ক্য-সাইন-প্রু) ကို တင်မြှောက်လိုက်ကြကြောင်း ရခိုင် သတင်းဌာန နိရဉ္စရာ သတင်း တစ်ပုဒ် အရ သိရသည်။

ယမန်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ဗိုလ်မင်း၏ နန်းတက်ပွဲ အခမ်းအနားကို ရွာတော်မြို့တွင် ပြုလုပ်ခဲ့ရာ ဒေသခံ လူထု ထောင်ချီ တက်ရောက်
ခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ခ်ျ အစိုးရမှ ၁၆ ဆက်မြောက် ဗိုလ်မင်း အဖြစ် အသိ အမှတ်ပြုပြီးနောက် အဆိုပါ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် ၁၅ ဆက်မြောက် ဗိုလ်မင်းဖြစ်သူ ဦးအောင်ရွှေဖြူမှာ လူကြီးရောဂါဖြင့် သြဂတ်စ်လ ၈ ရက်နေ့က ဘ၀တစ်ပါး ကူးပြောင်းသွား ပြီးနောက် ယခု ဗိုလ်မင်းဖြစ်သူ ဦးကျော်သန်ဖြူကို ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းက ဆိုသည်။

ဗိုလ်မင်းအဖြစ် ခန့်အပ်ခံထားရသူမှာ အဆောင်အယောင်ဖြင့် နေထိုင်ခွင့်ရပြီး၊ ရှေးရခိုင်ဘုရင်များ လက်ထက် ကတည်းကပင် ရခိုင်ဘုရင့် နယ်မြေ တစ်ခု ဖြစ်ခဲ့သော ဗိုလ်မင်းထောင်နယ်ကို နယ်စားကြီး အဖြစ် အပိုင်စားခွင့် ရရှိပြီး၊ အခွန် ကောက်ပိုင်ခွင့်၊ တရားမ အမှုများကို စီရင်ပိုင်ခွင့် များ ရရှိသည်ဟု သိရသည်။

ဗိုလ်မင်းထောင်၊ ဖလံထောင် စသည့် စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်သည့် ပြည်သူများမှာ- ရှေးရခိုင်ဘုရင်များ ဘင်္ဂလားကို ပိုင်စိုးစဉ် အခါကပင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြသည့် ရှေးရခိုင်လူမျိုးများ ဖြစ်ကြသည်ဟု သမိုင်း ပညာရှင်များက ဆိုသည်။ (သက်ထောင်တွင် ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးများ နေထိုင်လျက်ရှိပြီး ၄င်းတိုကို သက်မင်း Chakma Raja က အုပ်ချုပ်လျက်ရှိသည်) ရခိုင်ပြည် ပိုင်နက် နယ်မြေ ဖြစ်သည့် စစ်တကောင်းတောင်တန်းနယ်တွင် ဗိုလ်မင်း အုပ်စိုးမှုအား အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်က ဖျက် သိမ်းခဲ့ခြင်း မရှိခဲ့ သဖြင့် - ယခုအချိန်တွင် စစ်တကောင်း တောင်တန်းနယ်မှာ ရခိုင်ပြည်-နယ်မြေ ဒေသ- မဟုတ်တော့သော်လည်း ဗိုလ်မင်းများမှာ အဆောင် အယောင် နယ်စား အဖြစ် ယနေ့ထက်တိုင် ရပ်တည်လျက် ရှိနေသေးကြောင်း သိရသည်။

ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေများမှာ ရှေးယခင်က ရခိုင်ပြည်နယ်၏ အစိတ်အပိုင်း ဒေသများ ဖြစ်ခဲ့ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အချိန်အထိ နတ်မြစ် အနောက်ဖက်ခြမ်း (ယခု ဘင်္ဂလားဒေ့ရှ် နယ်မြေ၊ ရာမူး ခေါ် ပန်းဝါဒေသ၊ ကော့ဘဇား ခေါ် ဖလောင်းချိတ် ဒေသ၊ ရှာပူရီကျွန်းခေါ် ရှင်မဖြူကျွန်း၊ စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်း၊ တက်ကနပ်ဖ် ခေါ် ကယုချောင်း ဒေသ၊ အစရှိသည်များ) မှာ ရခိုင်ပြည်နယ် ၏ အစိတ်အပိုင်း အဖြစ် တည်ရှိနေခဲ့သေးသည်။ ၁၉၃၇ အိန္ဒိယ-မြန်မာ နယ်နိမိတ် ခွဲခြား သတ်မှတ် ချိန်တွင်မူ ဖော်ပြပါ နတ်မြစ် အနောက်ဘက်ခြမ်း ဒေသများ ရခိုင်ပြည်နယ်- နယ်မြေ အဖြစ်မှ သူတစ်ပါးထံ ပဲ့ထွက် ဆုံးရှုံးသွားခဲ့ရသည်။ ယခု အချိန်တွင်မူ နတ်မြစ် အရှေ့ဘက်တွင် ကျန်ရှိနေသေးသော ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင် ဒေသများကို ဘင်္ဂလားဒေ့ရှ် မျိုးနွယ်များက လူဦးရေ ၉၅% ကျော်အထိ နေထိုင်ကာ လူဦးရေဖြင့် နယ်ချဲ့ သိမ်းပိုက်ထားမှုကို ခံထားရပြီး- ရခိုင်ပြည်နယ် - နယ်မြေ အစိတ်အပိုင်း တစ်ခု မကြာမီ ထပ်မံ ဆုံးရှုံးတော့မည်လောဟု မေးခွန်း ထုတ်ရမည့် အနေအထားတွင် ရှိနေသည်။

ဤကဲ့သို့ ရခိုင်ပြည်နယ်- နယ်မြေ အစိတ်အပိုင်းများအား အိမ်နီးချင်း နိုင်ငံတစ်ခု ထံသို့ တစ်ဆင့် ပြီး တစ်ဆင့် ဖဲ့ပေးနေရသည့် သမိုင်း ဖြစ်စဉ်ကို သုံးသပ် လေ့လာပြီး၊ မိမိတို့လူမျိုးများ နေထိုင်သည့် မိမိ နိုင်ငံ၊ မိမိ ဒေသ၊ မိမိ နယ်မြေ အစိတ်အပိုင်းများ သူတစ်ပါးထံ နောက်ထပ် ထပ်မံ ပဲ့မပါသွားစေရေး အတွက် အကောင်းဆုံး အဖြေရှာ ကြိုးပမ်းသွားကြရန် အထူး လိုအပ်နေပါကြောင်း တိုက်တွန်း လိုက်ရပါသည်။
 
We are Rakkhapureans
.