Friday, September 23, 2011

သက်ကြီးရွယ်အို ဘိုးဘွားများစောင့်ရှောက်ရေး လူမှုအဖွဲ့စည်းများတွင်သာမက နိုင်ငံတော်အစိုးရတွင်လည်းတာဝန်ရှိ

T
  bi2104
သက်ကြီးရွယ်အို ဘိုးဘွားအချို့ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်မှစွန့်ခွာ၍ တစ်နေရာနှင့်တစ်နေရာ လှည့်လည်သွားလာကာ အသက်မွေး ၀မ်းကျောင်း ပြုနေရသည့် ဖြစ်ရပ်များ များပြားနေကြောင်း မြို့တော်နေပြည်သူ များထံမှ သိရှိရသည်။
 လူစည်ကားရာ နေရာများ၊ ဘတ်စကားဂိတ်များနှင့် အစား အသောက်ရောင်းချသည့်ဆိုင်များ ၀န်းကျင်၌ ယင်းကဲ့သို့ သက်ကြီးရွယ်အို များ တောင်းရမ်းစားသောက်နေကြသည့် ဖြစ်ရပ်များကို တွေ့ရှိနေရကြောင်း သိရှိရသည်။
အချို့သောသူများမှာ သားသမီး များမရှိကြသော ဘိုးဘွားများဖြစ်ကြ သော်လည်းအချို့မှာ သားသမီးများ ရှိကြသော်လည်း အဆိုပါ သားသမီး များမှ ဆက်လက်ကျွေးမွေး စောင့်ရှောက်ရန် အခက်အခဲများ ရှိကြသဖြင့် မိမိ ဆန္ဒသဘောအလျောက် နေရပ်မှစွန့်ခွာ၍ ခြေဦးတည့်ရာလှည့်လည် တောင်း ရမ်း စားသောက်နေကြသူများ ဖြစ်နေ ကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ နေအိမ်အား စွန့်ခွာသွားကြသည့် အဘိုးအဘွားများမှာ အသက် ၆၅ နှစ်နှင့် ၇၀ နှစ်ဝန်းကျင် များဖြစ်ကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ လှိုင်သာယာမြို့နယ် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန် ရှိသူများကလည်း ယင်းကဲ့သို့ အဘိုး အဘွားများ ပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ရပ်ကွက်အတွင်း လှည့်လည်ကာ အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးကြေညာနေမှုများလည်း ရှိ နေကြောင်း သိရှိရပါသည်။
''တချို့ကျတော့လည်း ဘိုးဘွား ရိပ်သာတွေရှိလျက်နဲ့ သားသမီးတွေ မြေးတွေကို သံယောဇဉ်မဖြတ်နိုင် ကြလို့ သားသမီးတွေအိမ်မှာပဲ ပေပေ တေတေနဲ့ကပ်နေကြတဲ့ ဘိုးဘွားတွေ လည်း အများကြီးရှိနေပါတယ်''ဒဂုံ မြို့သစ်အရှေ့ပိုင်း၌ နေထိုင်သူတစ်ဦး က ပြောပြခဲ့ပါသည်။
သက်ကြီးရွယ်အို ဘိုးဘွားများ အား ပြုစုစောင့်ရှောက်မှုအပိုင်းကို ကြည့်မည်ဆိုပါက အချို့သောဂိလာန ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများ အားလက်ခံရာ၌ ကန့်သတ်ချက်များ သိပ်မရှိဘဲ အကြမ်းဖျင်းအားဖြင့် အသက် ၇၀ နှင့်အထက် ပြုစုစောင့် ရှောက်မည့်သူမရှိသော (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် ပြုစုစောင့် ရှောက်မည့်သူရှိသော်လည်း ငြိုငြင်ခြင်းခံနေရသူ ဘိုးဘွားများအား လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော ရိပ်သာ များရှိနေသကဲ့သို့ အချို့ရိပ်သာများတွင် လည်း ရိပ်သာသို့ လာရောက်နေထိုင်လိုသူ ဘိုးဘွားများအား  အသက် ၇၀ ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ အမှန်တကယ် ပြုစုစောင့်ရှောက်မည့်သူ မရှိသည့်ဘိုးဘွားများသာ လက်ခံ လျက်ရှိကြောင်း သိရှိရသည်။
bi2101
နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသော အဘိုးများအားတွေ့ရစဉ်


''ဘိုးဘွားတွေကို ပြုစုစောင့် ရှောက်မယ့် သွေးသားဆွေမျိုး၊ နေ စရာ၊ ဆေးကုစရာမရှိတဲ့သူ။ အသက် ကတော့ ၇၀ ၀န်းကျင်လို့ သတ်မှတ် ထားပါတယ်။ အဓိက ဂိလာနဖြစ်နေ တဲ့ဘိုးဘွားတွေကိုပဲ ဦးစားပေးခေါ်ယူ သွားမှာပါ။ တချို့သားသမီး၊ ဆွေမျိုး တွေရှိပေမယ့် ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေမှာမရှိဘူးဆိုရင် ကျန်းမာ ရေးနဲ့ တခြားကန့်သတ်ချက်တွေကိုပါ အမှုဆောင်အဖွဲ့ဝင်တွေ ညှိနှိုင်းပြီး လက်ခံသွားမှာဖြစ်ပါတယ်။ တချို့ရိပ်သာကို ငွေဘယ်လောက်လှူပေးမယ်။ ဒီအဘိုးအဘွားကိုဖြင့် လက်ခံပေးပါ ဆိုတာမျိုးတွေ၊ ငွေနဲ့တွဲပြီးလာရောက်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ တကယ်လိုအပ်နေတဲ့ မိအိုဖအို တွေကိုပဲ ရွေးချယ်သွားမှာပါ'' ဟု ဆည်းဆာရိပ် ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပြခဲ့ပါသည်။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ မှာမူ နေထိုင်မကောင်းဖြစ်နေသည့် ဆင်းရဲနွမ်းပါးသော ဘိုးဘွားများကို အဓိက ဦးစားပေးလက်ခံလျက်ရှိပြီး အများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများမှဆက်သွယ်လာသည့်ဘိုးဘွား များကိုလည်း အခြေအနေပေါ် မူတည်၍ လက်ခံစောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးကြောင်း သိရှိရပါသည်။
''ပြီးခဲ့တဲ့လလောက်က စံပြဈေး ဈေးသူဈေးသားတွေကနေ အသက် ၇၀ လောက်ရှိတဲ့အဘွားတစ်ဦးကို စောင့်ရှောက်ပေးဖို့ ဆက်သွယ်လာ တယ်။ အဘွားကို ဈေးဆိုင်ပေါ်မှာ ဘယ်သူ လာပစ်သွားမှန်းမသိဘူး။ လိပ်စာမေးတော့လည်း သေချာမပြော နိုင်ဘူး။ ဒါကြောင့် ဈေးသူဈေးသားတွေက ရိပ်သာကို ဆက်သွယ်လာကြ တယ်။ ဒီလိုမျိုး အများနဲ့ဆိုင်တဲ့အဖွဲ့ အစည်းက ဆက်သွယ်လာကြတာမျိုးကို ရိပ်သာအမှုဆောင်ဝင်တွေ တိုင်ပင်ပြီး ဘိုးဘွားတွေနဲ့ အခြေအနေအလိုက် လက်ခံပေးပါတယ်''ဟုရိပ်သာမှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
တစ်နိုင်ငံလုံးတွင် ဘိုးဘွားရိပ် သာ ၆၅ခုရှိပြီး ဘိုးဘွားဦးရေ ၂၀၀၀ ကျော်ကို စောင့်ရှောက်ပေးထားလျက် ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း အသိအမှတ်ပြု ဘိုး ဘွားရိပ်သာ ၁၀ ခုရှိထားပြီး ဖြစ်ကာ အသိအမှတ်ပြုတင်ရန် ဆောင်ရွက်နေ သည့် ဘိုးဘွားရိပ်သာများလည်း ရှိနေကြောင်းသိရသည်။ ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသိအမှတ်ပြု ဘိုးဘွားရိပ်သာများအနက် နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ စောင့် ရှောက်ထားသော ဘိုးဘွားဦးရေမှာ လက်ရှိအားဖြင့်အများဆုံးဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅ ဒသမ ၂၃ သန်းသည် သက်ကြီးရွယ်အို များဖြစ်ကြပြီး အဆိုပါ သက်ကြီးရွယ် အိုများထဲတွင် ခိုကိုးရာမဲ့သက်ကြီး ရွယ်အိုဦးရေမှာ ခန့်မှန်းခြေအားဖြင့် ငါးသိန်းကျော်ရှိနိုင်မည်ဟု အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း သုံးသပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များအရ သိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၆၅  ခု ရှိသော်လည်း အဆိုပါဘိုးဘွားရိပ်သာ များ၌ သက်ကြီးရွယ်အိုဦးရေ ၂၀၀၀ ကျော်ကိုသာ လက်ခံစောင့်ရှောက်ထားကြောင်းနှင့် အဆိုပါ ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများကို လက်ခံရာ၌ ကန့်သတ်ချက်များပြားစွာမရှိသော်လည်း ရိပ်သာများတွင် နေထိုင်သည့် ဘိုးဘွားအရေအတွက်မှာမူ အလွန်နည်း ပါးနေသေးကြောင်း သိရှိရပါသည်။
သတင်း။။အလဲဘမ်းမီဒီယာ
.

0 comments: