Friday, June 03, 2011

ဇွန်လ ၁၆ ရက်နေ့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်မည်၊ အခြေခံလူတန်းစားများ စားဝတ်နေရေး ပြေလည်မည့် နိမိတ်ဟု နက္ခတ်သိပ္ပံအဖွဲ့ ပြောကြား



သာမန်မျက်စိနှင့် မြင်နိုင်ပြီး အချိန် သုံးနာရီခန့် ကြာမြင့်မည့် လအပြည့်ကြတ်ခြင်းကို ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သူများ မြင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ ယခုဖြစ်စဉ်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့ည ဇွန်လ ၁၆ ရက်အကူး 00:56 am နာရီတွင် စတင် ဖြစ်ပေါ်မည် ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် 04:32 am အချိန်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် လငပုပ်ဖမ်းခြင်း ဟုခေါ်သော လကြတ်ခြင်း (Lunar Eclipse) ဖြစ်စဉ်များ၌ ယခု ဖြစ်စဉ်သည် လအပြည့်ကြတ်ခြင်း (Total Lunar Eclipse) ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် ကောင်းကင်တွင် ဇွန်လ ၁၆ ရက်နေ့ 00:56 am အချိန်လောက်မှ စတင်၍ မြင်နိုင်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့ CEO ဦးဇေယျာကိုက ပြည်တွင်းသတင်းထောက်များသို့ ပြောပြခဲ့ကြောင်း သိရသည်။



ဤကဲ့သို့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ရန် နှစ်အတန်ငယ် ကြာတတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၆ ခုနှစ် ဧပြီ ၂၄ နှင့် အောက်တိုဘာ ၁၈ ရက် တို့၌ ကြုံတွေ့ခဲ့ဖူးလေသည်။ ယခုလကြတ်ခြင်းတွင် နက္ခတ်ဗေဒင် သဘောအရ ရာဟုဂြိုဟ်မင်းသည် လက်၌ ကျော့ကွင်းကို ကိုင်ဆောင်ထားသည့် အတွက် လကြတ်ခြင်း သက်ရောက်မြင်တွေ့နိုင်သည့် မြန်မာ၊ အိန္ဒိယ၊ အီရန်၊ အီဂျစ် စသော နိုင်ငံများတွင် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး တိုးတက် ပြေလည်စေသော နိမိတ်ဟု ကောက်ယူရမည် ဖြစ်ကြောင်း mmdailynews မှတင်ပြထားပါသည်။

ဇွန်လ ၁၆ ရက်နေ့ ပြီးလျှင် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အတွင်း၌ပင် ဒုတိယမြောက် လကြတ်ခြင်းကို ကြုံတွေ့ဦးမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့၏ တွက်ချက်မှုများ အရ သိရှိရသည်။
သတင်း။။mmdailynews
.

0 comments: