Thursday, February 10, 2011

အမေ့အိမ်မှမောင်ထိန်လင်းလေးများ

သူငယ်ချင်းတို့ရေ မနေ့ကသူငယ်ချင်းတစ်ယောက် လှူချင်တယ်ဆိုလို့ အမေ့အိမ်ကိုတစ်ခေါက်ရောက်ခဲ
့ကြပါတယ်။ အမေ့အိမ်ကိုရောက်တော့အမေ့သားသမီးငယ်တွေရဲ့ စာသင်သံကဗျာရွတ်သံတွေကို ကြားရတော့ စိတ်ချမ်းသာမိပါတယ် ။သူတို့လေးတွေဆိုနေတဲ့ကဗျာက တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာဆရာကြီး တင်မိုး ရေးတဲ့ " ဗိုလ်ချုပ်ဦးအောင်ဆန်း " ဆိုတဲ့ကဗျာလေးကိုကလေးငယ်တွေ တက်တက်ကြွကြွ သီဆိုနေကြတယ် ။ အရုဏ်ဦးက ကြယ်နီဖြာ ဗိုလ်ချုပ်အောင်ဆန်းပါ တို့ဗမာပြည် အမှောင်ခွင်း သူခေါင်းဆောင်လို့လင်း စိတ်ရင်းမှန်လို့ သစ္စာတည် ဗိုလ်ချုပ်အာဇာနည် တိုင်းပြည်ကောင်းအောင် သူသယ်ပိုး သူဂုဏ်ဘယ်မညှိုး ရိုးသားဖြောင့်မတ်သူမူရာ ငယ်ငယ်ထဲကပါ ဗမာပြည်သူ့ အချစ်ပန်း ဗိုလ်ချုပ်ဦးအောင်ဆန်း လာမယ့်ဖေဖေါ်ဝါရီ ( ၁၃ ) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှ ကဗျာရွတ်ပြိုင်ပွဲကလေးလုပ်ဖို့ ကလေးတွေ ကို ကဗျာသင်ပေးနေကြောင်း ဆရာမ ဒေါ်စံပါယ် ကရှင်းပြပါတယ်။ အခုဆိုရင် အမေ့အိမ်မှ ပညာရည်နို့သောက်စို့နေတဲ့ ကလေးငယ်ပေါင်း ( ၂၂၉ ) ဦးရှိနေပြီလို့သိရပါတယ် ။ မူကြိုမှာ (၂၃ )ဦး ၊ သူငယ်တန်းမှာ ( ၂၂ ) ဦး ၊ ပထမတန်း ( ၃၇ )ဦး ၊ ဒုတိယတန်း ( ၂၇ ) ဦး ၊ တတိယတန်း ( ၃၁ ) ဦး ၊ စတုတ္ထတန်း ( ၄၉ ) ဦး နဲ့ ပဉ္စမတန်း ( ၄၅ ) ဦးတို့ဟာ ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားနေကြောင်းသိခဲ့ရပါတယ် ။ စာသင်ခန်းက တစ်ခန်းတည်းရှိတာ မို့ မနက်နဲ့ညအတန်းချိန်တွေ ခွဲပြီး သင်ကြားနေကြရပါတယ် ။ တချို့ ကလေးတွေအတွက်ဆို ကျောင်းကဖတ်စာအုပ်ရော ၊ ရေးဖို့ ဗလာစာအုပ်ပါ အားလုံးအခမဲ့ထုတ်ပေးရကြောင်းသိရပါတယ် ။ သူတို့လေးတွေဟာ မကြာတော့တဲ့အနာဂါတ် မှာတိုင်းပြည်အတွက် ၎င်း ၊ လူအဖွဲ့ အစည်း အတွက် ၎င်း ၊ မိသားစုအတွက် ၎င်း ၊ ကျရာအခန်းကဏ္ဍများတွင် ခေါင်းဆောင်များဖြစ်လာကြပါတော့မည်။ ဗိုလ်ချုပ်လို ရိုးသားဖြောင့်မတ်တည်ကြည်တဲ့အောင်ဆန်းလေးတွေဖြစ်လာမယ်ဆိုတာ မြေကြီးလက် ခတ်မလွဲပါပဲ ။ ဒါကြောင့် သူတို့လေးတွေကို အမေ့အိမ်မှ မောင်ထိန်လင်းလေးများလို့တင်စားချင် ပါတယ်။
ကိုအောင်လေးနွယ်အားကျေးဇူးတင်ပါတယ်။
.

0 comments: