Sunday, August 21, 2011

လျှော့တော့မယ်တဲ့...



နိုင်ကျော်
သြဂုတ် ၁၉၊ ၂၀၁၁
  မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မဆလခေတ် ၁၉၅၆၊ ၁၉၆၃၊ ၁၉၈၀ ခုနှစ်တွေမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာခဲ့တယ်။ အထွေထွေ ဆိုတဲ့ အတွက် အကျဉ်းထောင်တွေထဲမှာ ရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်ပြီး ဖမ်းဆီး ထောင်ချထားတဲ့ လူအားလုံး အကျုံးဝင်စေခဲ့ပါတယ်။ နောက် ပြည်ပရောက် အတိုက်အခံအင်အားစုအားလုံးနဲ့ လက်နက်ကိုင် အင်အားစုအားလုံးကို အကျုံးဝင်စေခဲ့တာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်ခဲ့ပါတယ်။ အစိုးရ အဆက်ဆက်က အာဏာ တည်မြဲရေးနဲ့ အာဏာခွဲဝေ မပေးချင်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပျက်ပြယ်ခဲ့ရပါတယ်။
န၀တ၊ နအဖ ခေတ်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားလုံးကို အသုံးမပြုတော့ဘဲ လွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့် ဆိုတဲ့ စကားလုံးတွေကိုသာ အသုံးပြုလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ န၀တ၊ နအဖ လက်ထက် လွတ်ငြိမ်းသက်သာခွင့် (၁၄) ကြိမ် ပေးခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသားပေါင်း ၁၁၇,၈၃၆ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၅၈၉ ဦးသာ ပါဝင်ပါတယ်။ ရာနှုန်းအားဖြင့် ၀.၅ သာ ပါဝင်တာပါ။
ဒီလိုလွှတ်ပေးရာမှာ လွတ်ခါနီး၊ လွတ်ရက်စေ့ သူတွေက အများစုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
လွှတ်ပေးတဲ့ အချိန်ကာလတွေကို ဆန်းစစ်ကြည့်ရင် တပ်မတော် ရွှေရတု အထိမ်းအမှတ်က လွဲပြီး စစ်တပ်က အာဏာသိမ်းပြီးချိန်၊ ဗိုလ်ချုပ်သန်းရွှေ အာဏာရယူချိန်၊ အာဆီယံ အဖွဲ့ဝင် ဖြစ်ပြီးစအချိန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်များ၊ သြဇာကြီးမားတဲ့ သံတမန်များ လာရောက်ချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ကို ဖမ်းပြီးစအချိန်၊ ရွေးကောက်နီးချိန် စသဖြင့် ပြည်တွင်း၊ ပြည်ပ ဖိအားတွေ သိပ်ကြီးတဲ့အချိန်တွေနဲ့ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။
ဒါဟာ နိုင်ငံရေးကစားကွက် အနေနဲ့ ရွှေ့တဲ့ အကွက်တွေပဲ ဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသား ၀.၅ ရာနှုံးသာ ပါဝင်နေတာကိုက ဟန်ပြသက်သက်သာ လုပ်ခဲ့တာဖြစ်တယ်ဆိုတာကို ညွှန်ပြနေတာပါ။
၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံတော်မှ လွတ်ငြိမ်းသက်သာခွင့်နှင့် ကျင့်ထုံးဥပဒေပုဒ်ပ ၄၀၁(၁) အရ လွတ်ငြိမ်းသက်သာခွင့်ဆောင်ရွက်ပေးခဲ့မှုများ

စဉ်
ရက်စွဲ
အမိန့်အမှတ်
အကျဉ်းသား
ကျား
၂ဝ၊ ၇၊ ၈၉
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမိန့်အမှတ် (/၈၉)
၂၈၄၅၃

၂၄၊ ၄၊ ၉၂
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမိန့်အမှတ် (၁၁/၉၂)
၂၃၉၃

၁၊ ၁၊ ၉၃
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမိန့်အမှတ် (/၉၃)
၁၇ဝ၈

၂၅၊ ၃၊ ၉၅
ပထရ၏၂၅၊ ၃၊ ၁၉၉၅ရက်စွဲပါစာအမှတ်၊ ၁ဝဝ/-ရဖ(၃၁)ပထရ(တပ်မတော်ရွှေရတုအထိမ်းအမှတ်)
၂၃၉ဝ၁

၁၊ ၁၂၊ ၉၇
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအမိန့်အမှတ်(/၉၇)
၄၃၆၇

၁၈၊ ၁၁၊ ဝ၎
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၁၈-၁၁-၂ဝဝ၄၊ရက်စွဲပါစာအမှတ်၊ ဝ၆/နယက()/မည
၃၂ဝ၈
၇၂၉
၂၅-၁၁- ဝ၎
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၂၅-၁၁-၂ဝဝ၄၊ ရက်စွဲပါစာအမှတ်၊ ဝ၄/နယက()/မည
၄၃၆၉
၉၄၂
၁ဝ-၁၂-ဝ၎
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ၁ဝ-၁၂-၂ဝဝ၄၊ ရက်စွဲပါစာအမှတ်၊ ဝ၄/နယက()/မည
၄၃၈ဝ
၆၉ဝ
--ဝ၅
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၃၁-၁၂-၂ဝဝ၄၊ ရက်စွဲပါအစာအမှတ်၊ ဝ၄/နယက()/မည
၄၆၁၄
၉၇၄
၁၀
--ဝ၅
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ --၂ဝဝ၅၊ ရက်စွဲပါစာအမှတ်၊ ဝ၄/နယက()မည
၃၇၉
၁၃
၁၁
--ဝ၇
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ --၂ဝဝ၇၊ ရက်စွဲပါစာအမှတ်၊ ဝ၄/နယက()မည
၂၄၃၉
၃၉၂
၁၂
၁၅-၁၁-ဝ၇
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၁၅-၁၁-၂ဝဝ၇၊ ရက်စွဲပါစာအမှတ်၊ ဝ၆/နယက()မည
၇၃၄၂
၁၂၁ဝ
၁၃
၂၃--ဝ၈
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၂၃--၂ဝဝ၈၊ ရက်စွဲပါစာအမှတ်၊ ၁၁/နယက()မည
၇၈၉၃
၁၁ဝ၉
၁၄
၂ဝ--ဝ၉
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၂ဝ--၂ဝဝ၉၊ ရက်စွဲပါစာအမှတ်၊ ဝ၆/နယက()မည
၅၅၇၁
၇၄၂


စုစုပေါင်း
၁ဝ၁ဝ၃၅
၆၈ဝ၁
၁၉၉၀ ကျော်ကာလများမှာ လက်နက်ကိုင်အင်အားစုများနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ပြုလုပ်ခဲ့တယ်။ ပထမပိုင်းတော့ အပစ်ရပ်အဖွဲ့များကို ထောက်ပံ့ကြေးတွေပေးခဲ့ပေမယ့် နောက်ပိုင်းတော့ အစီအစဉ်တကျ ဖြိုခွဲခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ထောက်ပံ့ကြေးတွေ ဖြတ်ပစ်တာ၊ ၎င်းတို့ သြဇာလွှမ်းမိုးနိုင်မယ့် လက်ရွေးစင်ခေါင်းဆောင်များကို ဖဲ့ထုတ် စည်းရုံးပြီး အကျိုးစီးပွားတွေ ချပေးခဲ့တာတွေပါ။ ၁၉၉၅ နောက်ပိုင်းမှာတော့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေအဖြစ် အတင်းအကြပ် အသွင်ပြောင်းစေခဲ့တယ်။ ကျန်ရှိနေသေးတဲ့ လက်နက်ကိုင်အဖွဲ့များကိုတော့ နည်းမျိုးစုံ စွပ်စွဲပြီး အမြစ်ပြုတ် ချေမှုန်းရေး လမ်းစဉ်ကို ရွေးချယ်ခဲ့တာ ဒီကနေ့တိုင်ပဲ ဖြစ်ပါတယ်။
ကြံ့ဖွံ့အစိုးရ တက်လာပြီးချိန်မှာတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား ဆိုပြီး မျှော်လင့် စောင့်ကြည့်နေသူများရှိသလို၊ ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်းကလည်း တောင်းဆိုမှုများလည်း ဆက်တိုက် ပေါ်ပေါက်ခဲ့တယ်။ ၂၀၁၁ မေလ ၁၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် ၂၈/၂၀၁၁ ထွက်ပေါ်လာတယ်။ အကျဉ်းသားတိုင်းကို လွတ်မြောက်ဖို့ ၁ ရက်အလိုမှ ၁ နှစ်အတွင်း ကျန်ရှိသူများကို လွှတ်ပေးလိုက်တယ်။ ဒီကြေညာချက်နဲ့ အကျဉ်းသား ၁၄၀,၀၀၀ ကျော် လွတ်မြောက်လာရာ နိုင်ငံရေး အကျဉ်းသားများ ၆၅ ဦးသာ ပါဝင်ခဲ့တယ်။ သူတို့တွေဟာ လွတ်မြောက်ခါနီး လူတွေပါ။ ဒါဟာ အမည်ခံ အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်ပဲ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေ သတိထားမိကြပါတယ်။ တဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်း၊ အစိုးရ၊ ကုလသမဂ္ဂကိုပါ စော်ကားရာရောက်တဲ့ လုပ်ရပ်တခုပဲ ဖြစ်ပါတယ်။
အခု သြဂုတ်လထဲမှာ သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောရာမှာ ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားများကို ပြန်လာမယ်ဆို စဉ်းစားပေးမယ် ဆိုတာပါ။ တရားဝင်စာထုတ်တာမျိုးလည်း မဟုတ်ဘဲ ကြုံလို့ ပြောရအုံးမယ်ဆိုတယ် အပေါက်ပါပဲ။ အနှစ်သာရအားဖြင့်လည်း အမှားတွေကို ၀န်ခံပြီး ပေးတဲ့အပြစ်ခံပါ့မယ်၊ ကျနော်၊ ကျမတို့ကို ခွင့်လွှတ်ပါ၊ သနားပါဆိုပြီး ခေါင်းငုံ့ ၀င်ရမယ့် သဘောပါပဲ။ ဆိုတော့ ပေးတဲ့အပြစ် ခံမယ် ဆိုမှတော့ လွတ်ငြိမ်းချမ်းသာခွင့် ဘယ်ဟုတ်တော့မလဲ။ ဒါတောင် ကြိုဆိုတဲ့စကားမဟုတ်ဘဲ စဉ်းစားပေးမယ် ဆိုတာလောက်ပါပဲ။ လက်ရှိ အာဆီယံမှာ ဥက္ကဋ္ဌ ဖြစ်ဖို့ မျက်စပစ်လိုက်တာနဲ့ နိုင်ငံတကာ ဖိအားတွေ လျော့ကျလာစေရေး ဆိုတာထက်တော့ မပိုပါဘူး။ ဆိုလိုတာက တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မဟုတ်တာ ထင်ရှားပါတယ်။
တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတွေကို ဖော်ပြနေပါတယ်။ ဆွေးနွေးရာမှာလည်း ပါတီကိုယ်စား ဆွေးနွေးတာမျိုးမဟုတ်ပဲ နိုင်ငံသားတဦးအနေနဲ့ ဆွေးနွေးတာသာ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ န၀တ၊ နအဖ ခေတ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလာတာ အကြိမ်ပေါင်း မနည်းတော့သလို တဖက်သတ် သတင်းထုတ်ပြန်တာမျိုးပဲ လုပ်ခဲ့တာပဲ ရှိခဲ့ပါတယ်။ သိသာ ထင်ရှားတဲ့ ရလာဒ်မျိုး ထွက်လာတာ မတွေ့ရပါဘူး။ အစိုးရဖက်က ဆွေးနွေး အဖြေရှာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေက မလိုက်လျောနိုင်လောက်အောင် များနေလို့ အဆင်မပြေသေးပါ ဆိုတာတွေ တောက်လျှောက် ပြောဆိုနေတာပါ။ ပါတီကို အသင်းအဖွဲ့ ဖွဲ့စည်းခြင်း မှတ်ပုံတင်ရေးကိုပဲ စောင်းပေးပြောဆို ရေးသားနေတာကိုလည်း တွေ့ရမှာပါ။ တရားဝင် ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရရှိတဲ့ ပါတီဖြစ်တယ် ဆိုတာကိုတော့ ဘယ်သောအခါမှ ပြောဆိုခြင်းမရှိပါဘူး။ ဒီလို ဟန်ပြ တွေ့ဆုံ ဆွေးနွေးနေတာတွေဟာလည်း အချိန်ဆွဲနေခြင်း၊ တဖက်မှာ နိုင်ငံတကာကို လည့်ဖျားနေခြင်းပဲလို့ ယူဆရမှာပါ။
အခုတခါ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုသော လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနဲ့ ဆက်သွယ်နိုင်ပါတယ် ဆိုတဲ့ အမိန့်ထွက်လာပြန်တယ်။ တဆက်တည်းမှာပဲ ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ တို့ကို ငြိမ်းချမ်းရေး လိုလားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး၊ မိုင်းထောင်၊ ဗုံးခွဲ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ သောင်းကျန်းသူတွေဖြစ်တယ် ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ တမျိုး၊ နိုင်ငံပိုင် မီဒီယာတွေက တဖုံ၊ ဂျာနယ်များကို ဖိအားပေးပြီး ထည့်ခိုင်း စသဖြင့် အမျိုးမျိုး အဖုံဖုံ တဖက်သတ် စွပ်စွဲ တိုက်ခိုက်နေခြင်းပဲ။ ဒီလုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်ဘူးဆိုတာ ဖော်ပြလိုက်တာပါပဲ။ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေဟာ တန်းတူရေး၊ ညီမျှရေး၊ တရားမျှတရေး ဆိုတဲ့ အချက်တွေ မရလို့ ခုခံစစ်ကို ဆင်နွဲနေကြတာဖြစ်တယ်။ ဘယ်တိုင်းရင်းသားကမှ ငြိမ်းချမ်းရေးကို ငြင်းပယ်မှာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့တဲ့အတိုင်း လက်နက်ချ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်း စသဖြင့် လက်အောက်ခံလုပ်ပစ်တဲ့ လမ်းစဉ်ကို အစိုးရအဆက်ဆက်က ကျင့်သုံးနေလို့ ခုချိန်ထိ လက်နက်ကိုင်နေကြတာပါ။
ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဆင့်မှာလည်း တံမျက်စည်းလှဲတဲ့လူနဲ့ အရင်တွေ့၊ ပြီှးမှ ရုံးစေနဲ့တွေ့၊ ရုံးဝန်ထမ်းနဲ့တွေ့၊ ဌာနမှုးနဲ့တွေ့၊ ငါ့အတွင်းရေးမှုးနဲ့တွေ့ နောက်ဆုံးမှ ငါနဲ့တွေ့မယ် ဆိုတဲ့ များမြောင်လှတဲ့ အဆင့်တွေ ခွဲခြားထားတာဟာလည်း ဈေးဆစ်နေတဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တွေပါ။ ဒါဟာ ရိုးသားခြင်းကင်းမဲ့တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်တကယ် ကမ်းလှမ်းမယ်ဆိုရင် ပြင်ဆင်ထားရမယ့် အခင်းအကျင်းတွေ ရှိရပါတယ်။
နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့သူတွေကို ချွင်းချက်မရှိ လွှတ်ပေးရေး၊
နိုင်ငံရပ်ခြားရောက်နေတဲ့ မည်သည့် အတိုက်အခံမဆို ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေး
တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊
တဖက်သတ် ပြောဆိုစွပ်စွဲမှုတွေ ရပ်ဆိုင်းပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊
နိုင်ငံရေးဖြစ်စဉ်များတွင် လွတ်လပ်စွာ ပါဝင်လာနိုင်ရေး စတဲ့ အခင်းအကျင်းတွေကို ဖန်တီးထားနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဖြစ်လာမှာပါ။ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကမ်းလှမ်းမှု ဖြစ်လာမှာပါ။
ကြံ့ဖွံ့ အစိုးရက ဒီလို အခင်းအကျင်းမျိုး ဖန်တီးဖို့ ဆန္ဒမရှိဘူးဆိုတာလည်း အခုလုပ်ရပ်တွေက မီးမောင်းထိုးပြနေတာပါ။
အယောင်ဆောင် လွတ်ငြိမ်းချမ်းသာခွင့်၊ အယောင်ဆောင် ငြိမ်းချမ်းရေးကမ်းလှမ်းချက်၊ အယောင်ဆောင် တွေ့ဆုံ ဆွေးနွေးမှု စတဲ့ ဟန်ပြလုပ်ရပ်များဟာ လက်ရှိအစိုးရရဲ့ သွင်ပြင် လက္ခဏာများကို ထင်ဟပ်စေတဲ့ မြင်ကွင်းများဖြစ်နေမှာပါ။
နိုင်ကျော်
၁၉၊ ၈၊ ၂၀၁၁
.

0 comments: