Friday, June 24, 2011

ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရာနှင့်ချီ လိမ်လည်ခံခဲ့ရပြီး လိမ်လည်သူများမှာ ဂျပန် နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

TAddThis Social Bookmark Button
ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည် အထင်ဖြင့် ဂျပန်နိုင်ငံသားများထံသို့ ငွေကြေးများ ပေးအပ်ခဲ့ရာ လိမ်လည်ခံရသူ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိပြီး ငွေကြေး ပမာဏအားဖြင့် မြန်မာကျပ်ငွေ သိန်းထောင်ကျော် ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ အလုပ်အကိုင်နှင့် ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံတာဝန်ခံ Mr. Aikawa Daiki တို့ နှစ်ဦးသည်  ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် မရှိဘဲ ဒေါ်--- ပါ ဆွေမျိုး ကိုးဦးထံမှ စရန်ငွေ အဖြစ် တစ်ဦးလျှင် ငွေကျပ်ငါးသိန်းစီ၊ ဒေါက်တာ-- ၏ လွိုင်ကော်ဒေသမှ ဆွေမျိုးသားချင်း မိတ်ဆွေတပည့် ၁၀၈ ဦးထံမှ စရန်ငွေ ကျပ်သိန်း ၅၄၀ နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနေ မ--ပါ ကိုးဦးထံမှ ငွေကျပ် သိန်း ၂၆၀ ရယူခဲ့ကြောင်း သိရသည်။
ထို့ပြင် စမ်းချောင်းမြို့နယ်နေ ဦး-- သည် ပြည်ပ အလုပ်အကိုင် ဆိုင်ရာ အကျိုးဆောင် လိုင်စင် မရှိဘဲ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဟု ပြောဆို၍ ဒေါ်--ပါ ၁၆ ဦးထံမှ ငွေကျပ် ၁၇၆ သိန်း ရယူခဲ့ကြောင်းကို ပြည်ထဲရေး ၀န်ကြီးဌာနက စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa သည် ဂျပန်နိုင်ငံသို့ တစ်လအတွင်း သွားရောက်ရမည် ဆိုကာ စိုင်း-- ထံမှ ကျပ် ၃၇ သိန်းကျော်ကို လိမ်လည်ရယူပြီး ငွေများကို ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ အလားတူ မနန်း--နှင့် ၎င်း၏အစ်ကို စိုင်း--တို့ နှစ်ဦးကိုလည်း မူလ နှုတ်ကတိအတိုင်း ဂျပန်နိုင်ငံသို့ ထပ်မံပို့မပေးနိုင်သည့် အပြင် ပြန်အမ်းရမည့်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိသဖြင့် အရေးယူပေးပါရန် တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ဖြစ်စဉ်တစ်ခုမှာ ဂျပန် နိုင်ငံသား Mr. Kobayashi Shoichi သည် ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန၌ အလုပ်ပါမစ် ရရှိအောင် လျှောက်ထား ဆောင်ရွက်ပေးမည်ဟု ပြောဆို၍ မြန်မာကျပ်ငွေ ၂၅ သိန်းကျော်ကို စရန်ငွေ အဖြစ် ရယူခဲ့သော်လည်း အလုပ်ပါမစ် ရရှိအောင် ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ပေးအပ်ထားသော စရန်ငွေများကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများ ဖြစ်ကြသည့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ Mr.Aikawa Daiki ၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs.Shiho Nishikawa နှင့် ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi တို့အား  သက်ဆိုင်ရာက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Koeki Shoji Co, Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ  Mr. Aikawa Daiki တို့ နှစ်ဦးအား အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း အရေးယူခဲ့သည်ဟု အလဲဘန်းမီဒီယာတွင်
ဖော်ပြထားပါတယ်။
.

0 comments: