Friday, February 26, 2010

သွေးနှောနည်းဖြင့် ယဉ်ကျေးမှုနှင့် လူမျိုးပျောက်ရန် လုပ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ စစ်တပ်က မွန်အမျိုးသမီးများနှင့် “သွေးနှော” ၍ မွန်ယဉ်ကျေးမှုနှင့် လူမျိုးပျောက်စေရန် စနစ်တကျ လုပ်ဆောင်နေသည်ဟု မွန်အဖွဲ့အစည်း ၆ ဖွဲ့က ယနေ့ ကျရောက်သည့် ၆ နှစ်မြောက် မွန်အမျိုးသမီးနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ စွပ်စွဲပြောဆိုလိုက်သည်။

၎င်းတို့မှာ မွန်ပြည်နယ်၊ ထိုင်း၊ အမေရိကန်နှင့် ကနေဒါနိုင်ငံ အခြေစိုက် မွန်လူငယ်နှင့် အမျိုးသမီးအဖွဲ့ ၆ ဖွဲ့တို့ ဖြစ်သည်။

မွန်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှုအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ အပစ်ရပ်ခဲ့သည့် ၁၅ နှစ်အတွင်း မွန်အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် လူမှုဘဝ တိုးတက်-ဆုတ်ယုတ်မှုများကို သိရှိနိုင်ရန် ထိုင်းနိုင်ငံအခြေစိုက် တိုးတက်သော မွန်လူငယ်များအဖွဲ့ MYPO ဥက္ကဋ္ဌ မိအိုင်းစောန်းကို မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားသည်။

(မွန်ဘုရင်မ ရှင်စောပု၏ မွေးနေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာသည်မှာ ယနေ့တွင် ၆ နှစ်မြောက်ခြင်း ဖြစ်သည်။)


မွန်အမျိုးသမီးများနေ့ဆိုတာကို ဘယ်နှစ်တုန်းက စပြီးသတ်မှတ်လိုက်တာလဲ။

စပြီးသတ်မှတ်တာကတော့ ကျမတို့ မွန်အမျိုးသမီးအဖွဲ့အစည်းရယ်၊ တခြား မွန်အဖွဲ့အစည်းတွေ၊ မွန်နိုင်ငံရေးသမားကြီးတွေ၊ မွန်ပညာရှိတွေရဲ့ သဘောတူညီချက်တွေ အကြံဥာဏ်တွေ ယူပြီးတော့မှ မွန်ဘုရင်မ ရှင်စောပုရဲ့ မွေးနေ့ကို သတ်မှတ်လိုက်တာပါ။ ကျမတို့ ပထမဆုံး စတင်ကျင်းပတဲ့နှစ်မှာပဲ သတ်မှတ်လိုက်တာဆိုတော့ ခုထိဆိုရင် ၆ နှစ်ရှိပြီပေါ့။

မွန်အမျိုးသမီးများနေ့ကို ဘယ်လိုကျင်းပကြပါလဲ။

ဒီနေ့အခမ်းအနား (ထိုင်း-မြန်မာ နယ်စပ်တနေရာ) မှာ လူအင်အား တရာ၊ နှစ်ရာလောက်ရှိမယ်။ မွန်အမျိုးသမီးအဖွဲ့မှာ ဟိုအရင်တုန်းက တာဝန်ယူခဲ့တဲ့ အမျိုးသမီးတွေ၊ နောက် မွန်လူကြီးတွေကို ဖိတ်ကြားပြီးတော့ အခမ်းအနားလုပ်တယ်။ အဲဒီမှာ မွန်ရာဇဝင်အကြောင်းပြောတယ်၊ မွန်အမျိုးသမီးနေ့ ဖြစ်ပေါ်လာပုံတွေကို ပြောတယ်၊ Statement တွေ ဖတ်တယ်၊ အကျွေးအမွေးတွေနဲ့ ဧည့်ခံတယ်ပေါ့။ အပြင်မှာရှိတဲ့ မွန်အဖွဲ့အစည်းတွေ၊ မွန်အမျိုးသမီးတွေ၊ မွန်လူငယ်တွေ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှာ ရောက်နေတဲ့ အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ အခုလိုနေ့မျိုးမှာ မွန်လူထုတွေအတွက် ဘာတွေလုပ်မလဲ ဆိုတာတွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။

မြန်မာပြည်ထဲမှာရော ဒီလိုမျိုးပွဲကို ကျင်းပလား။

ကျင်းပပါတယ်။ မြန်မာပြည်မှာကျတော့ ရွာတွေမှာပေါ့နော်။ မွန်အမျိုးသားနေ့လိုမျိုး ကြီးကြီးကျယ်ကျယ်ကြီး ကျင်းပတာတော့ မဟုတ်ဘူးပေါ့။ မွန်အမျိုးသမီးများနေ့ဆိုတာကို သတ်မှတ်လိုက်တာလည်း သိပ်မကြာသေးတော့ လူတော်တော်များများကလည်း သိပ်မသိကြသေးဘူးလေ။

ဒီနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာ မွန်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ သွေးနှောတဲ့ ကိစ္စတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ နည်းနည်း ထပ်ရှင်းပြပေးပါလား။

သွေးနှောတဲ့ကိစ္စဆိုတာ ကျမတို့ တမျိုးသားလုံးအတွက် တအားနစ်နာတယ်လို့ ခံစားခဲ့ရတာတော့ ကြာနေပြီ။ အဓိကကတော့ နအဖ စစ်သားတွေပေါ့နော်။ အတင်းအဓမ္မ ယူတာတွေရှိသလို၊ အတင်းမဟုတ်ဘဲနဲ့ အမျိုးသမီးဘက်က သဘောကျအောင် ပြောဆိုဆက်ဆံပြီး ယူတာမျိုးတွေလည်း ရှိတယ်။ အများဆုံးဖြစ်နေတာက မွန်ပြည်နယ် တောင်ပိုင်းမှာပေါ့နော်။ တနှစ်ထက် တနှစ်လည်း အဲလို ယူလိုက်တဲ့ အရေအတွက်တွေက တော်တော်များလာပါတယ်။ တနှစ်မှာ အနည်းဆုံး ၁ဝ ယောက်လောက်တော့ ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဆိုတာကတော့ ဒါက ဖြစ်နေကျ သဘောမျိုး ဖြစ်သွားပြီ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထုတ်တယ်။ အဲဒါက သိပ်ပြီး မထိရောက်ဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ နယ်မြေကနေ နအဖ တပ်တွေ ဆုတ်သွားရင် အဲဒီလိုအဖြစ်တွေလည်း ပျောက်သွားမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာရှိတဲ့ တပ်တွေက သူတို့လူတွေ ဘာလုပ်လုပ် ကာကွယ်ပေးထားတာလေ။ ကျမတို့ဘက်က ဘာမှလုပ်လို့ မရဘူး။

အဲဒီလိုမျိုး နအဖရဲ့ တပ်တွေ ပြန်ဆုတ်သွားအောင် မွန်အမျိုးသမီးအဖွဲ့အနေနဲ့ ဘာတွေ လှုပ်ရှားနေလဲ။

အခြေခံကတော့ ကျမတို့အနေနဲ့ အစီရင်ခံစာတွေ ထုတ်တယ်ပေါ့နော်။ နောက် မွန်လူထုကို ကျမတို့တွေက တိုက်တွန်းထားတာမျိုးလည်း ရှိပါတယ်။ စစ်တပ်တွေ လုပ်လာတာကို မွန်ပြည်သစ်ပါတီကို ပြန်ပြောဖို့။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီကလည်း ကျမတို့ကို ပြောလာပါတယ်။ သူတို့လည်း ဘာမှ လုပ်မပေးနိုင်လို့ ဝမ်းနည်းပါတယ်တဲ့။ ဒါပဲ ကျမတို့ လက်ရှိ လုပ်နိုင်တယ်။ ထိထိရောက်ရောက်တော့ လုပ်ဆောင်နိုင်တဲ့ အင်အားတော့ မရှိသေးဘူး။ အဓိကကတော့ စစ်အစိုးရ ကျသွားဖို့ပါ၊ သူကျသွားရင်လည်း သူ့စစ်တပ်တွေ တဖြည်းဖြည်းချင်း ပြန်ဆုတ်သွားမယ်လို့ ကျမ ထင်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အပစ်ရပ်သက်တမ်း ၁၅ နှစ်တာအတွင်းမှာ မွန်အမျိုးသမီးတွေအတွက် တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေကို ဘယ်လို တွေ့ရလဲ။

မွန်ပြည်သစ်က cease fire (အပစ်ရပ်) မလုပ်ခင်တုန်းကဆိုရင် ရေး’ တောင်ပိုင်း၊ မွန်ပြည်နယ် အစွန်ပိုင်းမှာပေါ့နော်။ ကျန်းမာရေးတွေ တအားချို့တဲ့ကြတယ်။ မီးဖွားတာ အဆင်မပြေတဲ့ ပြဿနာတို့၊ ငှက်ဖျား ဖြစ်တာတို့၊ အားအင်ချို့တဲ့နေတာတို့အတွက် ဆေးတွေလည်း မရှိဘူး။ ဆရာဝန်၊ ဆရာမတွေလည်း မရောက်တော့ ဘုန်းဘုန်းလဲပြီး သေတာတွေ အများကြီးပဲလေ။ အပစ်ခတ်ရပ်ပြီးနောက်ပိုင်း ဒီ ၁၅ နှစ်အတောအတွင်းပေါ့နော်။ နယ်စပ်ကနေပြီးတော့မှ ဆေးတွေ ပို့ပေးလို့ ရလာတယ်။ မွန်လူငယ်တွေလည်း ဗဟိုကိုသွားပြီး တော့မှ ဆေးနဲ့ပတ်သက်တဲ့ ပညာတွေကို သင်လို့ ရလာတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာတယ်ပေါ့။

အဆိုးဘက်အပိုင်းကို ပြောရမယ်ဆိုရင်လည်း အများကြီးပဲ။ တခုက နအဖအဖွဲ့တွေ ဝင်ခွင့်ရလာတော့ ကျမတို့ နယ်မြေက သယံဇာတတွေ ဆုံးရှုံးတယ်။ ဥပမာပြောရရင် သူတို့ ပိုက်လိုင်းတွေ ဆောက်တဲ့ကိစ္စပေါ့နော်။ အဲဒီကိစ္စအတွက် ကျမတို့ဘက်က အများကြီးဆုံးရှုံးတယ်။ မြေတွေ အသိမ်းခံရတယ်။ လူတွေကို အဓမ္မ ခိုင်းတယ်။ အမျိုးသမီးတွေအတွက် မလုံခြုံဘူး။ စစ်တပ်တွေကိုလည်း အများကြီး ဆောက်လာတယ်။ မော်လမြိုင်-ရေး ကားလမ်းတလျှောက်မှာလည်း စစ်တပ်တွေချည်းပဲ။ အဲဒါတွေက Cease fire ရဲ့ အကျိုးတွေနဲ့ အပြစ်တွေပေါ့နော်။

ဒီနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာ ပါတဲ့ မွန် IDP တွေဆိုတာက ဘယ်နေရာမှာ ဘယ်လို ဖြစ်လာကြတာလဲ။


စစ်တပ်ကနေ အိမ်တွေသိမ်းတယ်၊ ယာတွေသိမ်းတယ်။ အဲလိုသိမ်းတော့ သူတို့တွေက နေစရာတွေ မရှိတော့ဘူး။ အဲဒါကြောင့်မို့ သူတို့တွေ အပြင်ဘက်ကို ထွက်လာကြတယ်။ အဲဒါတွေကြောင့် IDP တွေ များလာပါတယ်။ နောက်တခုက ကိုယ့်ရဲ့ သားပျို၊ သမီးပျိုတွေအတွက် မိဘတွေက မအေးဘူးလေ။ စိတ်မအေးတော့ သူတို့ သားသမီးတွေခေါ် အိမ်တွေယာတွေ ပစ်ပြီးမှ ထွက်လာကြတာတွေ အများကြီးပဲ။

ဒီ မွန် IDP တွေက ဘယ်နေရာတွေမှာ ရှိမလဲ။ အကြမ်းမျဉ်း အရေအတွက်လည်း သိလိုပါတယ်။

အဓိကကတော့ ဗဟိုနားက ဟလော့ခနီ နယ်စပ်မှာ IDP တွေ စုပြီးနေထိုင်တာ ၅ ရွာ၊ ၆ ရွာလောက် ရှိမယ်။ မွန်ကယ်ဆယ်ရေး အဖွဲ့ကနေ ကူညီထောက်ပံ့တာတွေကိုတော့ ရနေတယ်ပေါ့။ အရေအတွက်ကတော့ မနှစ်ကအထိကို ၄ သောင်းကျော်လောက် ရှိတယ်။

MYPO ကို ဘယ်တုန်းက၊ ဘယ်သူတွေနဲ့ တည်ထောင်ခဲ့တာလဲ။ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါ။

စတင်တည်ထောင်တာကတော့ ၁၉၉၉ တုန်းကပေါ့။ ဒါပေမဲ့ ၂ဝဝ၁ ကျမှ ကျမတို့ရုံး စတင် ဖွင့်နိုင်ခဲ့ပါတယ်။ စံခလမှာပဲ ဖွင့်လှစ်ခဲ့တာပါ။ မွန်ပြည်နယ်ထဲက မော်လမြိုင်၊ ရေး၊ သထုံ ခရိုင်က လူငယ်တွေရယ်၊ ပြီးတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ လူငယ်တွေ ပေါင်းပြီးမှ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ အကြံကို ဖော်ထုတ်ခဲ့ကြတာပါ။ အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Rural area (ကျေးလက်ဒေသ) တွေက လူငယ်တွေ အသိအမြင် ပွင့်လင်းလာဖို့အတွက် ပညာရေးအစီအစဉ်တွေကို အဓိက ရည်ရွယ်ပါတယ်။ အဖွဲ့ဝင်အင်အားကတော့ ကျမတို့ ယေဘုယျ သတ်မှတ်ထားတာ ၁၂ဝ ရှိပါတယ်။

MYPO အဖွဲ့က လက်ရှိမှာ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေလဲ။

ကျမတို့ MYPO (Mon Youth Progressive Organization) ရယ်၊ WCLP (Women Child Rights Project) ရယ်၊ ကနေဒါနဲ့ အမေရိကန်က မွန်အမျိုးသမီး အစည်းအရုံးတွေပေါ့။ နောက် (ထိုင်းနိုင်ငံ) စံခလဘူရီဒေသမှာရှိတဲ့ မွန်အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားနေပါတယ်။ တခြား ပရိုဂရမ်တွေ၊ အစီအစဉ်တွေမှာတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်း ဥပမာ ကရင်အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပါတယ်။

(ကိုဝိုင်း တည်းဖြတ်သည်။) source-(မဇ္ဈိမ)

0 comments: