Thursday, April 21, 2011

 အလုံသင်္ဘောကျင်းရှိ လွန်းကျင်းခြောက်ခုနှင့် ၀န်ထမ်းအိမ်ရာများ ဖယ်ရှားပေးရမည်



434
434a
မြန်မာ့စက်မှုဆိပ်ကမ်းမှ အလုံသင်္ဘောကျင်းရှိ မြေနေရာများကို လွှဲပြောင်းရယူမည် ဆိုပါက သင်္ဘောကျင်းရှိ သင်္ဘောတည်ဆောက်ရာ လွန်းကျင်း ခုနစ်ခုရှိသည့်အနက် လွန်းကျင်း ခြောက်ခုနှင့် ၀န်ထမ်း အိမ်ရာများ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အလုံသင်္ဘောကျင်းသည် မြေဧက ၂၆ ဧကရှိပြီး သင်္ဘောကျင်း၏ ထက်ဝက်ခန့် မြေဧက ၁၃ ဒသမ ၅ ဧကအား မြန်မာ့စက်မှု ဆိပ်ကမ်းသို့ လွှဲပြောင်းပေးရမည် ဆိုပါက သင်္ဘောတည်ဆောက် ပြုပြင်ရာ လွန်းကျင်းများနှင့် ၀န်ထမ်းအိမ်ရာများအား ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း သိရှိရသည်။
အလုံသင်္ဘောကျင်းရှိ လွန်းကျင်း ခုနစ်ကျင်းအနက် လွန်းကျင်း အမှတ် ၁၊ အမှတ်၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅နှင့် အမှတ် ၇ တို့ ဖျက်သိမ်းရာတွင် ပါရှိမည် ဖြစ်ကာ သင်္ဘောကျင်းရှိ ၀န်ထမ်းများ နေထိုင်သော ၀န်ထမ်းအိမ်ရာများ ပါရှိမည် ဖြစ်သည်။
အလုံသင်္ဘောကျင်းသည် ကျင်းလမ်း ခုနစ်ခုရှိပြီး တစ်ကြိမ်လျှင် အများဆုံး ရေယာဉ်စင်းရေ ၁၆ စင်း တင်နိုင်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရန်ကုန်အခြေစိုက် သင်္ဘောအစင်း ၃၀၀ အား ကြံ့ခိုင်မှု ရှိစေရန် အများဆုံး ပြုပြင်ပေးနေသော သင်္ဘောကျင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ပြင်ပပုဂ္ဂလိကမှ အပ်နှံသည့် သင်္ဘောများကိုလည်း အများဆုံး တည်ဆောက်ပေးနေသော သင်္ဘောကျင်း ဖြစ်ပြီး သင်္ဘောကျင်းဝင်းတွင် ၀န်ထမ်း အိမ်ထောင်စု ၁၁၃ စု ခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။
အလုံသင်္ဘောကျင်းသည် ကမ်းနားလမ်း တိုးချဲ့တည်ဆောက်ရန် အတွက် သင်္ဘောကျင်း၏ ဧရိယာအချို့ နှင့် ၀န်ထမ်းအိမ်ရာ အချို့အား ဖျက်သိမ်းပေးခဲ့ရပြီး လက်ရှိတွင်လည်း ထိုသို့ လွန်းကျင်းများနှင့် ၀န်ထမ်း အိမ်ရာများအား ထပ်မံဖယ်ရှားပေးရမည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
မြန်မာ့စက်မှုဆိပ်ကမ်းမှ လွှဲပြောင်းရယူမည့် မြေနေရာ ၁၃ ဒသမ ၅ ဧကတွင် ဆိပ်ကမ်းတံတားနှင့် ကုန်သေတ္တာလွင်ပြင် တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ကြောင်း အလဲဘမ်းမီဒီယာတွင်ဖော်ပြထားသည်။
.

0 comments: