Friday, April 08, 2011

ပြဿနာဖြစ်နေသော ဂျပန်ဓါတ်ပေါင်းဖိုသတင်းနှင့် ဂျပန်ရောက်မြန်မာများ ဆူနာမိ ရေဘေးဒဏ်ခံရတဲ့ဂျပန်ပြည်သူများအား မြန်မာအစားအစာများ သွားရောက် လှူဒါန်းမည်

TEPCO က ညူကလီယားဓာတ်ပေါင်းဖိုတွေထားရှိတဲ့ အဆောက်အအုံတွင်းမှာ နောက်ထပ် ဟိုက်ဒြိုဂျင် ပေါက်ကွဲမှုတွေ ထပ်မဖြစ်အောင်ဆိုပြီး နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကို ဧပြီလ ၆ ရက်နေ့ကစပြီး ထည့်သွင်း မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီလိုကြေညာပြီး မရှေးမနှောင်းမှာပဲ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တွေပါဝင်တဲ့ရေတွေ ပင်လယ်ထဲကို စိမ့်ထွက်နေတာကို ရပ်တန့်အောင်လုပ်နိုင်ခဲ့ပြီလို့လည်းဆိုပါတယ်။  နံပတ် ၂ ဓာတ်ပေါင်းဖိုရှိတဲ့ နေရာနားက ဓာတ်ရောင်ခြည်သင့်မှုမြင့်မားလှတဲ့ စွန့်ပစ်ရေတွေထည့်တဲ့ ကျင်းရဲ့ ကွန်ကရစ်နံရစ်ကွဲအက်နေရာကနေ စိမ့်ထွက်နေတာကို water glass လို့ခေါ်တဲ့ Sodium Silicate ထည့်ပြီး ကွဲအက်နေတဲ့နေရာတွေကို ဖာထေးနိုင်ခဲ့လို့ဖြစ်ပါတယ်။
ဒီမတိုင်ခင်က TEPCO ဟာ ဓာတ်ရောင်ခြည်သင့်မှုနည်းတဲ့ ရေတွေကို ပင်လယ်ထဲစွန့်ပစ်မှုတွေလုပ်ခဲ့ပါ တယ်။ ဒါကလည်း ဓာတ်ရောင်ခြည်သင့်မှုမြင့်မားလှတဲ့ရေတွေကို သိုလှောင်ထားဖို့ရာနေရာရဖို့အတွက် လုပ်ခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီလိုလုပ်ခဲ့တဲ့ အကျိုးဆက်ကို အခုအခါ စတင်ခံနေရပါပြီ။
ဖူကူရှီးမားစက်ရုံရဲ့တောင်ဘက်မှာရှိတဲ့ အီဘားရားကိ ခရိုင်ရဲ့ ကမ်းလွန်ပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိတဲ့ ငါးအသေးစားလေးတွေမှာ ဓာတ်ရောင်ခြည့်သင့်ခံထားရတဲ့ပမာဏဟာ မြင့်မားနေတယ်ဆိုတာကို စမ်းသပ် တွေ့ရှိရတယ်လို့ ဂျပန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ယုကိအို အဲဒါ့နို ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အဲဒါအပြင် ဂျပန်ရဲ့အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံကလည်း ဒီလို အဆိပ်အတောက် တွေပါတဲ့ရေတွေကို ပင်လယ်ထဲကို မစွန့်ပစ်ခင်မှာ အိမ်နီးချင်းနိုင်ငံတွေကို ကြိုတင်အသိမပေးခဲ့တာ အတွက် စိုးရိမ်စိတ်တွေကို မြင့်တက်စေခဲ့ပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ ဆိုပါ တယ်။ ပြောရေးဆိုခွင့်ရှိသူ အဲဒါ့နိုက အဲဒီအတွက် တောင်းပန်မှုတွေပြုလုပ်ခဲ့ပါတယ်။
TEPCO ရဲ့အခုလိုလုပ်ရပ်ဟာ တာဝန်မဲ့လွန်းအားကြီးပြီး ဘယ်လိုမှဖော်လို့မရလောက်အောင် ဒေါသထွက် ခဲ့ကြရတယ်လိုက ဂျပန်နိုင်ငံလုံးဆိုင်ရာ ငါးဖမ်းလုပ်ငန်းများအဖွဲ့ချုပ်ရဲ့အကြီးအကဲက TEPCO အကြီးအကဲကိုပြောဆိုလိုက်ပြီး အစိုးရနဲ့အတူ နစ်နာခဲ့ရတာတွေအတွက် လျော်ကြေးပေးဖို့ ကတိတောင်း ခံခဲ့ပါတယ်။ TEPCO အကြီးအကဲ က သူတို့ရဲ့လုပ်ရပ်တွေအတွက် ၀န်ချတောင်းပန်ပါတယ်လို့ ပြောဆို ပါတယ်။ ယာယီအားဖြင့် လျော်ကြေးပေးဖို့ကို အစိုးရနဲ့ပူးပေါင်းတိုင်ပင်ဆောင်ရွက်နေပါတယ်လို့လည်း ပြောပါသေးတယ်။
ဂျပန်အစိုးရက အီဘားရားကိ ကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်းတာမျိုးတွေကို မလုပ်ဖို့ မေတ္တာရပ်ခံထား တဲ့အတွက် ငါးဖမ်းလုပ်ငန်းတွေ စတင်ထိခိုက်နေပြီဖြစ်ပါတယ်။
ပင်လယ်ထဲကို ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေပါတဲ့ရေကို စွန့်ပစ်ဖို့ TEPCO ဟာ ခပ်လွယ်လွယ်နဲ့ဆုံးဖြတ် ခဲ့ ပုံရပါတယ်။ အကျပ်အတည်းပေါင်းစုံကို ဖြေရှင်းနေရတဲ့ TEPCO ဟာ လတ်တလောအခြေအနေတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပုံမရတာကြောင့် ညူကလီယားစိမ့်ထွက်မှုပြသနာဟာ အချိန်တိုအတွင်းမှာ ပြီးဆုံးဖို့ရာ မမြင်ပါဘူး။
ဒီလိုငါးလုပ်ငန်းတွေအသစ်ထပ်မံရင်ဆိုင်ရတဲ့ အခြေအနေတွေကြောင့် ဂျပန်အရှေ့ပိုင်းကနေ တိုကျိုမှာရှိ စုကိဂျိ လက်ကားငါးဈေးကြီး(ယခင်တုန်းက မြန်မာနိုင်ငံတွင်ရှိခဲ့သည့်ကီလီငါးဈေးအတိုင်း) ကိုလာတဲ့ ငါး အရေအတွက် နဲ့ အမျိုးအစားကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဆာရှိမိ ငါးစိမ်းရောင်းတဲ့ဆိုင်တွေလည်း ၀င်ငွေကျဆင်းလာခဲ့ပြီး အဲဒီမှာအလုပ်လုပ်နေကြတဲ့ မြန်မာတွေလည်း အခြေအနေသိပ်တော့ မကောင်းလှ ပါဘူး။
စူပါမားကက်တွေ ငါးလက်လီဆိုင်တွေမှာလည်း ၀ယ်တဲ့သူတွေဟာ ဘယ်ခရိုင်ကနေလာသလဲဆိုတဲ့ စာကို သေသေချာချာကြည့်ပြီး ၀ယ်ကြတဲ့သူတွေရှိပါတယ်။ တချို့ကလည်း အန္တရာယ်မရှိလို့ရောင်းတာပဲဆိုပြီး စိတ်ချလက်ချနဲ့ ရောင်းတဲ့ဆိုင်တွေအပေါ် ယုံကြည်စိတ်အပြည့်အ၀ထားကြပါတယ်။ စုကိဂျိငါးဒိုင်မှာဆိုရင်
ငါးအ၀င်နည်းသွားခဲ့ပြီး ဂျပန်အနောက်ပိုင်းကလာတဲ့ငါးတွေပဲရှိတာကြောင့် ငါးဈေးနည်းနည်း တက်သွား ခဲ့ပါတယ်။
ဂျပန်အရှေ့ပိုင်း ငလျင်နဲ့ဆူနားမိဘေးကြီးကြောင့် ဂျပန့်စီးပွားရေး ထိခိုက်ခဲ့ရပြီး အဲဒီဒဏ်တွေကို မြန်မာ တွေလည်း စတင်ခံစားနေရပါပြီ။ စားသောက်ဆိုင်တွေမှာ ဧည့်သည့်အ၀င်နည်းလို့ ၀န်ထမ်းလျှော့ချတာ ဆိုင်ယာယီပိတ်တာ။ လုံးဝပိတ်လိုက်တာတွေကြောင့် အလုပ်ချိန်လျှော့ခံရ။ အလုပ်မှထွက်ဖို့ မေတ္တာရပ်ခံ တာတွေကို ရင်ဆိုင်နေရပါတယ်။ စက်ရုံတွေလည်း အလားတူပါပဲ။ မြန်မာတချို့လည်း အဲဒီလိုဆိုးကျိုးတွေ ကို ရင်ဆိုင်နေရပါတယ်။
ဒီလိုမျိုးအခြေအနေတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်း တိုကျိုမှာရှိတဲ့ မြန်မာတချို့ဟာ ဆူနားမိလှိုင်းကြီးဝါးမြို ဖျက်ဆီးသွားတဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ အီဝါးတဲ့ခရိုင် ရိကုဇဲန်း တာကာတာမြို့က ခိုလှုံရေးစခန်း တခုကို သွားရောက်ပြီး ဧပြီလ ၉ ရက် နေ့လယ်စာတနပ်ကို ချက်ပြုတ်ကျွေးမယ့်အစီအစဉ်ကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဧပြီလ ၈ ရက် သောကြာနေ့မှာ မြန်မာ ၁၁ ဦး ဟာ ထရပ်ကားတစင်း လူစီးကား တစင်း နဲ့အတူ လိုအပ်တဲ့ပစည်းတွေကို တင်ဆောင်ပြီး ဘေးသင့်ခံရတဲ့သူ ၃၀၀ ကို ချက်ပြုတ် ကျွေးကြမှာဖြစ်ပါတယ်။ ကြက်သားနဲ့အာလူး ကို မြန်မာအရသာကာလသားချက် ဖြစ်တယ်လို့ သိရပါ တယ်၊ အဲဒါအပြင် ရေနွေးကြမ်းဘူးတွေကိုလည်းပေးလှူမှာဖြစ်ပြီးနဲ့ ကိတ်မုန့်ကိုလည်း ကိုယ်တိုင်ဖုတ်ပြီး ကျွေးဖို့ယူသွားမယ်လို့ ဆိုပါတယ်။ အခုလိုမျိုး ဘေးသင့်တဲ့သူတွေကို ဂျပန်ရောက်မြန်မာနိုင်ငံသားများက ထမင်းဟင်းချက်ပြီး ကိုယ်တိုင်ကိုယ်ကျကျွေးမယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ လိုအပ်သောငွေကြေးကို ထည့်ဝင်လှူဒါန်းကြသူများရှိသလို၊ လုပ်အားပေးကြမယ့်သူတွေကလည်း စိတ်အားတက်ကြွနေကြပါတယ်။ စေတနာရှင်များရဲ့အလှူငွေများကိုလည်း လက်ခံနေပါတယ်။
ဒီအတောအတွင်း မတ်လ ၁၁ ရက်နေ့ ငလျင်ကြီးနဲ့ ဆူနားမိလှိုင်းကြီးတွေကြောင့် သေဆုံးသွားခဲ့ရတဲ့သူ တွေအတွက်ရည်စူးပြီး ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပွဲကို ဧပြီလ ၁၀ ရက်နေ့ကျရင် တိုကျိုမှာ ပြုလုပ်ဖို့ စီစဉ်ထားပါသေးတယ်။ တိုကျိုမှာရှိတဲ့ ဘာသာရေး။ လူမှုရေး၊ နိုင်ငံရေး။ လူမျိုးရေး။ စာပေအဖွဲ့ အစည်းတွေနဲ့ တသီးပုဂ္ဂလတွေ စုပေါင်းပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့အလှူ အဖြစ်နဲ့ ကောက်ခံ ရရှိတဲ့ငွေကို ငလျင်နဲ့ဆူနားမိလှိုင်းဒဏ်ခံခဲ့ရတဲ့ပြည်သူတွေလက်ထဲကို တိုက်ရိုက်သွားရောက်လှူဒါန်းဖို့ ကိုလည်း စီစဉ်နေပါတယ်။ အလှူငွေများလှူဒါန်းလိုသူများအနေနဲ့ နီးစပ်ရာမြန်မာအဖွဲ့အစည်းများ၊ ဘုန်း ကြီးကျောင်းများနဲ့ မြန်မာစားသောက်ဆိုင်တချို့မှာ သွားရောက်လှူဒါန်းနိုင်ပါတယ်လို့လည်း နှိုးဆော် ထားပါတယ်။     
ကျော်ကျော်စိုး
၁း၂၇ နာရီ
ဧပြီ ၇ ရက် ၂၀၁၁ ခုနှစ်
.

0 comments: