Thursday, December 08, 2011

ဘဘဦးလွင်(၁၉၂၄-၂၀၁၁) ကွယ်လွန်

ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

အတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အဖွဲ့ဝင်၊
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ။

၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွား သည်။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PBF) တို့တွင် ပါဝင်ခဲ့သည်။ BDA ပထမအပါတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ် သည်။

၁၉၄၆ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက(၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ(၁ဝ၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန် ပြည်ထောင် စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့သည်။ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှု ဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာက ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၂ဝဝ၃ ခုနှစ်၊ မေ ၃ဝ ဒီပဲယင်း အရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဇနီးမှာ ဒေါ်တင်တင်မလေး (၂၀၁၀-နိုဝင်ဘာလ-၁၄ အသက်၈၈နှစ် ကွယ်လွန်)ဖြစ်ပြီး သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈) နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။

ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
.

0 comments: