Thursday, April 21, 2011

အမေရိကန်ဗီဇာမဲပေါက်ကြောင်း အီးမေးလ် အကြောင်းကြားစာအတုများ ပျံ့နှံ့

အမေရိကန်ဗီဇာမဲပေါက်ကြောင်း အီးမေးလ် အကြောင်းကြားစာအတုများ ပျံ့နှံ့လျက်ရှိကြောင်း ၅-၄-၂၀၁၁ ရက်က သိရသည်။ အဆိုပါ အမေရိကန်ဗီဇာ၊ DV( Diversity Visa) အတုများမှာ လတ်တလောအီးမေးလ်များအတွင်း ပျံ့နှံ့နေခြင်းဖြစ်ပြီးဗီဇာမဲပေါက်ကြောင်း အကြောင်းကြားစာများ ပေးပို့တော့မည့် ကာလသို့ နီးကပ်လာပြီဖြစ်၍ ထိုသို့ ပျံ့နှံ့ခြင်းဖြစ်သည်။ “အရင်နှစ်တွေကတော့ အမေရိကန် ဗီဇာလျှောက်ထားမယ်ဆိုရင် လက်ကမ်းစာစောင်တွေပေးဝေပြီး အဲဒီစာစောင်တွေရပြီးနောက်ပိုင်းသွားရောက် လျှောက်ထားရတာဖြစ်ပါတယ်။ အခုကတော့ အွန်လိုင်းကနေပြီး လျှောက်ထားနိုင်ပြီဖြစ်လို့ အီးမေးလ်နဲ့ အကြောင်းကြားစာ အတုတွေ ရက်ပိုင်းအတွင်းပျံ့နှံ့နေတယ်လို့သိရတယ်” ဟု အမေရိကန်ဗီဇာလျှောက်ထားသူတစ်ဦးက ပြောကြားသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြား ရေးဌာနက လာမည့် မေလ၁ရက်နေ့မတိုင်မီအထိ DV ဗီဇာမဲပေါက်ကြောင်း အကြောင်းကြားစာများ ပေးပို့မည်မဟုတ်ကြောင်း ၊ ထိုရက်မတိုင်ခင်ပေးပို့ခြင်းရှိပါက ၎င်းဗီဇာမှာ အတုသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး၏သတင်းထုတ်ပြန်ချက်မှသိရသည်။ လက်ရှိ၎င်းအမေရိကန် DV ဗီဇာကို အင်တာနက် ဆိုင်များမှ လည်း လျှောက်ထားရန် ဝန်ဆောင်မှုပေးနေပြီး၊ လျှောက်ထားသူများပြားလာကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေ ထိုင်ရန်အတွက် တစ်နှစ်လျှင် တစ်ကြိမ် ၎င်းDV ဗီဇာများ ကိုမဲဖောက်ပေးပို့မည်မဟုတ်ကြောင်း လာမည့်နှစ်အတွက် DV ဗီဇာမဲပေါက် /မပေါက်သိရှိလိုပါက မေလ၁ရက်မှ စတင်ကာသက်ဆိုင်ရာ ဝက်ဘ်ဆိုက် စာမျက်နှာမှ တစ်ဆင့် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းကနေ လျှောက်မယ်ဆိုရင်တော့ အင်တာနက်ဆိုင်တွေမှာ ကျပ် ၂၀၀၀ ဝန်းကျင်ပေးပြီး တော့ လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနေရာမှာ ကိုယ်တိုင်သွားရောက်လျှောက် ထားတာပဲ ပိုများတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။ DV ဗီဇာကံစမ်းမဲ အစီအစဉ်မှာမည်သည့် အခကြေးငွေမှ ပေးဆောင်ရန်မလိုအပ်ဘဲ အီးမေးလ်နှင့် ဗီဇာကံစမ်းမဲပေါက်ကြောင်း အကြောင်းကြားပြီးငွေပို့ခိုင်းပါကလည်း ပေးပို့ရန် မလိုကြောင်း၊ ကံစမ်းမဲပေါက်ကြောင်းကို မေလ ၁ ရက်မှစတင်ကာ www.dvlottery.state.gov ဝက်ဘ်ဆိုက် စာမျက်နှာ တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီ ၁၄ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြ ထားပါသည်။ .

0 comments: