Tuesday, June 29, 2010

ရေလမ်းကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်း များကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့်ခွင့် ပြု သွားမည်

ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်ရေးအတွက် ရန်ကုန် မြစ်ကြောင်းကို ပြုပြင်ရန် ထိုင်းကုမ္ပဏီ တစ်ခုက တာဝန်ယူ လုပ်ဆောင်ရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။ ရန်ကုန် ဆိပ်ကမ်းသည် river port တစ်ခု ဖြစ်သောကြောင့် ရေစူးနက်သော ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့အပြင် Monkey point ဟုခေါ်သော အတွင်း သောင်ခုံနှင့် Elephant point ဟုခေါ်သော အပြင်သောင်ခုံများ ပါရှိနေရာ ရန်ကုန်မြစ်အတွင်း ဝင်ရောက်မည့် သင်္ဘောကြီးများသည် ပင်လယ် ဒီရေတက်ချိန်ကို စောင့်၍ သွားလာရကြောင်း သိရသည်။ ရန်ကုန်မြစ်တွင် သင်္ဘောကြီးများ သွားလာရ လွယ်ကူ အဆင်ပြေစေရန်အတွက် ထိုင်းကုမ္ပဏီ တစ်ခုမှ မြစ်ကြောင်း ပြုပြင်ရန် လာရောက် ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ အချိန်ထိမူ အဆိုပါ ကမ်းလှမ်းမှုအား လက်သင့်ခံခြင်း ရှိ၊ မရှိ တိကျစွာ မသိရှိရသေးကြောင်း သိရသည်။ အဆိုပါ ကမ်းလှမ်းချက်တွင် ပါရှိသည့် လုပ်ဆောင်မည့် အချက်များနှင့် ဖြစ်ပေါ်နိုင်သည့် အကျိုးအပြစ်များအား ရေကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက လေ့လာမှု ပြုလုပ်ရန်လည်း ရှိကြောင်း သိရသည်။ အဆိုပါ လေ့လာမှုပြုလုပ်မည့် ပညာရှင်များတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့ ရေကြောင်းပညာ တက္ကသိုလ် စသည်တို့မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။ “ထိုင်းကုမ္ပဏီက ပြောလာတဲ့ အချက်တွေကို ကြည့်ပြီး ဒါဟာ ဖြစ်နိုင်ခြေရှိ၊ မရှိ ပြန်ပြီး လေ့လာသွားရမှာပါ။ ဥပမာပြောရရင် သောင်ခုံ နှစ်ခုကို တူးလိုက်ရင် ရေစူးများတဲ့ သင်္ဘောတွေ ဝင်နိုင်မှာလား။ ဒီလိုလုပ်လို့ မြစ်ကြောင်းကို ဘယ်လို သက်ရောက်လာမလဲ။ သောင်တူးတယ် ဆိုတာကလည်း လနဲ့ချီကြာမှာလေ စသည်ဖြင့်ပေါ့။ ဒါတွေကို သုံးသပ် လေ့လာသွားမှာပါ ”ဟု မြန်မာ့နိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ရန်ကုန် ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုမှုနှင့်အတူ ရန်ကုန်မြစ်အတွင်းရှိ အတွင်းစည်းခုံနှင့် အပြင်စည်းခုံ သောင်တူးခြင်း လုပ်ငန်း၊ ရေလမ်းကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်း များကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည် ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ဝင်ရောက်၊ ထွက်ခွာ သွားလာနေသည့် ပြည်တွင်း၊ ပြည်ပ သင်္ဘောများထံမှ မြစ်ကြောင်း ထိန်းသိမ်းခ ပြန်လည် ကောက်ခံသွားရန် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: