Tuesday, June 29, 2010

စစ်အစိုးရလက်ထက် သရဲတောင် ဘုံပျောက်



    လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန်အတွင်း စက်ရုံတစ်ရုံ၌ ပရိတ်တရားနာစဉ် ထိတ်လန့်မှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် အလုပ်သမားများအား အိမ်ပြန်ခွင့် ပေးခဲ့ရသည်ဟု ယင်းစက်ရုံမှ တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရှိရပါသည်။

    ဖြစ်စဉ်မှာ ဇွန်လ၂၁ရက်နေ့ မနက် ၉နာရီတွင် စက်ရုံဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် စက်ရုံအလုပ်သမား တစ်ထောင်ကျော် ပရိတ်တရားနာနေစဉ် စက်ရုံအလုပ်သမားအချို့မှာ အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ငိုယိုသည့်ဖြစ်ရပ်များကြောင့် အလုပ်သမားအများစုမှာ ထိတ်လန့်ကာ မိမိအိမ်သို့ပြန်လိုကြောင်း ခွင့်တောင်းခဲ့ကြခြင်းကြောင့် တစ်နေ့တာအလုပ်ရပ်နားကာ အိမ်သို့ပြန်လွှတ်ခဲ့ရသည်ဟု စက်ရုံမှတာဝန်ရှိသူက ရှင်းပြခဲ့ပါသည်။

    ''ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့အယူအဆအရ စက်ရုံဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ သံဃာတော်တွေပင့်ပြီး ပရိတ်တရားတော်နာခဲ့တယ်။ အဲဒီအချိန်မှာပဲ အလုပ်သမားတစ်ချို့ဟာ အကြောင်းပြချက် တစ်စုံတစ်ရာမရှိကြဘဲ တုန်တုန်ရီရီဖြစ်ပြီး အသံနက်ကြီးနဲ့ အော်ငိုခဲ့ကြတယ်။ တစ်ချို့ပြောချင်တာ တွေပြောတယ်။ လူငယ်အချင်းချင်းကြတော့လည်း တစ်ယောက်ကငိုတော့ ကြောက်လန့်ပြီး ငိုကုန်ကြတယ်''ဟု စက်ရုံရှိ ကိုယ်တွေ့ကြုံခဲ့ရသူ အလုပ်သမားတစ်ဦး က ပြောပြခဲ့ပါသည်။

    ''အလုပ်သမားတွေ အော်ငိုကြတဲ့အခါ ကြားမိတာကတော့ ငါတို့နေစရာမရှိလို့ နေစရာပေးပါဆိုပြီး ပြောတာကြားတယ်။ ကျွန်တော်သိသလောက်တော့ စက်ရုံမဆောက်ခင်က အဲဒီနေရာမှာ သရက်ပင်ကြီးတစ်ပင်ရှိတယ်။ စက်ရုံဆောက်တော့ အဲဒီအပင်ကို ခုတ်လိုက်ရတယ်။ အဲဒီအချက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်''ဟု စက်ရုံအလုပ်သမားတစ်ဦး က ပြောပြခဲ့ပါသည်။

    ထို့ပြင် စက်ရုံမှာ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမား တစ်ထောင်ဝန်းကျင် လုပ်ကိုင်နေကြကာ ယင်းစက်ရုံမှာ ဇာထိုး၊ ပန်းထိုးစက်ရုံဖြစ်ကြောင်း သိရှိရပါသည်။

    ''ဒီနေ့တစ်နေ့ပဲ ကြောက်လန့်နေတဲ့ အလုပ်သမားတချို့ကို အိမ်ပြန်လွှတ်ခဲ့တယ်။ နောက်နေ့ ပုံမှန်အ တိုင်း အလုပ်ပြန်ဆင်းကြမှာပါ။ အထိတ်တလန့် ဖြစ်သွားခဲ့တဲ့ အလုပ်သမားတွေ တချို့တော့ ဆေးခန်းရောက်ကုန်ကြတယ်။ ကျွန်မကတော့ ဒါမျိုးနဲ့ပတ်သက်ပြီး တစ်ခါမှလည်း မကြုံခဲ့ဘူးသလို အယုံအကြည်လည်း မရှိခဲ့ဘူး။ ပြီးတော့ အကြီးအကျယ် ထိခိုက်တာမျိုး ဘာမှလည်းရှိခဲ့တာ မဟုတ်ဘူးလေ''ဟု စက်ရုံကြီးကြပ်ရေးမှူးက ပြောပြခဲ့ပါသည်။

    ယင်းဖြစ်ရပ်နှင့် စပ်ဆက်ကာ လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက " လှိုင်သာယာ စက်မှုဇုန်ခွဲတွေထဲမှာတော့ ကျွန်မလုပ်သက် သုံးလေးနှစ်အတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မကြားဖူးဘူး''ဟုပြောကြားခဲ့ပါသည်။ 
 News/ Eleven Journal

0 comments: