Tuesday, March 18, 2014

“ ဖွဲ့စည်းပုံပြင်ရေး အချိန် တစ်နှစ်ခွဲ လိုသလား ”



စည်သူအောင်မြင့်
The ladies ဂျာနယ်၊ မွန်းတည့်နေ ဂျာနယ်။ ၁၅-၃-၁၄။

အခုရက်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ ပြည်သူတွေရဲ့ တောင်းဆို ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပေမယ့် တကယ် ပြင်ဆင်ပေးဖို့ တာဝန်ယူထားတဲ့ လွှတ်တော်ထဲမှာတော့ အသံ ပြန်တိတ်ဆိတ်သွားပြန်ပါပြီ။ အကြောင်းကတော့ လွှတ်တော်နာယက သူရဦးရွှေမန်း လမ်းညွှန်လိုက်တဲ့ ဖွဲ့စည်းပုံပြင်ရေး အချိန်ဇယား သတ်မှတ်ထားမှုနဲ့ ဆွေးနွေးချက်တွေကို လျှို့ဝှက်ထားရမယ် ဆိုတဲ့ မူ စတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ လွှတ်တော်ထဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းဟာ လွှတ်တော်နာယက သူရဦးရွှေမန်း ပြောသလို ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လ အလို၊ တစ်နည်းအားဖြင့် အချိန်တစ်နှစ်ခွဲလောက် ယူသင့်ပါသလား၊ အဲလောက် အချိန်ယူလိုက်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
သူရဦးရွှေမန်းရဲ့ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ ဆီ ပို့တဲ့ လမ်းညွှန်ချက်မှာ အချိန်ဇယားနဲ့ ပါတ်သက်ပြီး ၁ (ဃ) မှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လ အလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်း အစီအစဉ်ပြ အချိန်ဇယား သတ်မှတ်ဆောင်ရွက်ရန်” ဆိုပြီး ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ထုတ်ပြောဖူးတာက ရွေးကောက်ပွဲကို အကြမ်းဖျဉ်းအားဖြင့် ၂၀၁၅ ဒီဇင်ဘာ ၀န်းကျင်လောက် လုပ်ပေးမယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်းပြောတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လ ဆိုတာဟာ ၂၀၁၅ ဇွန်၊ ဇူလိုင်လောက်ကို ရည်ညွှန်းပုံ ရပါတယ်။ တိတိကျကျ ပြောမထားပါဘူး။ မတော်တဆ ရွေးကောက်ပွဲ နောက်ဆုတ်သွားရင် သူတို့ရဲ့ ဖွဲ့စည်းပုံပြင်ရေး အချိန် ဒီထက် နောက်ကျမှ ပြီးလည်း ရတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ သူရဦးရွှေမန်း အဲဒီ လမ်းညွှန်ချက် ထုတ်ပြန်ခဲ့တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ပါ။ အကြမ်းဖျဉ်းတွက်လိုက်ရင် ဖွဲ့စည်းပုံ ပြင်ရေး အချိန် တစ်နှစ်ခွဲလောက် ထပ် ယူလိုက်တဲ့ သဘောဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော်တွင်း ဆောင်ရွက်နေမှုဟာ ပြင်ပကို သတင်းထုတ်ပြန်ခြင်း မပြုရ ဆိုတဲ့ အချက်ကြောင့် ဘာအကြောင်းအရာတွေကို ဘယ်လို ပြင်ဆင်မယ် ဆိုတာ ပြည်သူတွေ မသိနိုင်ပါဘူး။ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်ကို စေ့စေ့စပ်စပ် လေ့လာကြည့်ရင် တိကျတာ တစ်ချက်ပဲ ပါပါတယ်။ အပုဒ် ၁။ (၅)(ဃဃ) မှာ ပါတဲ့ “ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ညီညွတ်မှု ရှိစေရေး ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျန်တာတွေအားလုံးဟာ ခြုံငုံပြောဆိုတာတွေ ဖြစ်ပြီး တစ်ချို့ အချက်တွေကိုတော့ “လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်း” ဆိုတာလောက် ပါပါတယ်။ အဓိက ပြောချင်တာကတော့ ဘာပြင်မယ် တိတိကျကျ ပြည်သူတွေ မသိနိုင်ပါဘူး။
ဒီအတွက် ကော်မတီဆီကနေ ပြင်ဆင်မယ့် မူကြမ်း တစ်ခု ထွက်လာ၊ လွှတ်တော်တွင်း တရားဝင် ဆွေးနွေးမယ် ဆိုတဲ့ အချိန်ကျမှ ပြည်သူတွေ သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် ပြည်သူလူထု လိုလားတဲ့၊ ပြင်စေလိုတဲ့ တကယ့် အရေးကြီးတဲ့ အချက်တွေ ပါဝင်မလာဘူးဆိုရင် လုပ်ရကိုင်ရ အတော်ခက်သွားပါပြီ။ ပြည်သူ့ဆန္ဒ ဖော်ထုတ် တောင်းဆိုကြမယ်၊ တွန်းတွန်းတိုက်တိုက် လုပ်ကိုင်ကြမယ် ဆိုရင်လည်း သိပ်မကြာခင် ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲအတွက် အနှောင့်အယှက် အဟန့်အတား ဖြစ်သွားစေနိုင်ပါတယ်။ အဲလို အနေအထားမှာ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေနဲ့ ပြည်သူလူထု ဘေးကြပ်နံကြပ် အခြေအနေ ဆိုက်စေနိုင်ပါတယ်။ ရွေးကောက်ပွဲကို ထိခိုက်ခံရမလား၊ ဒါမှမဟုတ် အဲဒီ လွှတ်တော်က ဆုံးဖြတ်တာကိုပဲ လက်ခံလိုက်ပြီး အဲဒီ ပြင်ထားပြီးသားဆိုတဲ့ ဖွဲ့စည်းပုံနဲ့ပဲ ရွေးကောက်ပွဲ ၀င်လိုက်ရမလား ဆိုတဲ့ ပြသနာမျိုးပဲ ဖြစ်ပါတယ်။
ပြောရရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အရင် န၀တ စစ်အစိုးရက ၁၉၉၃ ခုနှစ်မှာ အမျိုးသား ညီလာခံ ခေါ်ပြီး စိတ်ကြိုက်ရေးဆွဲခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း အဲဒီ ဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ်ကျမှ အတည်ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ကြားထဲမှာ စုစုပေါင်း အချိန် ၁၅ နှစ်လောက် ယူခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ ၂၀၁၀ ဆိုရင် စုစုပေါင်း အချိန် ၁၇ နှစ်လောက် ကြာသွားပါတယ်။ ဒါဟာ မလိုလားအပ်တဲ့ အချိန်ဆွဲနည်းတစ်မျိုးဖြစ်တယ်ဆိုတာ ပြည်သူတွေကရော၊ နိုင်ငံတကာကရော အားလုံး သိကြပါတယ်။ အခု သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုပြီး စ လုပ်နေတာ ပြီးခဲ့တဲ့ ၂၀၁၃ နှစ်လည် ကတည်းကပါ။ အဲဒီ အချိန်က စ တွက်ရင် ဥပဒေကြမ်း ထွက်ပြီးသည်အထိ နှစ်နှစ်လောက် အချိန်ယူမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒါဟာ အတော်လေးကို မသင့်တော်တဲ့ အချိန်ယူမှု၊ အချိန်ဆွဲမှု တစ်ခုပဲ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိ လွှတ်တော်က လုပ်နေတဲ့ ဒီ အချိန်ဆွဲတဲ့ နည်းဗျူဟာ ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်သွားတဲ့ ပုံစံအတိုင်း ဖြစ်နေပြီး ပြည်သူလူထုကလည်း အတော် စိတ်ကုန်နေပါပြီ။ နိုင်ငံရေး နည်းပရိယာယ်တွေကိုလည်း မလိုချင်တော့ပါဘူး။ ဒီ ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ပြင်ဆင်မယ့် တကယ့်မူကြမ်းတစ်ရပ်ရဖို့ စစ်တပ်၊ ပြည်ခိုင်ဖြိုး၊ အတိုက်အခံ၊ တိုင်းရင်းသား တကယ့် ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာရင် ရက်တိုတိုနဲ့ ထွက်လာနိုင်ပါတယ်။ ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲ လောက်ကို ရည်ရွယ်ပြင်ဆင်မယ် ဆိုရင် နည်းနည်းကျဉ်းကျဉ်းနဲ့ ပြင်ဆင်လို့ ပြီးနိုင်ပါတယ်။ ဒါကို ပညာရှင်တွေက အချောရေး လွှတ်တော်က အတည်ပြုပေးလိုက်ရုံပါပဲ။ တကယ့်တကယ် ဒီမိုကရေစီကျဖို့၊ တိုင်းရင်းသား တန်းတူရေးကိစ္စတွေ ပိုပြီး ပြည့်စုံဖို့ကိုတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း တဖြေးဖြေး လုပ်သွားလို့ ရနိုင်ပါတယ်။ ဒီ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး မြန်မြန်ဆန်ဆန် ပြီးအောင် အချိန်သတ်မှတ်ချက် ပြန်ပြင်ပါ၊ လက်တွေ့မကျတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ခက်ခဲအောင် လုပ်မနေပဲ တွေ့ဆုံဆွေးနွေးတဲ့ နည်းကနေ မြန်မြန်ပြင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။