Eain Dra's photo.
အဖိုးရေ…
ဒေါက်တာသန်းထွန်းက မ အ ချင်ရင် သမိုင်းသင်တဲ့
“အ” စေချင်သူတွေကတော့ သမိုင်းကို ပြင်ရေးသွားကြတယ်။
တကယ်ဆို သူရဲကောင်းတွေမြေသြဇာဖြစ်တဲ့ စစ်တလင်းကနေ
သူတို့တွေ ပဒေသာပင်ပေါက်ခဲ့တာပါ အဖိုး..။
ဆင်တွေတောင် ဘိသိက်ခံခွင့်ရတဲ့ ခေတ်စနစ်မျိုးမှာ
အဖိုးတို့ သမိုင်းစာမျက်နှာတွေက အဆုတ်ဖြဲခံဖြစ်သွားခဲ့ကြတယ်၊
အဲဒီ့ခေတ်ကြီးမှာ အညွှန့်ချိုးခံခဲ့ရတဲ့ အပင်ပျိုတွေ သိပ်များသလို
အကိုင်း အချိုင်ခံလိုက်ရတဲ့ ပင်အိုတွေလည်း ဘယ်နည်းလိမ့်မလဲ အဖိုးရယ်..။
နှစ်ပေါင်းမြောက်များစွာ ထိန်ထိန်ကျဲနေခဲ့တဲ့ အမှောင်နက်နက်ထဲ
နောက်ထပ် ဘယ်လို ကြေကွဲစရာတွေ နစ်မြုတ်နေလိမ့်ဦးမလဲ
ဒုက္ခနဲ့ ယဉ်ပါးကုန်တဲ့ ဘဝတွေမှာ နောက်ထပ် ခါးသည်းစရာ မကျန်တော့ဘူးပေါ့..။
အဖိုးတစ်ယောက်တည်း တံတားပေါ် တုန်တုန်ချိချိ ထိုင်နေမယ့် အချိန်မှာ
တစ်ချို့တွေက နောက်ဘဝအထိ အာဏာတွေ တည်ချင်နေခဲ့တယ်။
အဖိုးရေ..
နိမ့်ကျရင် နှိမ့်ချတတ်တဲ့ လူသဘော လူ့သဘာဝတွေထဲ
အဖိုး ဘယ်လောက် လှိုင်းကြီးလေထန်ခဲ့မလဲ…
တကယ်တော့..
အဖိုးက ပြည်သူတွေ ပြန်ရှာတွေခဲ့တဲ့ သက်ရှိသမိုင်းစာအုပ်ပါ..
အဖိုးက တခမ်းတနား သမိုင်းရှည်ကြီးကို ကိုယ်တိုင်ရေးသားခဲ့သူပါ
အဖိုးက မော်ကွန်းဝင်တစ်ယောက် လမ်းဘေးရောက်နေရတဲ့ ခေတ် အကြောင်း
ဆင်းရဲ ဒုက္ခနဲ့ ရင်းပြီး မှတ်တမ်းတင်ပေးခဲ့သူပါ။
အဖိုးက နုံချာပေမယ့် ရှင်းသန့်ခဲ့တဲ့ ဘဝတွေဟာ..
ဘယ်လို နွံအိုင်အောက်မှာ မြုတ်ထားထား
ပတ္တမြားသာဖြစ်တဲ့အကြောင်း အကောင်းဆုံးသက်သေပြသူပါ..။
လက်ကျန် မျက်လုံးတစ်ဘက်နဲ့ ကိုယ့်သမိုင်းကိုယ်ရဲရဲကြည့်ပစ်
မျက်နှာကို မော် လိုက်ပါတော့..အဖိုး ။ ။
အိန္ဒြာ
၁၃၊၁၁၊၂၀၁၃
( အဖိုးသခင်လှကြိုင်ရဲ့ အသိတွေတွေ့မှာစိုးလို့ ခေါင်းကို ငုံ့ထားရတယ် ဆိုတဲ့ စကားစုကို ထိခိုက်ခံစားသည်။)