Friday, May 24, 2013

(The Voice weekly Editor) ရဲ့ သတင်းလွတ်လပ်ခွင့် ခေါင်းကြီးပိုင်း

ကျော်မင်းဆွေ 

မနက်ဖန်ထုတ်မယ့် The Voice Weekly အတွက် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ခေါင်းကြီး ရေးဖြစ်တယ်။ သတင်းလွတ်လပ်ခွင့်လို့ ရေးတိုင်း ရေးတိုင်းမှာ သတင်းမီဒီယာတွေရဲ့ ဖော်ထုတ်ရေသားချက်တွေကြောင့် သူတို့တတွေရဲ့လွတ်လပ်ခွင့်ကိုထိပါးတယ်၊ လိုသလို ပုံကြီးချဲ့တယ်၊ တမင်ရည်ရွယ်ချက်နဲ့ ချဲ့ကားရေးတယ်၊ ဝါးလုံးရှည်နဲ့ သိမ်းရမ်းတယ်၊ 
စွပ်စွဲတိုက်ခိုက်တယ်၊ ဆူပူအောင် လှုံ့ဆော်တယ်၊ သက်သက်မဲ့ သွေးထိုးတယ်၊ ငါတို့အုပ်စု၊ လူတန်းစား၊ အဖွဲ့အစည်းကို တမင်သက်သက် ပုတ်ခပ်တယ်၊ လွတ်လပ်ခွင့်ကို အလွန်အကျွံသုံးတယ်၊ မတော်တရော်ပုံတွေ မျက်နှာဖုံးတင်တယ်၊ လောင်းကစားကို ပြောင်ပြာင်တင်းတင်း အားပေးတယ် ဆိုတဲ့ အမြင်တွေနဲ့ မီဒီယာတွေကို စွပ်စွဲဝေဖန်သူတွေရဲ့ အသံကို အခုတလော အတော်ကလေး သတိထားမိတယ်။

ကျနော် စိတ်မကောင်းတာက ပြည်သူလူထုရဲ့ အသက်ကို ကယ်တယ်ကြရမယ့် အနာဂတ်ရဲ့ ဆေးပညာရှင်ကလေးတွေရဲ့ မီဒီယာအပေါ် အညှိုးတကြီး၊ ဒေါသတကြီးတုန့်ပြန်မှုတွေကိုပါ။ ဒီလို ဒေါသကြီးပုံ အညှိုးကြီးပုံနဲ့ဆို လူနာတွေတော့ ခက်ရချည်ရဲ့လို့ တွေးမိတယ်။ ကျနော်တို့ သတင်းသမားတွေ ဆေးခန်းလာရဲလာကြည့်လို့ ကြိမ်းတဲ့သူတောင်ရှိတယ်။ သူတို့တတွေရဲ့ ဒေါသနဲ့ စိတ်ခံစားမှုကို ကျနော် ကိုယ်ချင်းစာတယ်။ ဒါပေမယ့် အဲဒီခံစားချက်ကို ထွက်ပေါက်ပေးပုံ နဲနဲ လွဲနေသလားလို့။ ဆိုလိုတာက ဇီဝကလို သမားတော်တွေဖြစ်ကြမယ့် အလောင်းအလျာလေးတွေ ဒီလောက် ပေါက်ကွဲပြနေတာ ပုံမှန် စိတ်ခံစားမှုမှ ဟုတ်ရဲ့လားလို့လည်း တွေးမိတယ်။ အားလုံးကို ဆိုလိုတာမဟုတ်ဘူး။ လူမှုရေးကွန်ရက်ပေါ်မှာ ဓားကြိမ်းကြိမ်းနေတဲ့ ဒေါသအိုးကလေးတွေကို ပြောတာ။ တော်ကြာ ဆရာဝန်လောကကြီးတစ်ခုလုံးကို စွပ်စွဲပုတ်ခပ်တယ်ဆိုပြီး ကျနော့်ကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဖြစ်နေအုံးမယ်။ သူတို့လေးတွေ မီဒီယာတွေကို မြင်လာတဲ့ အမြင်တွေက အာဏာရှင်စနစ်ကို ဖက်တွယ်လိုသူတွေရဲ့အခုအခံတွေနဲ့ တစ်နေ့တခြား တူတူလာပြီ။ 

မီဒီယာတွေကတော့ မြင်တာ၊ တွေ့တာကို ရေးမယ်။ တတ်နိုင်သလောက် ဘက်မျှအောင် ကြိုးစားမယ်။ ကြိုးစားတဲ့ကြားက တစ်ဖက်က ပြည့်ပြည့်စုံစုံ မဖြေရင်၊ မပြောရင် ရတဲ့ အချက်အလက်နဲ့ ရေးရမယ်။ အချိန်ကာလ သတ်မှတ်ချက်အတွင်း အလုပ်လုပ်ကြရတာကိုး။ မီဒီယာအားလုံးက မျှမျှတတနဲ့ သမာသမတ်ရှိရှိ တင်ပြနေကြသလားလို့မေးရင် မဟုတ်သေးဘူးလို့ ဖြေရမယ်။ ဟုတ်တယ်လေ။ ကျနော်တို့ မီဒီယာလောကမှာလည်း ကျင့်ဝတ်နဲ့မညီတဲ့ သူတွေ ရှိမှာပဲ။ မရှိတဲ့အလျောက် မရှိသလို ပြုမူ၊ရေးသားကြတာလည်း မြင်ရ၊ ဖတ်ရမှာဘဲ။ အဲလို ကျင့်ဝတ်နဲ့ မညီတဲ့သူတွေရှိတဲ့အတွက် မရှိသလို ဝေဖန်၊ ထောက်ပြ၊ အပြစ်တင်၊ အဆိုးပြောတာလည်း ခံနေရတာပဲလေ။ အဲလိုပြောလို့ ပြောတဲ့သူကို ကက်ကက်လန် ပြန်ရန်ထောင်လို့ ဘယ်ဖြစ်မလဲ။ သူပြောတဲ့အထဲ ကိုယ်မပါရင် အနေသာကြီး။ ဆိုလိုတာက ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုတောင် မနေ့တနေ့ကမှ ရဲရဲတင်းတင်းပြောရဲ ဆိုရဲ ရှိလာတဲ့ မြန်မာပြည်မှာ နယ်ပယ်တိုင်း၊ အလွှာတိုင်း၊ လုပ်ငန်းတိုင်း၊ စီမံကိန်းတိုင်း၊ လူတိုင်း လူတိုင်းမှာ လိုအပ်ချက်တွေ အများကြီး။ အဲဒီအထဲမှာ ဆရာဝန်တွေရော၊ ကျောင်းဆရာတွေရော၊ စစ်သားရော၊ ဂျာနယ်လစ်ရော၊ စည်ပင်ဝန်ထမ်းရော၊ သမ္မတအကြံပေးရော၊ တက္ကစီသမားရော၊ ဒရဝမ်ရော၊ ဘဏ်မန်နေဂျာရော၊ သူနာပြုရော၊ ကျောင်းသားရော ဘယ်သူမှ မလွတ်ဘူး။ စနစ်ရဲ့ စီမံခန့်ခွဲမှုအလွဲ၊ အုပ်ချုပ်မှုအလွဲတွေကြောင့် သောကတွေ၊ စိတ်ခံစားချက်တွေ၊ မကြေနပ်မှုတွေ၊ ဒေါသတွေ၊ ကြေကွဲမှုတွေ၊ နာကျည်းချက်တွေ ကျနော်တို့ အားလုံးမှာ စုပြုံမြိုသိပ်ထားခဲ့ကြတယ်။ အဲဒီလိုမြိုသိပ်မှုတွေက ရင်ထဲမှာ အပူလုံးကြီးတစ်ခုလို အစိုင်အခဲလိုက်ရှိနေတယ်။ တစ်နေနေရာရာမှာ အဲဒီမြိုသိပ်မှုကို မီးထတောက်အောင် မီးခြစ်ခြစ်လိုက်သလို ဖြစ်သွားရင် ပေါက်ကွဲထွက်ကုန်ရော။ 

ဒီကနေ့ မြန်မာပြည်ရဲ့ ပညာရေးစနစ်က ဘွဲ့ရတဲ့သူအားလုံးက ပညာတတ်မဟုတ်တဲ့အပြင် ပညာတတ်တိုင်းလည်း ဘွဲ့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒါ ကုန်ခဲ့တဲ့ နှစ်၅၀ကတည်းက။ ဒီဘက်ပိုင်း နှစ်၂၀ကတော့ ပိုဆိုးတာပေါ့။ အရင်ကမှ တကယ်တတ်တဲ့ ဆရာတွေရှိသေးတယ်။ ဒီဘက်ပိုင်းလည်းရောက်ရော သိပ်မသိတဲ့ ဆရာတွေကသင်ပေးပြီး သိပ်မတတ်တဲ့ ဘွဲ့ရတွေဖြစ်လာတယ်။ အဲဒီ သိပ်မတတ်တဲ့ ဘွဲ့ရတွေက ဆရာပြန်ဖြစ်ပြီး သင်ပေးတော့ တော်တော်လေး မသိတဲ့ ဘွဲရတွေထွက်လာတယ်။ အဲဒီ တော်တော်လေး မသိတဲ့ဘွဲ့ရတွေက ဆရာပြန်လုပ်တော့ ဘာမှန်းညာမှန်းမသိတဲ့ ဘွဲ့ရတွေ ထွက်လာတယ်။ အဲဒီ ဘာမှန်းညာမှန်းမသိတဲ့ ဘွဲ့ရတွေက ဆရာဖြစ်ပြီး ပြန်သင်တော့ နကန်းတစ်လုံးမှ မသိတဲ့ ဘွဲ့ရတွေဖြစ်ကုန်တယ်။ ကုန်ကုန်ပြောရရင် ဒီဘက် နှစ်၂၀မှာ မြန်မာပြည်မှာ ရှိတဲ့ ဘယ်တက္ကသိုလ်က ဘာဘွဲ့ရရ အဲဒီဘွဲ့နဲ့ ထိုက်တန်တဲ့ ပညာ ဘယ်သူမှကို မတတ်တော့ဘူး။ အဲဒီအခြေအနေထက် ပိုဆိုးအောင်လုပ်လိုက်တာက မဟာဘွဲ့၊ ပါရဂူဘွဲ့တွေကို ဖောဖောသီသီ ထုတ်လုပ်လိုက်တာပဲ။ ထုတ်လုပ်တယ်လို့ပြောတာ အကြောင်းရှိတယ်။ စက်နဲ့ လှည့်ထုတ်သလို ထုတ်တာကို ပြောချင်တာ။ ဘွဲ့ဝတ်စုံကြီးနဲ့ ဓာတ်ပုံရိုက်ပြီး ဧည့်ခန်းမှာ ကြွားဖို့သက်သက်လောက်ပဲ အသုံးဝင်တယ်။ ဒီနေရာမှာ ကိုယ်ရတဲ့ မဟာဘွဲ့၊ ပါရဂူဘွဲ့နဲ့ ထိုက်တန်အောင် အပတ်တကုပ်လေ့လာ ကြိုးစားပြီး ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ သူတွေကို မဆိုလိုဘူး။ အများစုကိုပြောနေတာ။ 

ပြောချင်တာက ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပညာရှင်ပေါက်စလေးတွေမှာ ကျောင်းမှာလည်း အရင်ခေတ်ကလောက် တကယ်တတ်၊ တကယ်တော်တဲ့ ပညာရှင် ဆရာ၊ ဆရာမတွေနဲ့မထိတွေ့ခဲ့ရဘူး။ ဒီကနေ့ ကမ္ဘာမှာ နောက်ဆုံးပေါ်နေတဲ့ ပညာရပ်၊ သတင်း၊ ကုထုံး၊ ဆေးဝါး၊ ခေတ်မီနည်းပညာတွေနဲ့လည်း မယဉ်ပါးခဲ့ရဘူး။ လက်တွေ့ နယ်ပယ်မှာလည်း ဒိတ်အောက်နေတဲ့ ကိရိယာပစ္စည်းတွေ၊ ပုံသေကားကျ အယူအဆ၊ နည်းလမ်းတွေ၊ ရွှင်လန်းတက်ကြွမှုမရှိတဲ့ အလုပ်ခွင်တွေ၊ ကိရိယာတန်ဆာပလာ မလုံလောက်မှုတွေ၊ အစစအရာရာ ချို့တဲ့မှုတွေနဲ့ပဲ ကြုံကြရတယ်။ ဆေးတက္ကသိုလ်တောင် ရန်ကုန် ဆေး(၁)နဲ့ ဆေး(၂) မတူဘူး။ ရန်ကုန်ဆေးတက္ကသိုလ်တွေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကလည်း ကွာခြားချက်ရှိပြန်တယ်။ မကွေး ဆေးတက္ကသိုလ်ပေါ်လာတော့ ခြားနားချက်များသွားပြန်ရော။ ဆေးတက္ကသိုလ်အချင်းချင်းတောင် မြန်မာပြည်မှာ စံသတ်မှတ်ချက် ညီမျှမှုမရှိဘူး။ သူတို့စိတ်ထဲမှာ ဆေးတက္ကသိုလ်ချင်းအတူတူတောင် ရန်ကုန်မှ၊ မန္တလေးမှ၊ မကွေးမှ ဆိုတာမျိုးလေးတွေ ရှိတယ်။ အလုပ်လျှောက်တဲ့အခါ အသိအမှတ်အပြုခံရတာချင်းလည်း မတူဘူး။ ဒါတင်မကသေးဘူး။ ဆမ ရဖို့၊ အလုပ်ခန့်ပို့စ်တင်ကျဖို့၊ မြို့ကြီး၊ ပြကြီးမှာ နေရဖို့၊ ဆရာကြီးများက ကြည့်ရှုစောင့်ရှောက်တာ ခံရဖို့၊ နယ်စွန်နယ်ဖျားကျမှာ ကြောက်လို့၊ နယ်စွန်နယ်ဖျားကျပြန်တော့လည်း ပင်ပန်းဆင်းရဲဒဏ်ခံရလို့(တကယ်တော့ ဒီ့ထက်အသက်အန္တရာယ်များပြီး ပင်ပန်းကြီးကြီး အလုပ်လုပ်နေတဲ့သူတွေ မြန်မာပြည်မှာ အများကြီး) စတဲ့ အဆင်မမြေမှုတွေ၊ မျှော်လင့်စောင့်ဆိုင်းရတာတွေကလည်း သူတို့ စိတ်ထဲမှာ ခံစားချက်ဖြစ်စေတယ်။

နောက်တစ်ခုက မြန်မာပြည်ရဲ့လွဲနေတဲ့ ပညာရေးစနစ်ကြောင့် အမှတ်အများဆုံးသူတွေအများစု ဆေးတက္ကသိုလ်လျှောက်ကြတယ်( အခုတော့ မဟုတ်တော့ပါ)။ အဲတော့ ငါတို့က မြန်မာပြည်မှာ အတော်ဆုံးတွေ ဆိုတဲ့ “အထင်”ကလေးတွေက သူတို့အားလုံးရဲ့မသိစိတ်မှာ ကိန်းအောင်းနေတယ်။ အဲလို အတော်ဆုံးလို့ ထင်ရတဲ့သူတွေ တစ်နေရာတည်းမှာ သွားစုပြီး တခြားတက္ကသိုလ်တွေထက် နှစ်နဲနဲ ပိုကြတော့ “ငါတို့”ဆိုတဲ့ အုပ်စုစိတ် ဝင်သွားတယ်။ တစ်ဖက်ကလည်း အတော်ဆုံး ဆိုတဲ့ အထင်ကလည်းရှိ အုပ်စုအမြင်ကလည်းငြိ ဆိုတော့ သာမန်လူတွေနဲ့ မတူခြားနားတဲ့ အလွှာတစ်ခုလို အထင်ရောက်သွားတတ်တာပေါ့။ 

ဆိုခဲ့တဲ့ ခံစားချက်၊ မြိုသိပ်ချက်၊ မကျေနပ်ချက်၊ ဒေါသလေးတွေရယ်၊ ငါတို့ ဆိုတဲ့ အုပ်စုစွဲရယ်၊ တို့က မြန်မာပြည်မှာ အတော်ဆုံးဆိုတဲ့ အထင် ရယ်ပေါင်းထားတော့ ဒီဘက်ခေတ် ဆရာဝန်ဖြစ်စ လူငယ်လေးတွေ စိတ်ဆတ်၊ စိတ်တိုလွယ်တာ မဆန်းဘူး။ အကြောင်း အကျိုးတွေးကြည့်ရင် မြင်နိုင်တယ်။ တစ်ဖက်မှာလည်း မြန်မာပြည်ရဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုအခြေအနေက တော်တော်ဆိုးနေတယ်။ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ စောင့်ရှောက်ရမယ့် ပြည်သူလူထု၊ လူနာအင်အား မမျှဘူး။ အစိုးရဘတ်ဂျက်ကလည်း အကန့်အသတ်နဲ့ ရတော့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဆရာမ၊ ဆေးမှူး၊ သားဖွားဆရာမ၊ ကျန်းမာရေးဝန်ထမ်း အချိုးညီအောင် မခန့်နိုင်ဘူး။ စီးပွားရေးစကားနဲ့ပြောရင် ရောင်းလိုအား supply နဲ့ ဝယ်လိုအား demand ဘယ်လိုမှ မမျှဘူး။ အဲတော့ ဆရာဝန်တစ်ယောက်ထဲနဲ့ လူနာ ထောင်ချီကုပေးရတဲ့သဘော သက်ရောက်တာပေါ့။ ဒါပေမယ့် ဒီအကြောင်းတွေကို ဘယ်သူက ထဲထဲဝင်ဝင်သိမှာလည်း။ 

မီဒီယာတွေဆိုတာ သန်းခြောက်ဆယ်သော ပြည်သူလူထု မျက်နှာကို အရင်ကြည့်ကြတော့ ပြည်သူတွေ တစ်နည်းအားဖြင့် လူနာတွေ နစ်နာတယ်ထင်ရင် အဲဒီဘက်က ဝင်ရပ်ပြီး ရေးကြသားကြတာပေါ့။ တကယ်တော့ ဆရာဝန်တွေကိုချည်း ရေးနေတာတော့ မဟုတ်ဘူး။ ဆရာဝန်တွေထဲမှာလည်း အထူးကုဆိုတဲ့နာမည်ခံထားပြီး လူနာတွေကို အလေးမထားသူ၊ ငါတတ်၊ ငါသိ၊ ငါတကောကောနေသူ၊ လူနာရှင်းပြတာကို လက်မခံသူ၊ ရိုင်းရိုင်းပြပြ ဆက်ဆံတတ်သူ၊ ငွေရှာစက်လိုဖြစ်နေတဲ့ တကယ့် လူနည်းစုကိုပါ။ အဝေဖန်ခံရပြီ ဆိုကတည်းက တစ်နေနေရာမှာ လိုအပ်ချက်၊ အားနည်းချက်၊ လစ်ဟာချက်၊ လွဲမှားမှု တစ်ခုခု ရှိနေလို့။ အဲဒါ ဆေးလောကမှမဟုတ်ဘူး။ ငယ်ကတည်းက သိပ္ပမချန် ဆိုတဲ့ နာ သုံးနာ ပြည်စုံတဲ့ ကျောင်းဆရာ၊ ဆရာမလောကမှာလည်း ရှိတာပဲ။ သူတို့တတွေလည်း မီဒီယာတွေရဲ့ အပြောအဆို မလွတ်ဘူး။ မီဒီယာတွေဆိုတာကလည်း ပြည်သူလူထုရဲ့ အသံကို ပဲ့တင်ထပ်ပေးတာ။ 

လွှတ်တော်၊ အစိုးရ၊ တရားရုံး၊ တပ်မတော်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေလည်း လွဲနေတာတွေ့ရင် ပြည်သူလူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တယ်ထင်ရင် မီဒီယာတွေက ရေးမှာပဲ။ ပွင့်လင်းလူ့အဖွဲ့အစည်းကို ရောက်လာတာနဲ့အမျှ အဝေဖန်ခံနိုင်ဖို့လိုတယ်။ မီဒီယာတွေလည်း မှားရင်၊ လွဲရင်၊ ဘက်လိုက်ရင်၊ မဟုတ်တာလုပ်ရင်၊ လှုံ့ဆော်၊ မီးထိုးရင် စာဖတ်သူ၊ ပြည်သူလူထုက ဒဏ်ခတ်မှာပဲ။ နိုင်ငံသားအားလုံး လိုက်နာရမယ့် တရားဥပဒေနဲ့ အညီ တရားစွဲတာ၊ အရေးယူတာ ခံရမှာဘဲ။ အဲတော့ ကိုယ့်တာကိုယ် လုံကြဖို့ နံပါတ်တစ်အရေးကြီးတယ်။ ငါတို့ကို ဒီလိုပြော၊ ဒီလိုရေးလို့ ငါတို့ကလည်း ဒီလိုပြန်လုပ်လိုက်မယ်လို့ တွေးရင်တော့ ပြန်စဉ်းစားပါအုံးလို့ ပြောချင်တယ်။ ကျနော်တို့လည်း မဟုတ်တာလုပ်ရင်၊ လွဲနေရင် အပြောအဆိုခံနိုင်ဖို့လိုတယ်။ ကိုယ်က ကျင့်ဝတ်နဲ့ အညီနေရင်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင် ဘယ်သူဘာပြောပြော ထည့်တွက်စရာမလိုဘူး။ ခံစားနေရင်တော့ ကိုယ်က အရင်ပူလောင်မှာပဲ။ ကျနော်အခုလိုပြောနေရတာကိုက ကျနော့်ကိုယ်ကျနော် ရှက်သလိုခံစားရတယ်။ ဒီနေ့အထိ ပြည်သူ့ဘဏ္ဍာငွေကို တစ်ပြားတစ်ချပ်မှ မသုံးခဲ့ဘဲ ကိုယ့်ချွေးနှဲစာနဲ့ အဆဲ၊ အဆိုခံ အပိတ် အနားပေးခံ၊ တရားအစွဲခံပြီး နိုင်ငံတော်နဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူလူထိုအကျိုး ရိုးရိုးသားသား ရည်တည်လာတဲ့ The Voice ကို အုပ်စုဖွဲ့ ဆန့်ကျင်တာမလုပ်ခင် နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးကို အပေါ်စီးက တစ်ချိန်လုံးဖိနှိပ်ခဲ့ပြီး အခွန်ဘဏ္ဍာ တစ်ပြားမှ မဆောင်ဘဲ၊ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ပြီး အခွင့်ထူးခံနေတဲ့ ကုမ္ပဏီကြီးတွေ ထုတ်တဲ့ ကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အားမပေးဘဲ ဆန့်ကျင်ကြည့်ဖို့ အကြံပြုပါစေ။ ဒါမျိုးကို အမျိုးသားရေးအမြင်နဲ့ ဘယ်နှခါများ ဆန့်ကျင်ဘူးလို့လဲ။ နောက်တစ်ခုက လူထုအော်သံဆိုတာကိုကော နားလည်ဖို့လိုမယ်ထင်တယ်။ မီဒီယာတွေမှာ ပါတဲ့ လူထုအော်သံကဏ္ဍရဲ့ ရည်ရွယ်ချက်ကိုလည်း သိဖို့လိုမယ်ထင်တယ်။ သန်းခြောက်ဆယ်နဲ့ လက်တစ်ဆုပ်စာ ဘယ်သူ့မျက်နှာကို ကြည့်ရမယ်ဆိုတာကော ရှင်းအောင်သိထားဖို့ လိုမယ်လို့ထင်တယ်။ 

ကျနော်လည်း ကိုယ့်ထိ မချိအောင်နာ ဖြစ်နေလား မသိတော့ဘူး။ အခုဟာက ကျနော်တို့ ဖေ့စ်ဘွတ်မှာ တင်သမျှကို အရင်က ပေးစာတစ်စောင်အပေါ်မူတည်ပြီး အညှိုးတစ်ကြီးဖြစ်နေတဲ့ ဆရာဝန်ပေါက်စလေးတချို့ ကင်ပိန်းဆန်ဆန် အပျက်မှတ်ချက်တွေပေးပြီး နှောက်ယှက်သလို လုပ်နေလို့။ အပြင်မှာလည်း ကြားနေရတယ်။ ကျနော် ဒီနေရာကနေ ပြောလိုက်မယ်။ သန်းခြောက်ဆယ်မျက်နှာကိုပဲ ကြည့်ပြီး သန်းခြောက်ဆယ်အတွက် ဘက်လိုက်မယ်လို့။ 

သတင်းလွတ်လပ်ခွင့်၊ အခုအခံများနှင့် ဒီမိုကရေစီအသွင်ပြောင်း ရေဆန်ခရီး

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် အဆင့်အတန်းလည်း တိုးတက်လာသည်ဟု နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက ထုတ်ပြန်ကြသည်။

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းသည် ကုန်ခဲ့သည့် ၂၀၁၂ခုနှစ်က အဆင့် ၁၆၉နှင့်စာလျှင် အဆင့်၁၈ဆင့် ခုန်တက်ကာ အဆင့် ၁၅၂ သို့ တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာတစ်ဝန်း သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း ၂၀၁၂ခုနှစ်တွင် အဆင့်၈၅ သတ်မှတ်ထားခဲ့ရာမှ ၂၀၁၃ခုနှစ်တွင် အဆင့် ၇၂ အထိ ၁၃ဆင့် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါ နှစ်ဖွဲ့စလုံးက သတ်မှတ်ထားသော အညွှန်းကိန်းများတွင် သတင်းလွတ်လပ်ခွင့် မရှိသေးဟူသော အဆင့်တွင် ရှိနေဆဲဖြစ်သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ သတင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီရင့်ကျက်နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်၍မရသော်လည်း ဒေသတွင်းနိုင်ငံများအကြားတွင်မူ အတော်အတန် လွတ်လပ်ခွင့်ရနေသော အခြေအနေဖြစ်သည်။ စောင့်ကြည့်လေ့လာသူများကမူ ၁၉၆၂ခုနှစ် ပုံနှိပ်သူများ မှတ်ပုံတင်ဥပဒေအပါအဝင် ဗြိတိသျှကိုလိုနီကာလက ပြဋ္ဌာန်းခဲ့သည့် ၁၉၃၃ခုနှစ် ကြိုးမဲ့ကြေးနန်း အက်ဥပဒေ၊ ပြည်ထောင်စုအစိုးရလက်ထက် ၁၉၅၀ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့်အရေးပေါ် စီမံမှုအက်ဥပဒေ၊ လမ်းစဉ်ပါတီခေတ် ၁၉၈၅ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ၊ တပ်မတော်အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် ၁၉၉၆ ရုပ်ရှင်ဥပဒေ၊ ၂၀၁၁ခုနှစ် အင်တာနက်အက်ဥပဒေ၊ ၂၀၀၄ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ကဲ့သို့သော မီဒီယာလုပ်ငန်းများနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သပ်ထိန်းချုပ်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများရှိနေသေးသဖြင့် သတင်းလွတ်လပ်ခွင့် မရှိသေးကြောင်း ထောက်ပြဝေဖန်ကြသည်။
မှန်ပါသည်။ အထက်ဆိုခဲ့ပါ ဥပဒေများ ပြဋ္ဌာန်းထားခြင်းနှင့် မဖျက်သိမ်းရသေးခြင်းတို့ကြောင့် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း အောက်နားတွင် ရှိနေခြင်းဖြစ်သည်။ သို့သော် ယခု အရပ်သားအစိုးရ အသွင်ပြောင်းပြီးနောက် ၂နှစ်ကျော်ကာလအတွင်း The Voice Weekly မှလွဲ၍ ယင်းဥပဒေများအတိုင်း လက်တွေ့အရေးယူခံရသော မီဒီယာ မရှိသေးသောအချက်ကိုမူ အဆိုပါ ညွှန်းကိန်း ထုတ်ပြန်သော အဖွဲ့အစည်းများ သတိမမူမိကြပေ။ ထိုသို့ သတိမမူမိကြခြင်းမှာလည်း အစိုးရအဖွဲ့အတွင်းရှိ သဘောထားတင်းမာသူအုပ်စုအချို့၏ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသော ခြေလှမ်းများ ရှိနေသောကြောင့်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းမီဒီယာဥပဒေကြမ်း ရေးဆွဲနေချိန်တွင် သတင်းမီဒီယာလောကနှင့် ခွဲထား၍မရသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းကို ဥပဒေကြမ်းရေးဆွဲကာ လွှတ်တော်သို့ တက်သုတ်ရိုက်တင်ခြင်းဖြင့် သီးခြားခွဲ ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ထိုအခါ သတင်းမီဒီယာလောကသားအားလုံးက သဘောမတူ၊ ဆန့်ကျင်ကန့်ကွက်ကြခြင်းကြောင့် လွှတ်တော်တွင် ဆိုင်းငံ့ထားခံရပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ပြန်လည် စကားပြောဆို ညှိနှိုင်းဆွေးနွေးခဲ့ရသည်။ ထိုသို့ ဆွေးနွေးညှိနှိုင်းနေစဉ်တွင်ပင် အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကွပ်ကဲနေသော သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဥပဒေကြမ်းတွင် ၄င်းတို့အဆို နိုင်ငံပိုင် သတင်းမီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်ပြောင်းရာတွင် အစိုးရဘတ်ဂျက် တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အနည်းဆုံး ၇၀ ရာခိုင်နှုန်း ထောက်ပံ့ရန်၊ နိုင်ငံပိုင် ဆက်သွယ်ရေး၊ ယာဉ်ယန္တရားများကို ဈေးနှုန်းသက်သာစွာဖြင့် ရယူသုံးစွဲရန်၊ ထိုမီဒီယာများ ပြည်ပမှ တင်သွင်းသမျှနှင့် ရောင်းဝယ်၊ ဖြန့်ချိမှုတို့အတွက် အထူးနှုန်းထားဖြင့် အခွန်လျော့ပေါ့ စည်းကြပ်ရန်၊ အဆိုပါ မီဒီယာတွင် အလုပ်လုပ်ကိုင်သူများကို ဥပဒေအရ အကာကွယ်ပေးပြီး ၄င်းတို့လုပ်ငန်းနှင့် ၄င်းတို့အပေါ်နှောက်ယှက်သူများကို ဒဏ်ငွေ ကျပ်ငါးသိန်း တပ်ရိုက်အရေးယူရန် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရသည်။ 

နိုင်ငံအချို့တွင် အများပြည်သူဝန်ဆောင်မှုမီဒီယာခေါ်public service media များရှိသော်လည်း မီဒီယာလောကတွင် အိမ်ကြီးပေါ်အိမ်ငယ်ဆောက်သည့် ဥပဒေမျိုးဖြင့် အခြားမီဒီယာများနှင့် သီးခြားကင်းလွတ် ခွင့်ပြုထားခြင်းမျိုး မရှိပေ။ အမေရိကန်ပြည်ထောင်စုကဲ့သို့သော သတင်းလွတ်လပ်ခွင့်ရှိသော နိုင်ငံမျိုးတွင်မူ အများပြည်သူဝန်ဆောင်မှု မီဒီယာများရှိသော်လည်း သီးခြားဥပဒေဖြင့် ခွင့်ပြုထားခြင်းမဟုတ်ပေ။ ဆက်သွယ်ရေးဆိုင်ရာ အက်ဥပဒေ Telecommunications Act ဖြင့် တယ်လီဖုန်း၊ အင်တာနက်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ အစရှိသည့် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာသုံး မီဒီယာလုပ်ငန်းမှန်သမျှ အကျုံးဝင်သော ကျယ်ပြန့်သည့် ဥပဒေတစ်ရပ်ဖြင့် အားလုံး တန်းတူအခွင့်အရေး၊ အကာအကွယ်၊ စည်ကမ်းများ ရယူ၊ လိုက်နာရသည်။ အထက်ဆိုခဲ့ပါ မီဒီယာ၊ ဆက်သွယ်ရေးလုပ်ငန်းအားလုံးကို ဥပဒေအရ အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ် မည်သူမဆို အသွင်ပြောင်းနိုင်ပြီး ထိုသို့ ပြောင်းလဲထူထောင်သော မီဒီယာများကိုလည်း ဥပဒေအရ အစိုးရက ရံပုံငွေ ထောက်ပံ့ပေးရမည်ဖြစ်သည်။ ထို့အတူ အဆိုပါဥပဒေတွင် ကုမ္ပဏီတစ်ခုက မီဒီယာလုပ်ငန်းများ၏ ၃၄ရာခိုင်နှုန်းထက်ပို၍ ပိုင်ဆိုင်ခွင့်မရှိစေရ ဟူသော အချက်မျိုး ထည့်သွင်းထားပြီး မီဒီယာ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုကိုလည်း အကာအကွယ်ပေးထားသည်။ 

အချုပ်ဆိုရပါက နိုင်ငံတစ်ခုတွင် ဒီမိုကရေစီလူ့ဘောင်တည်ဆောက်နေပြီဆိုလျှင် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးသည့် သတင်းလွတ်လပ်ခွင့်မှာ အထူးအရေးကြီးလှသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းစနိုင်ငံများတွင် သတင်းလွတ်လပ်ခွင့်ကြောင့် စနစ်ဟောင်းရှိ လုပ်ရပ်အဟောင်းများနှင့် စနစ်အပြောင်းမှ လုပ်ရပ်အလွဲများ ဘူးပေါ်သလိုပေါ်မည်ကို စိုးရိမ်သူများ၊ ဒီမိုကရေစီနိုင်ငံများနှင့် မဆီလျော်ဘဲ ပြည်သူ့ဘဏ္ဍာငွေများ ဖြုန်းတီးသကဲ့သို့ဖြစ်နေသည့် ဝန်ကြီးဋ္ဌာနာများ အလုပ်လက်မဲ့ဖြစ်ကာ လုပ်ပိုင်ခွင့်အာဏာ၊ လာဘ်လာဘ၊ အကျိုးအမြတ်များ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေသူများက သတင်းလွတ်လပ်ခွင့်ကို အဟန့်အတားပြုရန် နည်းမျိုးစုံဖြင့် ကြိုးစားလာတတ်သည်။ ထိုကဲ့သို့ ကြိုးစားမှုများသည် ကိုယ်ကျိုးစီးပွားကို အခြေခံထားသဖြင့် သက်ဆိုင်ရာ မီဒီယာလောက၏ ဆန့်ကျင်ကန့်ကွက်မှုကို ပြင်းပြင်းထန်ထန် ကြုံရနိုင်ပြီး အစိုးရခေါင်းဆောင်များ အမှန်တကယ်သွားချင်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို ထိခိုက်ကာ အစိုးရ၏ ဂုဏ်သိက္ခာကိုပင် ထိခိုက် ညှိုးနွမ်းသွားနိုင်ကြောင်း သတိပေးလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၂၃-၅-၂၀၁၃)