Saturday, May 18, 2013

ဒေါ်လာဈေး အကြောင်း ပြောမယ်ဆိုရင်

ဒေါ်လာဈေးကို သတ်သတ်မှတ်မှတ် သတိထားမိတာ ၂၀၀၄ ပတ်ချာလည် လောက်ကပေါ့။ အဲဒီတုန်းက ကျွန်တော်က သတင်းထောက် စဖြစ်တာ။ ကျွန်တော်တို့ ဂျာနယ်တိုက်က မိုးမခ လမ်းထဲမှာ။

မိုးမခလမ်းမှာ နေစဉ်က မနက်စာကို မောင်လုံးစတိုး ဘေးနားက ကျောင်းဆရာ ထမင်းဆိုင်မှာ စားဖြစ်တာများတယ်။ အဲဒီတုန်းက ဘဲဥချက် တစ်လုံးကို ငါးဆယ်။ နောက် သိပ်မကြာလိုက် ပါဘူး... ဗိုလ်ချုပ်မှုးကြီး သန်းရွှေသေတယ် ဆိုပြီး ကောလဟာလတွေ အကြီးကျယ် ထွက်လာပြီး ။ ဒေါ်လာ ဈေး ရှစ်ရာကိုးဆယ်နဲ့ ကိုးရာ ပတ်ချာလည်လောက် ကနေ တစ်ထောင်နား နီးနီး ခုန်တက်ပလိုက်တယ်....

မဆီမဆိုင် ကျွန်တော် စားနေကြ ကျောင်းဆရာ ဆိုင်က ဘဲဥတစ်လုံး ငါးဆယ်ကနေ တစ်ရာဖြစ် သွားတယ်ဗျာ။ နောက်တော့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးကျော်ဆန်းက ရှင်းပြပါတယ် .. နိုင်ငံတော် အကြီးအကဲ ကျန်းမာပါတယ်.. စိုးရိမ်ပေးတာ ကျေးဇူး တင်ပါတယ်ပေါ့.. သိပ်မကြာဘူး ဒေါ်လာဈေး ပြန်ကျသွားတယ်...

ဘဲဥဈေးကတော့ ပြန်မကျတော့ဘူး...

ကျွန်တော် ပထဆုံး တိုက်ခန်း စငှားဖြစ်တာက ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ လောက်ပေါ့။ ၅၂ လမ်း ငါးလွှာက တိုက်ခန်းတစ်ခန်းကို ကျွန်တော်ရယ် ကိုနေဘုန်းလတ်ရယ် နှစ်ယောက် စပ်တူ ငှားဖြစ် ကြတယ်။ အဲဒီတုန်းက တလကို ခြောက်သောင်း တောင်းတယ်။ ကျွန်တော်က ငါးသောင်းနဲ့ ဆစ်တော့ မရဘူး မောင်လေးရယ်... ဒီခေတ်မှာ ခြောက်သောင်းဆိုတာ ဘာမှ မဟုတ်တော့ဘူး ... ဒေါ်လာဈေးတောင် ၁၃၀၀ နားကပ်နေပြီတဲ့...

ကျွန်တော် စဉ်းစားလိုက်မိတယ် တိုက်ခန်း ငှားတဲ့လူတွေကလည်း ဒေါ်လာဈေးနဲ့ ချိန်တာကိုးလို့...

နောက်တော့ နာဂစ်ဖြစ်တယ်.. နာဂစ်လည်းဖြစ်ရော နိုင်ငံတကာက အလှူငွေတွေ လိမ့်ဝင်လာ ပါတယ်ဆိုပြီး ဒေါ်လာဈေးက ယောင်ယောင်လေးကျတယ်... နောက်တော့ အမေရိကားမှာ အိမ်ခြံမြေ ပြသနာကနေ ဘဏ်ပြိုပြီး စီးပွားကျပါလေရော...

အမေရိကန် စီးပွားရေးကျပြီ ဆိုတာနဲ့ တစ်ပြိုင်နဲ့ ဒေါ်လာဈေးကလည်း ပြိုဆင်း၊ အမေရိကန် တင်သာ မက.. တစ်ကမ္ဘာလုံး စီပွားပျက်ကပ်ဆိုက်မလို ဖြစ်သွားတယ်။ ဒေါက်တာ နေဝင်းမောင်၊ စီးပွားရေး ပညာရှင်ဦးမြင့် ဦးတင်မောင်သန်းတို့တောင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ အဲဒီ စီးပွားပျက် ကပ်နဲ့ ပတ်သက်ပြီး ဖိုရမ်တစ်ခု လုပ်လိုက်သေးတယ်။

ကျွန်တော် အလုပ်ရတဲ့ အချိန်မှာ ဒေါ်လာဈေးက ၁၁၀၀ ယဲ့ယဲ့လောက်တော့ ကျန်သေးတယ်... အဲဒီအချိန်မှာ အမေရိကန် ဘဏ်ပြိုပြီးပြီ

၄၂ လမ်းမှာ ပေးငါးဆယ် ပေကိုးဆယ် အကျယ်၊ ၄ လွှာတိုက်ခန်း တစ်ခန်းကို ငှားနေတာ တစ်လ ကို ရှစ်သောင်းပေးရတယ်၊ တိုက်ခန်းငှားက ဒေါ်လာနဲ့ တွက်ကြည့်မယ်ဆိုရင် ခုနှစ်ဆယ် ပတ်ချာလည်လောက်ပဲပေါ့...

နောက်တော့ ဒေါ်လာဈေးတွေ ထိုးကျတယ်... အဲဒီမှာ မိအေးနှစ်ခါနာ.. ရုံးက ပို့တဲ့ ဒေါ်လာက MFTB ကိုရောက်တယ် အဲဒီမှာ အခွန် ဆယ်ရာနှုန်းဖြတ်တယ်... ပြီးတော့ ရတဲ့ ဒေါ်လာကို FEC နဲ့ လှဲပေးတယ်...

ဒေါ်လာဈေး ခွက်ခွက်လန်အောင် ကျနေတဲ့ အချိန်မှာ ဒေါ်လာကို ၇၇၀ လောက်နဲ့ ဝယ်ကြတယ် FEC ကို ၆၉၀ လောက်ပဲပေးတယ်... ရှိစေတော့... ဒါပေမယ့် အိမ်ခန်း စာချုပ်အသစ်ထပ်ချုပ်တော့ ရှစ်သောင်းတန် အခန်းက တစ်သိန်းတဲ့ ဗျာ...

အိမ်ခန်းခတင်လားဆိုတော့ မဟုတ်သေးဘူး။ တက္ကစီခ၊ ဆန်ဈေး၊ ဆီဈေး အကုန်လုံးကတော့ တက်မြဲပဲ၊ နောက်ဆုံး အမေရိကန် စင်တာက ကျောင်းလခကိုပါ ဒေါ်လာဈေး ကျလို့ ဆိုပြီး မြန်မာငွေနဲ့ ကောက်လိုက်သေးတယ် ခပ်တည်တည်ပဲ။

ဒေါ်လာဈေး တက်ရင် မယုံမရှိနဲ့ စူပါကော်ဖီမစ်ထုပ်ပါ ဈေးလိုက်တယ်.. ဒေါ်လာဈေးလည်း ကျရော... ကုန်ဈေးနှုန်းတွေက မသိချင်ယောင် ဆောင်နေကြတယ်ဗျာ။ သူတို့နဲ့ မဆိုင်သလိုပဲ။

အဲဒီလိုနဲ့ ဒေါ်လာဈေးတွေ ပြုတ်ကျသွားချိန်မှာ... ပို့ကုန်သမားတွေတင်မက သွင်းကုန်သမားကပါ ဆုံးရှုံးမှု ရှိလာဟုဆို ဆိုတဲ့ ခေါင်းစဉ်နဲ့ နာမည်ကြီး ဂျာနယ်တစ်စောင် ကတောင် ရေးလိုက်သေး တယ်။

အဲဒီမှာ မြန်မာနိုင်ငံ ရင်းနှီးမြုတ်နှံမှု ကော်မရှင် ဥက္ကဌက ဒေါ်လာဈေးကို တစ်ထောင်ရောက်အောင် ဆွဲတင်မယ်လို့ ပြောလိုလိုပြော။ စီးပွားရေးပညာ ရှင်တွေကလည်း တိုင်းပြည်နာတယ်လို့ သုံးသပ်လို သုံးသပ်။ ဈေးတက်လို့ နာတယ်ပြောတာလဲ သူတို့ပဲ၊ ကျလို့ နာတယ်ပြေတာလဲ သူတို့ပဲ။

အခု လက်ရှိမှာတော့.. ဒေါ်လာဈေး ပြန်တက်လာပါပြီ.. FEC ဖျက်သိမ်းလို့ တက်တယ်လို့ သုံးသပ် တဲ့ ဆရာကြီးတွေ ရှိသလို.. နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာငွေ အတုတွေများလို့ ဒေါ်လာ ဈေး တက်လာတယ်လို့ ဆိုသူက ဆို...

ထားပါ ဒါကတွေ ကိုယ်ဥာဏ်မမှီပါဘူး စီပွားရေး ပညာရှင်တွေ တစ်ယောက် တစ်မျိုး မျက်မမြင် ဆင်စမ်းသလို သုံးသပ်ထားတဲ့ သုံးသပ်ချက် ဆောင်းပါး ခြောက်ပုဒ်လောက် ဖတ်လိုက်ရင် အဖြေတော့ ရေးတေးတေး သိရမှာပဲ။

သေချာတာကတော့ အခု ဒေါ်လာဈေးလေး စတက်လာပြီ... ကုန်ဈေးနှုန်းတွေ လိုက်တက်ကြတော့ မယ်... ကုန်ဈေးနှုန်းတွေ လိုက်တက်ရင်တော့ ဝန်ထမ်းလာစာတွေက အော်တိုမစ်တစ် ပြုတ်ကျ...
ရတဲ့ လစာနဲ့ ကုန်ဈေးနှုန်း မမျှရင် နိုင်ငံတော် သမ္မကြီးရဲ့ good government, clean government ကောင်ထည်ဖော်ရေး ယန္တရားကြီးကိုတောင် အနှောက်ယှက် ဖြစ်သွားလေးမလားဆိုပြီး မဆီမဆိုင် စိုးရိမ်လိုက်မိ ပါတော့တယ်...

( စိုးဇေယျထွန်း )