Tuesday, February 05, 2013

EMG အမေး လ၀က၀န်ကြီးဦးခင်ရီ အဖြေ

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

--------------------------------------------
04.02.2013
မေး - ရခိုင်ပြည်နယ်မှာ ကမန်တိုင်းရင်းသားနဲ့ ဘင်္ဂါလီ ရောထွေးနေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂါလီတချို့က သူတို့ကိုယ်သူတို့ ကမန်ပါလို့ ပြောတာလည်းရှိပြီး ကမန်တိုင်းရင်းသား ဦးရေက အရင်ကရှိတဲ့ ဦးရေထက် များလာတယ်ပေါ့။ အဲဒီလိုရောထွေးနေတဲ့ အပေါ်မှာရော ဘယ်လိုမျိုး ထင်မြင်ပါသလဲ။

ဖြေ - ကမန်လူမျိုးဆိုတာ သမိုင်းကြောင်း ရှိပါတယ်။ ကမန်ဆိုတာက ရခိုင်ဘုရင့်တပ်မတော်က လေးသည်တော်တွေလို့ မှတ်တမ်းအရ သိရပါတယ်။ ကမန်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က လေးမြားအတတ် ကျွမ်းကျင်သူ၊ လေးသည်တော်လို့ ဆိုပါတယ်။ ကမန်အများစုက ရခိုင်စကားကိုပဲ ပြောပါတယ်။ ကမန်သည် မြန်မာနိုင်ငံသားအဖြစ် တရားဝင် ဖော်ပြထားတဲ့လူမျိုး ၁၃၅ မျိုးမှာ တစ်မျိုးအပါအ၀င် လူမျိုးဖြစ်ပြီး နိုင်ငံသား ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းပိုင်းတွေမှာ နေတယ်။ တစ်ဖက်နိုင်ငံသားတွေနဲ့ ရုပ်ချင်းတူတော့ ဆက်စပ်တာ နည်းနည်းပါးပါး ရှိတယ်လို့ဆိုရင်လည်း တိတိကျကျပြောရင် စစ်ရပိုပြီး လွယ်နိုင်ပါတယ်။။ ဘင်္ဂါလီက ကမန်လို့ နှုတ်နဲ့ပြောရုံနဲ့တော့ နိုင်ငံသား ဖြစ်မသွားဘူး။ နိုင်ငံသားဖြစ်ဖို့ဆိုတာ နှုတ်ကပြောတိုင်း ဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အခု ရခိုင်ပြည်နယ်မှာ ကမန်လူဦးရေပေါင်းက ၇၅၆၃ ယောက်ရှိတယ်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပြီးတဲ့နောက် ကျွန်တော်တို့က အားလုံးကို တစ်ကြိမ်စစ်ဆေးကြည့်ပြီး စစ်ဆေးချက်အရ ကမန်တိုင်းရင်းသားတွေမှာလည်း မှားယွင်းမှုမရှိကြောင်း တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ဆိုတာ နိုင်ငံအချုပ်အခြာ အာဏာပဲ။ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့ စနစ်တကျ ဆောင်ရွက်နေပါတယ်။ သေသေချာချာ ပြောပြသတင်းပေးနိုင်ဖို့၊ အတည်ပြု စစ်ဆေးပေးဖို့ အသင့်ရှိပါတယ်။

မေး - မြန်မာစကား ဒါမှမဟုတ်ရင် တိုင်းရင်းသားဘာသာစကား တစ်ခုခု မတတ်ဘဲ နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးတာရော ရှိပါသလား။

ဖြေ - ထုတ်ပေးခြင်း မရှိပါဘူး။ နိုင်ငံသားမှတ်ပုံတင်ကတ် ပေးတဲ့အဆင့်ကို မပြောနဲ့၊ လျှောက်ထားလို့ကို မရပါဘူး။ သမိုင်းကြောင်းအရ နိုင်ငံတော်ကြီး ကိုလိုနီလက်အောက် ရောက်ချိန်မှာ တိုင်းတစ်ပါးသားတွေ နိုင်ငံထဲကို ၀င်ချင်တဲ့သူက၀င်၊ ထွက်ချင်တဲ့သူကထွက် အခြေချနေထိုင်တာတွေဟာ အဲဒီအချိန်က ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရတဲ့ အခါကျတော့ အချုပ်အခြာအာဏာ ပြန်ရလာတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိလာတယ်။ အဲဒီအခါ နိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေ အလွန်များနေပါပြီ။ ဒါကိုထိန်းချုပ်ဖို့ဆိုပြီး ဥပဒေနှစ်ခု ပြတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားရွေးချယ်မှု ဥပဒေ။ အဲဒီ ၄၈ ခုနှစ်ဖြစ်မှု ဥပဒေမှာကိုက ဥပဒေပုဒ်မ ၇ (၁) ဆိုတာရှိတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသားတစ်ဦးဟာ နိုင်ငံသားဖြစ်ချင်လို့ လျှောက်ချင်တယ်ဆိုရင် အသက် ၁၈ နှစ် ပြည့်ရမယ်၊ စာရိတ္တ ကောင်းရမယ်၊ နိုင်ငံကို သစ္စာရှိရမယ်။ ရူးသွပ်သူ မဖြစ်စေရ။ တိုင်းရင်းသား ဘာသာစကား တစ်မျိုးပြောတတ်သူလည်း ဖြစ်ရမယ်လို့ အတိအလင်း ပါနေတယ်ဆိုတော့ တိုင်းရင်းသား ဘာသာစကား တစ်မျိုးမပြောတတ်ရင် နိုင်ငံသားအဖြစ် လျှောက်ခွင့်ကို မရှိတဲ့ သဘောပါ။ ဒီ ၄၈ ခုနှစ် ဖြစ်မှုဥပဒေ ပုဒ်မ ၇ (၁) အရ တိုင်းရင်းသား ဘာသာစကား တစ်မျိုးပြောတတ်လို့ လျှောက်လိုက်တဲ့သူကလည်း ဗဟိုအဖွဲ့ရောက်ရင် ၁၉၈၂ ခုနှစ် ဥပဒေပုဒ်မ ၄၄ ဒါနဲ့ စစ်လိုက်တယ်။ စစ်တဲ့အခါမှာလည်း တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးပြောတတ်မှ ဖြစ်တယ်ဆိုတော့ မပြောတတ်ဘဲနဲ့ဖြစ်ကို မဖြစ်နိုင်ပါဘူး။

မေး - ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရခိုင်ပြည်နယ်ထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ စပြီးတော့ စာရင်းကောက်ယူတယ်လို့ သိရပါတယ်။ အဲဒီမှာ ဘင်္ဂါလီတွေက သူတို့ကို ရိုဟင်ဂျာလို့ရေးမှ၊ စာရင်းသွင်းမှ စာရင်းကောက်တာကို လက်ခံမယ်ဆိုပြီး ဖြစ်လိုက်ပါသေးတယ်။ တကယ်လို့များ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပဲ စာရင်းသွင်းမှပဲ လက်ခံပါမယ်လို့ ပြောတာမျိုး၊ တောင်းဆိုတာမျိုး ရှိလာရင်ရော ဘယ်လိုမျိုး တုံ့ပြန်ဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေ - ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ပဋိပက္ခက ၂၀၁၂ အောက်တိုဘာမှာ ဖြစ်တာပါ။ အဲဒီဒေသမှာ ကွင်းဆင်းစာရင်းကောက်တာက နိုင်ငံသားအဖြစ် အတည်ပြုဖို့ မဟုတ်ပါဘူး။ ပဋိပက္ခ ဖြစ်တဲ့နေရာတွေ ဥပမာ ပေါက်တော၊ ကျောက်ဖြူတို့ စတဲ့နေရာတွေမှာ တရားမ၀င် ရောက်လာသူတွေ ရောနှောပြီး ရှိ၊ မရှိ စစ်ဆေးတာပါ။ စစ်တဲ့အခါမှာ နစက၊ လ၀က၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဘင်္ဂါလီ ကိုယ်စားလှယ်၊ ဒေသခံ ရခိုင်ကိုယ်စားလှယ် စတာတွေ ပါတယ်။ တစ်ဖွဲ့ကို ၁၈ ယောက်ပါတဲ့ အဖွဲ့တွေနဲ့ ညွှန်ချုပ်ကိုယ်တိုင် ဦးဆောင်ပြီး လေးမြို့နယ်ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီဒေသတွေ စစ်ဆေးရာမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောတယ်ဆိုတာ ဟုတ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးတွေအတွက် သူတို့နဲ့ အရင်ကတည်းက ရုံးလက်ခံ မှတ်တမ်းတွေအရ မျိုးရိုးစဉ်ဆက် အထောက်အထား ဇယားတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးက တရားဝင်လူမျိုးထဲမှာ မပါဘူး။ ဗြိတိသျှလက်ထက်က ထုတ်တဲ့ မှတ်တမ်းတွေ၊ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းတွေမှာလည်း စာရင်းကောက်ပြီး လူဦးရေ ထုတ်ပြန်ရာမှာလည်း ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည် သုံးစွဲခဲ့တာ မရှိပါဘူး။ Bangladeshi လို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ ဘင်္ဂါလီပါ့။ ဒါကိုကြည့်ပြီးတော့ တရားဝင် လူမျိုးထဲမှာ မပါဘူးလို့ အခိုင်အမာ ပြောရတာ ဖြစ်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာလို့ ပြင်ပေးရမယ်ဆိုရင် သူတို့ကိုယ်တိုင် အတည်ပြုမှတ်တမ်း သွင်းပြီးဖြစ်တဲ့ မှတ်တမ်းအားလုံးကို ပြန်ပြီးပြင်ရမလို ဖြစ်နေပြီပေါ့။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ လူမျိုးစာရင်းမှာ မပါတော့ သန်းခေါင်စာရင်း လူဦးရေ ရေးသွင်းရာမှာ တခြားဆွဲတဲ့အကွက်မှာ ဒီစာရင်းကို ထည့်ရမယ့် သဘောမျိုး ဖြစ်နေပါတယ်။

မေး - အခုဆို မန္တလေးမှာ တရုတ်လူမျိုး တော်တ်ာများများရှိတော့ သူတို့ကို နိုင်ငံသားဖြစ်ခွင့် ဘယ်လိုများ သတ်မှတ်ပါသလဲ။

ဖြေ - နိုင်ငံသားက နှစ်မျိုးရှိတာ ပြောခဲ့ပြီးပါပြီ။ တရုတ်လူမျိုးက နိုင်ငံသားဖြစ်ခွင့် ရတယ်ဆိုရင်လည်း ဘိုးစဉ်ဘောင်ဆက် နိုင်ငံထဲမှာ ၀င်ရောက်အခြေချပြီး နိုင်ငံသားလျှောက်ထားလို့ရတဲ့ သူတွေ၊ သူတို့က မွေးတဲ့သား သမီးတွေသာ ဖြစ်နိုင်ပြီး ဒါတွေဟာ ဥပဒေအရ နိုင်ငံသားပဲ ဖြစ်ပါတယ်။ လူတွေက လူမျိုးခြားကြီး တစ်ယောက် နိုင်ငံသား ကတ်ကိုင်ထားရင် တာဝန်ရှိ အဖွဲ့အစည်းတွေက မဟုတ်မမှန် ဆောင်ရွက်ပေးတယ်လို့ ထင်ကြပါတယ်။ ဒီလိုတော့ တစ်ထစ်ချတွက်လို့ မရပါဘူး။ စောစောကပြောသလို မျိုးရိုးစဉ်ဆက်က ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ဒီမြန်မာပြည်မှာ နေတယ်။ အဘိုးအဘွား ဒီမှာနေတယ်၊ ဒီမှာသေဆုံးကြတယ်။ အဖေအမေ ဒီမှာနေတယ်။ ဒီမှာသေဆုံးကြတယ်။ ကာယကံရှင်ကလည်း ဒီမှာမွေးတယ်။ ဒီမှာပဲကြီးတယ်။ ဗမာစကားလည်း တတ်တယ်။ သစ္စာရှိတယ် စသည်ဖြင့်ဆိုရင် မြန်မာနိုင်ငံသားဖြစ်လိုကြောင်း လျှောက်ထားခွင့် ရှိပါတယ်။ ဒါကို မြို့နယ်အဆင့်ကစပြီး အဆင့်ဆင့် ဗဟိုအဖွဲ့အထိ တင်ပြစိစစ်ကြည့်လို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှန်ကန်နေရင် သူ့ကို ဧည့်နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်ပေးလိုက်တာ၊ အဲဒီ ဧည့်နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကနေ တတိယမျိုးဆက် (သို့မဟုတ်) သူ့မြေးအဆင့်ကျရင် နိုင်ငံသားအဖြစ် ရသွားပါတယ်။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ တည်ဆဲနိုင်ငံသား ဥပဒေနဲ့ပဲ ဆိုင်တယ်။
Eleven Media Group