Wednesday, September 21, 2011

အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၅၀ ပါဝင်မည့် ဧရာဝတီ အနုပညာပြပွဲ ကျင်းပမည်

အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၅၀ ပါဝင်မည့် ဧရာဝတီ အနုပညာပြပွဲတစ်ရပ်ကို ယခုလ နောက်ဆုံးပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း စသော နယ်ပယ်စုံမှ အနုပညာရှင်များက ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓာတ်ပုံ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ Graphic Art စသည်တို့ကို ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 ၌ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒါက ဧရာဝတီနဲ့ ပတ်သက်လို့ အသိပညာပေး အနေနဲ့လုပ်တာ ဖြစ်ပါတယ်။ ဒီကရရှိတဲ့ငွေတွေကို ဧရာဝတီ ဒေသခံတွေကို လှူဒါန်းသွားမှာပါ” ဟု ပါဝင်ပြသမည့် ဒီဇိုင်နာတစ်ဦးက ပြောကြားသည်။ ထို့ပြင် ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အောင်မင်္ဂလာ မဟာသိမ်တော်ကြီးတွင် Save the Irrawaddy ခေါင်းစဉ်ဖြင့် စာရေးဆရာများနှင့် ပညာရှင်များက ဟောပြောခဲ့ကြကြောင်း၊ ယင်းနောက် ယခု ဧရာဝတီ အနုပညာပြပွဲ ဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြစ်ဆုံစီမံကိန်းကို ရှစ်နှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

(Photo: Jingpaw Targyi) .

0 comments: