Wednesday, August 10, 2011

မြန်မာနိုင်ငံတွင် ပထမဆုံး မြေအောက်ရထားလမ်း ဆောက်လုပ်တော့မည်...ဂုဏ်ယူကြပါ..မီးပျက်လျှင် ဆင်းတွန်းရမည်:P

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၏ ဂုဏ်ဆောင် မြေအောက်ရထားလမ်း စီမံကိန်းကို ရုရှားနိုင်ငံက တာဝန်ယူ ဆောက်လုပ်ခွင့် ရရှိသည့်အတွက် ဂုဏ်ယူနေမိကြောင်း စီမံကိန်း၏ ဗိသုကာ အကြီးအကဲတစ်ဦးက ပြောကြားကြောင်း ၁-၈-၂၀၁၁ ရက်တွင် သိရသည်။ ရုရှားနိုင်ငံသည် မြေအောက်ရထားလမ်း စီမံကိန်းများအတွက် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာမှုများနှင့် ဒီဇိုင်းပညာတို့တွင် နည်းပညာ မြင့်မား ကျွမ်းကျင်မှု ရှိနေပြီး နေပြည်တော်တွင် ဆောက်လုပ်မည်ဖြစ်သော ကီလိုမီတာ ၅၀ (၃၁မိုင်ခန့်) ရှိသော အရှည်ဆုံး ပတ်လမ်းကို နည်းပညာမြင့်မားစွာ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ရုရှားမှ ဗိသုကာ အကြီးအကဲက ၎င်းတို့နိုင်ငံတွင်းမှ The Voice of Russia သို့ ပြောကြားရာတွင် အဆိုပါ ရထားလမ်း စီမံကိန်းအတွက် မိမိတို့ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ တည်ဆောက်ခွင့် ရရှိသည့်အတွက် ဂုတ်ယူမိကြောင်း ပြောကြားသည်။ ၎င်းအပြင် ယခုနှစ်၏ နှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ လူနေမှုထူထပ်သော မြို့တစ်မြို့ဖြစ်သည့် မဒရပ်မြို့တွင် အမေရိကန်ဒေါ်လာသန်း  ၄၃၀ ကုန်ကျနိုင်မည့် မြေအောက်ရထားစနစ် တည်ဆောက်ခွင့်ကို စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ပထမဆုံး မြေအောက်ရထား လမ်းကို ၁၉၃၅ ခုနှစ် မေလ ၁၅ ရက်တွင် ၁၁ ကီလိုမီတာ(၆ဒသမ ၈မိုင်) အရှည်ဖြင့် စတင်ခဲ့ပြီး ရထားဘူတာရုံပေါင်း ၁၃ခု ရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ယခုစတင် တည်ဆောက်မည့် မြေအောက်ရထားလမ်း စီမံကိန်းမှာ ၅၀ ကီလိုမီတာ(၃၁မိုင်ခန့်) မှ စတင်မည်ဖြစ်သဖြင့် စတင်စဉ်ကာလ အပိုင်းအခြားတွင် မြန်မာက ပိုမို ရှည်လျားနေကြောင်း သိရသည်။ လက်ရှိကာလ ရှရှားနိုင်ငံ မော်စကိုမြို့တွင် မြေအောက်ရထားလမ်း စီမံကိန်း၌ ၃၀၁ ဒသမ ၂ကီလိုမီတာ(၁၈၇ဒသမ ၂မိုင်) အတွက် ရုံပေါင်း ၁၈၂ခုနှင့် ရထားလမ်း ၁၂ခုရှိကာ မြေအောက် အနက်ဆုံး ဘူတာမှာ ၈၄မီတာ(၂၇၆ပေ) ရှိပြီး နေ့စဉ်စီးနင်းသူမှာ ၂၀၀၉ ခုနှစ် မှတ်တမ်းအရ ပျမ်းမျှ ၆ဒသမ ၅၅ သန်းရှိကြောင်းနှင့် မြေအောက်ရထားလမ်းစနစ် အများဆုံး အသုံးပြုနိုင်မှုတွင် ဂျပန်မှ တိုကျို ပြီးလျှင် ရုရှားမှ မော်စကိုမြို့မှာ ဒုတိယအကောင်းဆုံး ဖြစ်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: