Sunday, May 15, 2011

အစိုးရသစ်လက်ထက်မှာ ကရင်နီစာပေ အပြောင်းအလဲရှိနိုင်မလား

ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီကိုယ်ပိုင် ဗျည်းအက္ခရာများနဲ့ တီထွင်ထား တဲ့ စာကို ယခုလက်ရှိတက်လာတဲ့ မြန်မာအစိုးရ သစ် လက်ထက်မှာလည်း သုံးခွင့်မရှိဘူးလို့ ဆိုပါ တယ်။ ကွယ်လွန်သူ ဆရာကြီးထဲဘူးဖဲမှလွန်ခဲ့ တဲ့ ၁၉၅၈ ခုနှစ်က စတင်တီထွင်ခဲ့တဲ့ ကရင်နီဗျည်း အက္ခရာစာလုံးများကို မဆလ၊ န၀တ၊ နအဖ လက်ထက်ကတည်းက ပိတ်ပင်တားမြစ်ခဲ့တာပါ။
အဲဒီတုန်းက စာသင်ကျောင်းတွေမှာ ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာကို သင်ကြားပို့ချတဲ့ ကျောင်းဆရာ၊ဆရာမတွေကို တွေ့ရှိပါက စစ်တပ်ရဲ့ ဖမ်းဆီးရက်စက်ခြင်းကို ခံကြရပါတယ်။

ယခုအသစ်တက်လာပြီဆိုတဲ့ အစိုးရသစ်လက်ထက်မှာလည်း ဒီစာကို အသုံးပြုခွင့်မရှိဘဲ သူပုန်စာအဖြစ် သတ်မှတ်ခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ ကရင်နီအမျိုးသားကို ချစ်မြတ်နိုးတဲ့သူတွေကတော့မိမိစာပေ ပြန့်ပွားရေးအတွက် အန္တရာယ်တွေကြားကနေ ဆက်လက် စွန့်စားနေကြရပါတယ်။

ဆရာကြီးထဲဘူးဖဲ တီထွင်ခဲ့တဲ့ ကရင်နီစာကို အန္တရာယ်တွေကြားက ကရင်နီစာပေ ပြန့်ပွားရေးအတွက် ပါဝင်ကူညီဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက ယခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဆရာကြီးထဲဘူးဖဲစာ တစ်မျိုးတည်းပဲ လုပ်ချင်ပါတယ်။ ဒါပေမဲ့ အစိုးရက ရန်သူစာလို့ ပြောတယ်။ ရွာတွေဘက်မှာ အဲဒီစာနဲ့ ပတ်သက်တဲ့ စာအုပ်၊ စာပေတွေရောက်လာရင်လည်း ဖတ်ပြီးရင် ဖွက်ထားတယ်။ အဲဒီကရင်နီစာပေနဲ့ ထုတ်တဲ့ သတင်းစာတွေဆိုလည်း ဖျောက်ပစ်လိုက်ရတယ်။”

ယခုလက်ရှိ ကရင်နီဘာသာစကားကို စာပေအဖြစ် ရေးသားရာတွင် နည်းလမ်း ၃ မျိုးရှိတဲ့အထဲမှာကရင်နီ ပြည်နယ်အတွင်း ကရင်နီ စာပေပြန့်ပွားရေးဆောင်ရွက်ရာမှာ ဗမာစာ ဗျည်းအက္ခရာနဲ့ ရေးသားထားတဲ့ ကရင်နီ(ကယား) စာပေကိုသာ အသုံးပြုခွင့်ရတယ်လို့ သိရပါတယ်။

alphabet
ဆရာကြီးထဲဘူးဖဲ တီထွင်ခဲ့သော စာ - တနည်းအားဖြင့် သူပုန်စာဟု မြန်မာအစိုးရ သတ်မှတ်သောစာ
“ဗမာပြည်မှာ နေရင်တော့ ဗမာစာလုံးပဲ အသုံးပြု ရမယ်လို့ အစိုးရ(အစိုးရသစ်)အာဏာပိုင်တွေ ကပြောတယ်။ မလုပ်ပြန်ဘူးဆိုရင်လည်းကျနော် တို့ စာပေ၊ စကား ဆိုတာ ပပျောက်လာမျာစိုးလို့ ဒီမြန်မာဗျည်း အက္ခရာကိုပဲပြန်အသုံးပြုရတာ ပေါ့။” လို့ကရင်နီပြည်နယ်တွင်းရှိ စာပေ ယဉ်ကျေး မှုအဖွဲ့နဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

ကရင်နီ(ကယား) ဘာသာစကားကို စာဖြင့်ရေးသားရာတွင် ဗမာစာ ဗျည်းအက္ခရာနဲ့ တီထွင်ထားသောစာ၊ အင်္ဂလိပ်စာ (လက်တင်စာလုံး) ဖြင့် တီထွင်ထားတဲ့စာနဲ့ ဆရာကြီး ထဲဘူးဖဲမှ တီထွင်ထားတဲ့ ကရင်နီစာ ဟူ၍ စာပေ ရေးသားပုံ ၃ မျိုးဖြင့် ရေးသားအသုံးပြုနေကြပါတယ်။ စကားပြောဆိုရာတွင်မူ အသံထွက်များမှာ တူညီကြပါတယ်။

အစိုးရသစ်မှ သဘောတူလက်ခံထားတဲ့ ကရင်နီစာအကြောင်းနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမတ်တစ်ဦးဖြစ်တဲ့ ဦးပိုးရယ်အောင်သိန်းက ယခုလိုပြောပါတယ်။

“ကယားစာပေကတော့ သုံးမျိုးရှိတယ်ဆိုပေမဲ့ ကျနော်တို့က နိုင်ငံတော်က သတ်မှတ်ထားတဲ့  မြန်မာ အက္ခရာဗျည်းနဲ့စာကိုပဲ ဆက်လက် ပြန့်ပွားဖို့အတွက် အဓိက အဲဒါကိုပဲ လုပ်သွားမယ်။ပြည်နယ်အတွင်း မှာလည်း အခုဆို ကျေးရွာတွေမှာ စပြီး သင်ကြားပေးနေတာတွေ လုပ်နေပါတယ်။”

လက်ရှိ ကရင်နီပြည်နယ်တွင်းတွင် ကယားစာပေယဉ်ကျေးမှုအဖွဲ့မှ ဒီးမော့ဆိုမြို့နယ်၊ ဖရူးဆိုမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်များတွင်  မြန်မာစာဗျည်း အက္ခရာဖြစ်သော ကယားစာပေကို လူငယ်များအား စတင်ပို့ချပေးနေလျက်ရှိပါတယ်။ အဲဒီစာပေကို စာသင်ကျောင်းများတွင်ထည့်သွင်းသင် ကြားလာနိုင်ရန် သူငယ်တန်း ပုံနှိပ်စာအုပ်တွေမှာလည်း စတင်ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းရှိ ကရင်နီလူမှု အသိုင်းအ၀ိုင်းများတွင်မူ ဆရာကြီး ထဲဘူးဖဲ တီထွင်ထားသော ကရင်နီစာကိုသာ အသုံးပြုကြပြီး အင်္ဂလိပ်စာ(လက်တင်) ဖြင့် တီထွင်ထားသောစာကိုမူ ကက်သလစ် ခရစ်ယန်ဘာသာနဲ့ဆိုင်သော အရေးအသားများတွင်သာ အဓိက အသုံးပြုနေကြပါတယ်။ ဒါကြောင့် ပြည်တွင်း၊ ပြည်ပရှိ ကရင်နီလူမျိုးများ အသုံးပြုနေကြတဲ့ စာပေမှာ အမျိုးမျိုး ကွဲပြားနေပါတယ်။

ဆရာကြီးထဲဘူးဖဲ တီထွင်တဲ့ ကရင်နီစာကို စတင်တီထွင်ခဲ့ချိန်က ပါဝင်ကူညီခဲ့တဲ့ ဆရာတူရယ်ကကရင်နီ အသံထွက်များကို မြန်မာဗျည်းအက္ခရာနဲ့ သုံးလို့မရတဲ့ စာလုံးများရှိနေကြောင်း ယခုလိုရှင်းပြပါတယ်။

“ကျနော်တို့ ကရင်နီဘာသာစကားမှာ တချို့စကားလုံးဆိုလို့ရှိရင် ဗမာစာနဲ့ရေးလို့ မရတဲ့ဟာတွေတချို့ရှိ တယ်လေ။ အဲဒါဆရာကြီးထဲဘူးဖဲက ကရင်နီစာကို လူများနဲ့မတူအောင် သီးသန့်တီထွင်လိုက်တာ။ ဥပမာ“va” “ဗ” ဆိုလို့ရှိရင် ဗမာလို မရေးတတ်ဘူး။”

ကရင်နီသမိုင်းအကြောင်း စာအုပ်များ ရေးသားပြုစုရမှာ ဆရာကြီးထဲဘူးဖဲစာကို အသုံးပြုနေသူခူးဗျားရယ် ပေါလူက သူ့ရဲ့အမြင်ကို ယခုလိုပြောဆိုပါတယ်။

“ဆရာကြီး ထဲဘူးဖဲရဲ့စာကိုပဲ ဒီဘက်မှာ အများဆုံး အသုံးပြုတယ်။ ဇောက်ချလုပ်တော့ လုပ်တယ်။ပြည်တွင်း ပြည်ပက လူတွေ အားလုံး တစ်ခုတည်း အသုံးပြုသွားဖို့ ကိစ္စကတော့ ဖြေရှင်းရတာ ခက်တော့ခက်တယ်။ ချက်ချင်းကတော့ ဖြေရှင်းလို့မရဘူး။”

အင်္ဂလိပ်စာ(လက်တင်)ဖြင့် တီထွင်ထားတဲ့စာမှာမူ ကက်သလစ် ခရစ်ယန်ဘာသာတို့ကကရင်နီအသံထွက် လို ပြုစုပြီး အသုံးပြုနေကြတယ်ဆိုပေမဲ့လို့ အဲဒီစာဟာ ကရင်နီစာပေဖြစ်ရမယ်ဆိုတာတွေတော့သတ်မှတ် ပြော ဆိုမှုတွေ မရှိပါဘူး။

“ခရစ်ယာန်ဘုန်းကြီးတွေက တော်တော်များများသူတို့ အင်္ဂလိပ်နဲ့ နိုင်ငံခြားတို့ဘာတို့မှာတခုတလေသုံးကြ တယ်။ ဝေမျှကြတယ်။ အဲချိန်ခါကြတော့ သူတို့ဟာ အလွယ်ဆုံးဆိုပြီးတော့မှ ဒီရော အက္ခရာကိုသူတို့လိုက် ယူထားတာ။ အဲဒါကြောင့်မို့လို့ အခုထိ ဘုရားရှိခိုးတဲ့ဟာတွေမှာရော သူတို့ဘာသာသူတို့ဓမ္မသီချင်းလုပ်တဲ့ နေရာမှာရော တရားဟောတဲ့နေရာမှာရော ခဏဟိုစာပဲ သုံးသေးတာပေါ့။ ဘုန်းကြီးအသိုင်းအ၀ိုင်းတွေလေ။ ဒါပေမဲ့ အဲဒါ ငါတို့ကယားစာပေပါ လောလောဆယ်သူတို့ လိုက်မကြေညာဘူး။”

ကရင်နီပြည်တွင်းမှ ကက်သလစ် ဘုန်းတော်အသိုင်းအ၀ိုင်းတို့နဲ့ နီးစပ်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပြသွားတာပါ။

သူပုန်စာလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဆရာကြီးထဲဘူးဖဲစာဟာမြန်မာအစိုးရအဆက်ဆက်က ပိတ်ပင် တားမြစ် ထားတဲ့အတွက် ပြည်တွင်းက ကရင်နီလူထုတွေအနေနဲ့ သင်ယူခွင့်မရှိလို့ စာပေပြန့်ပွားမှုက နှောင့်နှေးနေရတယ်လို့အချို့က ဆိုပါတယ်။ နိုင်ငံခြားကို ရောက်နေကြတဲ့ ကရင်နီအများစုကတော့ သူပုန်စာလို့ သတ်မှတ်ထားခြင်းခံရတဲ့ စာကိုအသုံးပြုကြပါတယ်။ ပြည်တွင်းမှာလည်း ဒီစာပြန့်ပွားဖို့က မလွယ်ကူလှပါဘူး။

အစိုးရကခွင့်ပြုထားတဲ့ မြန်မာစကားလုံး ဗျည်းအက္ခရာနဲ့သုံးတဲ့ ကရင်နီစာကလည်း ပြည်တွင်းမှာသာ အသုံးများပြီး ပြည်ပရောက်နေတဲ့ ကရင်နီအမျိုးသားတွေ အနေနဲ့ အသုံးပြုဖို့ လေ့လာဆည်းဖူးနိုင်ဖို့ လမ်းစတွေ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလို လမ်းစတွေရှိဖို့ ပြင်ပမှာရောက်နေတဲ့ ကရင်နီအမျိုးသား တွေကြားမှာ စာပေပြန့်ပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးဖို့လိုအပ်တယ်လို့ ပြည်ပတွင် နှောက်ဆုံးနှစ် တက္ကသိုလ်တက်နေတဲ့ ကရင်နီလူငယ်တစ်ဦးက ပြောပါတယ်။

“ပြည်ပဟာ (ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာ) ကတော့ သူတို့ဟာနဲ့သူ လုပ်နေကြတယ်ဆိုတော့ သူတို့ လုပ်တာကြာပြီ။ ကြာပြီဆိုတော့ အခုလောလောဆယ် အဲဒီစာက သူတို့ အဲဒါပဲ သိတာကိုး။ ကျနော်ကတော့ ရှင်းရှင်းပြောရင် ဘယ်လိုလုပ်ချင်လဲဆိုတော့ ဥပမာ ဘာလိုအပ်လဲဆိုတော့ ပြည်တွင်းမှာ သုံးနေတဲ့ဟာကို တကယ်ပဲ လုပ်လိုက်ရတော့မယ်ဆိုတော့ ငါတို့ကိုယ်တိုင် ဟိုးပြည်ပကို လိုက်ပြီးတော့မှ စာပေယဉ်ကျေးမှု အဖွဲ့ကနေ သွားပြီးတော့မှ ပြောနိုင်ရင် ဒါအကောင်းဆုံးပဲပေါ့။ သူတို့ နားလည်အောင် သွားပြောရမယ်ပေါ့။ အခုလောလောဆယ် သူတို့ခမျာ လာပြီးတော့မှ ဘာလာသင်နိုင်မှာလဲ။ အခု ပြည်ပမှာ သုံးတယ်ဆိုတာက သူတို့ တတ်ပြီးတဲ့ အရာတစ်ခုကို သုံးတဲ့သဘော။ ဒီအချိန်မှာ အသစ် ထွက်လာရင် ငါတို့ ကယားအားလုံး အရှေ့ရော အနောက်ရော သဘောတူသွားပြီဆိုပြီးတော့မှ လိုက်ပြီးတော့မှ သူတို့ကို သင်ပေး ပြနိုင်မယ် ဆိုလို့ရှိရင် သူတို့လည်း မငြင်းပါဘူး အဲဒါ။”
.

0 comments: