Wednesday, February 09, 2011

ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်း ဌာနေမဲ့ဒုက္ခသည် ၂၀၀ကျော် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေ

သတင်း - ကေအိုင်စီ
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ ပြည်တွင်းဌာနေမဲ့ ဒုက္ခသည် (IDPs) ၂၀၀ ကျော်၏ နေအိမ်များကို ပြီးခဲ့သည့် ဇန်န၀ါရီလ ကုန်ပိုင်းက နအဖ စစ်တပ်များ၏ ၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိအချိန်တွင် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေ ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

villager-in-Taninsariပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ရက်နေ့နှင့် ၂၈ရက်နေ့တွင် နအဖ ခြေမြန်တပ်ရင်း-ခမရ(၅၉၄)၊ ခြေလျင်တပ်ရင်း-ခလရ(၁၇)နှင့် ခလရ(၂၂၄)တို့သည် ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေရှိ ဘုတ်ပြင်းမြို့နယ်၊ မနောရိုးဂွင် လေးလော်ကတီနှင့် ထီးဖိုးမဲကဲနေ ရာရှိ ပြည်တွင်းဒုက္ခသည် ၂၃၆ ဦး ပုန်းအောင်းနေထိုင်သည့် အိမ်ခြေ ၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်တွင်း ဒုက္ခသည်များမှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန် အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုဖြင့် နီးစပ်ရာ တောတောင်များတွင် ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ယခုလို စားနပ်ရိက္ခာ အရေးတကြီး လိုအပ်လာခြင်းဖြစ် ကြောင်း တနင်္သာရီမြို့နယ်မှ ကရင့် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ စောတရူက ယခုလို ပြောသည်။

Taninsari-river“၂၇ရက်နဲ့ ၂၈ရက်နေ့မှာ နအဖ တပ်ရင်း ၃ရင်း ရွာသားတွေ ပုန်းအောင်းနေတဲ့နေရာကို ရုတ်တရက် ၀င်လာတော့ အိမ်တွေ အကုန်လုံးကို မီးရှို့ပစ်လိုက်တယ်။ ရွာသားတွေကတော့ ဘာပစ္စည်းမှ မပါဘဲ တောထဲကို ပြေးပုန်းတဲ့လူတွေရှိသလို တချို့ကျ တော့ ချောင်းဖျားတွေမှာ ပြေးကြတယ်။ အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးတွေများတယ်။ လောလောဆယ် ရွာသားတွေက တော့ စားနပ်ရိက္ခာတွေ အသဲအသန်လိုနေပြီ။ ကျနော်တို့ကလည်း အလှူရှင်တွေနဲ့ လိုက်ဆက်သွယ်လို့မရသေးဘူး။”ဟု ပြော သည်။

အဆိုပါ ပြည်တွင်းဒုက္ခသည်များသည် ဘုတ်ပြင်းမြို့နယ် မနောရိုး၊ ကျော်ကုန်း၊ ကြာချောင်း၊ ဘာဂွမ်း စသည့်ကျေးရွာများမှာ ကရင်ရွာများဖြစ်ကြပြီး ထိုဒေသတွင် ၂၀၀၂ခုနှစ်က အာဏာပိုင်များ၏ လမ်းဖောက်လုပ်ရေးစီမံကိန်း အဓမ္မခေါ်ယူခိုင်းစေမှု ကြောင့် ဒေသခံများမှာ လေးလော်ကတီနှင့် ထီးဖိုးမဲကဲနေရာများသို့ ထွက်ပြေးပုန်းအောင်းနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း၊ ဘိတ်ထားဝယ်ခရိုင်သည် ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေတွင် တည်ရှိပြီး ထိုဒေသတွင် နအဖ စစ်တပ်၏ အဓမ္မလုပ်အားခိုင်းစေမှု၊ အနိုင်ကျင့်မှု၊ ပေါ်တာခေါ်ယူမှုနှင့် ထိုးစစ်ဆင်မှုများဒဏ်များကြောင့် ပြည်တွင်းဒုက္ခသည် ၁,၀၀၀ခန့် မှာ နေရာ (၁၀)ခုကျော်တွင် ပုန်းအောင်းနေထိုင်လျှက်ရှိသည်ဟု တနင်္သာရီမြို့နယ် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ က ပြောသည်။
.

0 comments: