Sunday, October 31, 2010

မြန်မာရေတပ်မှ ဘင်္ဂလာ ငါးဖမ်းသမားများကို ဆက်ကြေးငွေ ယူ၍ ပြန်လွှတ်

မြန်မာရေတပ်မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရေပိုင်နက်အတွင်း ကျူးကျော် ၀င်ရောက် ဖမ်းဆီးခဲ့သည် ဆိုသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား (၄၄) ယောက်နှင့် ငါးဖမ်းလှေ (၄) စီးကို ဘုတ်ပိုင်ရှင်များထံမှ ဆက်ကြေး တာကာငွေ ၇၅၀၀၀၀ (ကျပ် သိန်း ၁၀၀) ရယူပြီး သောကြာနေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ငါးဖမ်းသမားများနှင့် ငါးဖမ်းလှေများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှေ့တောင်ဘက် မြန်မာနယ်စပ်ရှိ ချာပိုရီဒိပ် ခေါ် ရှင်မဖြူကျွန်းမှ ဖြစ်ကြပြီး၊ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဘင်္ဂလာ ရေပိုင်နက် စိန့်မာတင် ခေါ် အုန်းကျွန်း အနီး၌ ငါဖမ်းနေကြနေစဉ် မြန်မာရေတပ်မှ ရေပိုင်နက်ကျူးကျော် ၀င်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဘုတ်ပိုင်ရှင် တစ်ဦးဖြစ်သူ မိုဟာမက် ဟာချိမ်းက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ရဲ့ ငါးဖမ်းလှေ ၄ စီးနဲ့ အလုပ်သမား ၄၄ ယောက်ကို ဘင်္ဂလာရေပိုင်နက် စိန့်မာတင် ကျွန်းနားမှာ ငါးဖမ်းနေစဉ်မှာ မြန်မာရေတပ်က လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ ရေပိုင်နက် ကျူးကျော်ပြီး ဖမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ပွဲစားတွေကနေတဆင့် သူတို့က ကျွန်တော်တို့ကို အကြောင်းကြားတယ်လေ။ တာကာငွေ ၁၂ သိန်း ပေးရင် ဘုတ်နဲ့လူ အကုန်လုံး ပြန်လွှတ်ပေးမယ် ဆိုပြီးတော့ပေါ့။ နောက်ဆုံး သူတို့ကို တာကာ ၇ သိန်းခွဲ ပေးပြီးမှ ဘုတ်နဲ့ လူတွေ အကုန်လုံးကို မနေ့ကပဲ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

တခြား ဘုတ်ပိုင်ရှင် (၃) ဦးမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချာပိုရီဒိပ်မှ ဖြစ်ကြပြီး၊ ချမ်ချူ၊ မော်ဂူလာနှင့် ယာဆိမ်းဆိုသူများ ဖြစ်ကြ ကြောင်း သူက ဆက်ပြောခဲ့သည်။

မြန်မာ ငါးဖမ်းသမားများ၏ အဆိုအရ အဆိုပါ ဘင်္ဂလာ ငါးဖမ်းလှေများကို မြန်မာရေတပ်မှ စိန့်မာတင် ကျွန်း၏ အနောက်တောင်ဘက် မိုင် (၃၀) ခန့် အကွာတွင် ရှိသည့် ၀ိုင်စတာ မီးပြတိုက်ကျွန်း အနီး မြန်မာ့ရေပိုင်နက်ထဲတွင် ငါးခိုးဖမ်းနေစဉ် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာ (၂၇) နေ့တွင်လည်း မြန်မာရေတပ်မှ ကင်းလှေနေစဉ် မြန်မာရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေသည့် ဘင်္ဂလာ ငါးဖမ်းလှေ (၄) စီးကို ဖမ်းမိခဲ့သည်။ အဆိုပါ လှေ (၄) စီး အနက်မှ အကောင်းဆုံး (၃) စီးကို ငါးဖမ်းပိုက်များ အားလုံးနှင့် အတူ မြန်မာ ရေတပ်မှ သိမ်းယူထားလိုက်ပြီး၊ အဟောင်းဆုံး လှေတစီးပေါ်တွင် ဘင်္ဂလာငါးဖမ်းသမားများကို တင်ပြီး နေရပ် ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

ဘင်္ဂလာရေပိုင်နက် ပင်လယ်ပြင်တွင် ငါးများ အထူး ရှားပါးလာနေခြင်းကြောင့် ဘင်္ဂလီ ငါးဖမ်းသမားများသည် မြန်မာ ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းနေကြသည်သာမက ပင်လယ်ပြင်အတွင်း မြန်မာ့ ငါးဖမ်းလှေများမှ ငါးများကိုလည်း ၀ယ်ယူနေကြကြောင်း မြန်မာငါးဖမ်း သမားများ၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အကြား ရေပြင် ပိုင်နက် သတ်သတ်မှတ်မှတ် မရှိသဖြင့် ယခုကဲ့သို့ ဖမ်းဆီးမူများနှင့် ပြန်လှန် စွပ်စွဲမူ ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
သတင်း - နိရဉ္စရာ သတင်းဌာန .

0 comments: