Saturday, October 09, 2010

ရွေးကောက်ပွဲ သရုပ်ပြမဲပေးခြင်း ပြည်သူများ စိတ်မ၀င်စား


ကရင်နီပြည်နယ် လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက်ရှိ မဲရုံတွင် အောက်တိုဘာလ ၃ ရက်နေ့ နံနက်အချိန်က ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ သရုပ်ပြ မဲပေးသည့် လှုပ်ရှားမှု ပြုလုပ်သည်ကို ဒေသခံပြည်သူများက စိတ်ဝင်စားခြင်း မရှိဟု သတင်းရရှိပါသည်။

“ဟုတ်ပါတယ်။ ဝတ်ကျေတန်းကျေတော့ လာကြပါတယ်။ စိတ်မပါကြပါဘူး” ဟု သရုပ်ပြ မဲထည့်ခြင်းကို သွားရောက်ကြည့်ရှုခဲ့သည့် လွိုင်ကော် ဒေသခံတဦးက ပြောသည်။

အခြားသော လွိုင်ကော်ဒေသခံ လူငယ်တဦးကလည်း “မဲရုံက ဘယ်မှာမှန်းတောင် မသိဘူး။ ပြီးတော့ ဘယ်သူ့ကို ပေးရမှန်းလဲ မသိဘူး။ အဖေ့ကိုတောင် ပြောနေသေးတယ်။ အရင်တစ်ရက်က ဘယ်သူက ဖျက်ဆီးပြီး ဘယ်သူက ပြင်မယ့် သူလဲလို့ အဖေလဲ မဖြေနိုင်ဘူး” ဟု ပြောသည်။

ပည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ် တာဝန်ခံ ဦးခင်မောင်နုက သွားရောက် ကြည့်ရှုခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များလည်း တက်ရောက်ကြသည်ဟု အောက်တိုဘာလ ၄ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

“သူတို့ သရုပ်ပြတာတွေ လုပ်တာက နေရာအနှံ့ဘဲ။ ဗွီဒီယိုနဲ့လည်း ပြတယ်။ ရွာတွေမှာဆို သူကြီးတွေက တာဝန်ခံပြီး တအိမ်တယောက် မလာမနေရ တက်ရတယ်” ဟု လွိုင်ကော် ဒေသခံတဦးက ပြောသည်။

အခုလို လူငယ်များ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ဝင်စားခြင်း မရှိရသည့် အကြောင်းကို ကရင်နီအမျိုးသား လူငယ်အစည်းအရုံး ဥက္ကဌ ဆန်းရှိုင်း ယခုလို ရှင်းပြသွားပါသည်။

“လူငယ်တွေအတွက်က ရွေးကောက်ပွဲက ဘာမှန်းကို မသိဘူးလေ။ ဘာအတွက် လုပ်ပြီး ဘယ်လိုလူငယ်တွေအတွက် အာမခံချက်တွေ ပေးနိုင်တယ် ဆိုတာကို မသိကြဘူး။ နောက်ပြီး မဲတွေကို ဘုမသိဘမသိနဲ့ အတင်းထည့်ခိုင်းနေတော့ စိတ်အနှောက်အယှက် ဖြစ်ရတော့ အဲဒီရွေးကောက်ပွဲကို ဘယ်လိုမှ စိတ်မ၀င်စားကြတာပါ” ဟု ပြောကြားသွားပါသည်။

မြန်မာစစ်အစိုးရတို့ ကျင်းပပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဥပဒေပြုအာဏာတွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း နေရာအပြည့် ယူထားပြီး ဖြစ်သည့်အပြင် ၇၅ ရာခိုင်နှုန်းထက် မကျော်လွန်ပါက ဖွဲ့စည်းပုံအား ပြင်ဆင်ခွင့် လုံးဝ မရှိဘူးဟု ရေးသားဖော်ပြထားပါသည်။

0 comments: