Monday, October 11, 2010

ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် စစ်သား များက ကိုရီးယား တို့၏ အသားကို စားခဲ့ကြ

ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းက ဂျပန် စစ်သား များသည် ကိုရီးယား လူမျိုး တို့၏ အသားကို စားသောက် ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ ထားသည်။ (မြောက်ကိုရီးယား နိုင်ငံ ဖြစ်လာမည့် ဒေသကို ၁၉၄၀) ပြည့်လွန်နှစ် များက သိမ်းပိုက် ထားစဉ် ဂျပန်တို့၏ စစ် ရာဇ၀တ်မှု များကို (၄) နှစ်ကြာ လေ့လာ ဖော်ထုတ် ခဲ့ပြီးနောက် ယခုလို ကြေညာ ခဲ့ခြင်း ဖြစ်သည်။

(၁၉၄၂) ခုနှစ်က ဂျပန် တို့သည် နှစ်ခြမ်း မကွဲ သေးသည့် ကိုရီးယား ကျွန်းဆွယ်၏ မြောက်ပိုင်း ဒေသရှိ မာရှယ် ကျွန်းစုတွင် လေယာဉ်ကွင်း နှင့် စစ် စခန်းတစ်ခု တည်ဆောက်ရာ ကိုရီးယားလူမျိုး (၈၀၀) မှ (၁၀၀၀) ထိကို အတင်း အဓမ္မ ဖမ်းဆီး ခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန် စစ်တပ်က ထိုးစစ် ဆင်လာ ပြီးနောက် ကျွန်းပေါ်တွင် အစာရေစာ ပြတ်လပ် မှုသည် (၁၉၄၄) ခုနှစ်၊ ဇွန်လ နောက်ပိုင်း ဆိုးရွားလာ ခဲ့သည်။ (၁၉၄၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကိုရီးယား အလုပ်သမား (၁၂၀) မျှသည် ဂျပန်စစ်သား (၇) ဦးအား ပုန်ကန် သတ်ဖြတ် ခဲ့သည်။ နောက် တစ်နေ့ နံနက်တွင်မူ ဂျပန်စစ်သား (၁၅) ဦး တို့သည် ကိုရီးယား လူမျိုး (၁၀၀) ကျော် တို့အား သွေးအေးအေး နှင့် ပစ်သတ်ခဲ့ ကြသည်။

အလွန် ရက်စက် ယုတ်မာသော ကိစ္စ အတွင်း ကိုရီးယား လူမျိုး အချို့ တို့သည် သစ်ပင် များပေါ် တက်၍ သော်လည်းကောင်း၊ အဆောက် အအုံ ထပ်ခိုးများကြား ၀င်၍သော် လည်းကောင်း ပုန်းခို နေ၍ အသက်ဘေးမှ လွတ်မြောက် ခဲ့ပြီး အကျည်းတန် လှသည့် စစ်ရာဇ၀တ်မှု အတွက် မျက်မြင်သ က်သေများ ဖြစ်လာသည်။ နောက်ပိုင်းတွင် ဖော်ထုတ် တွေ့ရှိမှုများ အရ ကိုရီးယားတို့က ဂျပန် စစ်သား များအား ဆန့်ကျင် တော်လှန်ခြင်းသည် ၎င်းတို့အား အတင်း လူသား စားခိုင်း ခဲ့ခြင်းကြောင့်ဟု သိရှိလာ ရသည်။

ထိုစဉ်က ဂျပန်တို့၏ ဖမ်းဆီးမှုကို ခံရပြီး လွတ်မြောက်လာသူများက အစာရေစာ ပြတ်လပ်နေစဉ် ကာလအတွင်း ဂျပန်တို့သည် ဝေလငါး အသားဟု ဆိုကာ ယူလာသည့် အသား များအား မိမိတို့ကို စားသောက်ရန် ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထိုအသားများကို ဂျပန်များလည်း စားသောက်ခဲ့သည်။ ယင်းတို့သည် ထိုအတောအတွင်း အချို့သော ကိုရီးယား အလုပ်သမားများ ထူးထူး ဆန်းဆန်း ပျောက်ဆုံး နေသည်ကို သတိပြုမိ ခဲ့ကြောင်း ယခုအချိန်တွင် စစ် ရာဇ၀တ်မှုများ အတွက် ပြန်လည်စုံစမ်း ဖော်ထုတ်လာသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ပြောဆိုသွားသည်။

ရက်အနည်းငယ် အကြာတွင်မူ ပျောက်ဆုံးနေသည့် ကိုရီးယားတို့၏ အလောင်းများကို ကျွန်း၏ အတွင်းပိုင်း လူသူ အရောက် အပေါက်နည်းရာ နေရာတွင် မတော်တဆ တွေ့ရှိခဲ့ကြသလို ယင်း အလောင်းများမှ အသား များကို လှီးဖြတ် ထားသည်ကို မြင်ခဲ့ရကြောင်း လွတ်မြောက် လာသူများက ဆိုသည်။ ကိုရီးယား အလုပ်သမားများသည် ချက်ချင်းပင် မိမိတို့ စားထားသော အသားများသည် ဝေလငါးအသား မဟုတ်ဘဲ လူသားများ ဖြစ်ကြောင်း သဘောပေါက်သွား ခဲ့သည်။

တောင်ကိုရီးယား စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကော်မတီက ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် စစ်သား များသည် ကိုရီးယား နိုင်ငံသား များ၏ အသားကို စားခဲ့ရုံမျှမက ကိုရီးယား လူမျိုးများ ကိုလည်း မိမိတို့၏ မိတ်ဆွေ သူငယ်ချင်းများ ထံမှ အသားကို စားမိအောင် လိမ်လည် လှည့်ဖျား ခဲ့ကြောင်း စွပ်စွဲထားသည်။ ယခုအခါ ထိုဖြစ်စဉ်တွင် ပါဝင်သော မျက်မြင်များ အားလုံး သေဆုံးကုန်ပြီ ဖြစ်သော်လည်း လူ မဆန်သော ရက်စက် ကြမ်းတမ်းမှု အတွက် ၎င်းတို့ ချန်ထား ခဲ့သည့် ထွက်ဆို ချက်များ အားလုံးမှာ စနစ်တကျ သိုမှီးသိမ်းဆည်းထားကြောင်း ကော်မတီက ကြေညာသွားသည်ဟု ဟံသာဝတီသတင်းဌာနတွင်ဖော်ပြထားပါတယ်။။

0 comments: