မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် သစ်တောပြုန်းတီးမှုကြောင့်
ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။
သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာအဖြစ်အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။
ထိုအထဲ အလယ်ပိုင်း အပူပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများမှာ အနည်းငယ် ခံသာ နေသေးသည်ဟု သိရသည်။
“ ဒီတိုင်း ၃ ခုက အပူပိုင်း ဒေသလည်းဖြစ်တော့ အပူချိန်အရမ်းပြင်းတယ်။ အဲဒါကြောင့် တော်တော့ကို ဆိုးနေတယ်။ မြေကြီးရဲ့ အရည်အသွေး ကျဆင်းပျက်စီးမှုက ပိုများပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ကျတော့ သူတို့ထက်စာရင် မိုးပိုရွာတယ်။ အပူချိန်လဲ အဲလောက်မများဘူးဆိုတော့ ဖြစ်တော့ ဖြစ်တယ်။ သူတို့လောက်မများဘူးပေါ့” ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။
“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။ ဆင်းရဲပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။ မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင် ၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့်အစား ၁ဝ ပင်ခုတ်ပြီး ၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာရှိတာပေါ့။ အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။
ကချင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တော၊ ဒီရေတောများ ပြုန်းတီးခဲ့ရသဖြင့် မိုးခေါင်ခြင်း၊ ရာသီဥတု မမှန်ကန်ခြင်းများ ကြုံတွေ့ရကြောင်း ဦးအုန်းက ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ ရေနံချောင်း၊ ချောက် စသည့်နေရာများတွင် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးများ ပြုလုပ်နေသော်လည်း ငွေအား၊ လူအား အဘက်ဘက်မှ ဒေါင့်မစေ့နိုင်သလို နည်းပညာ အားကလည်း ထင်သလောက် တိုးတက်မလာသေးဟု ဆိုသည်။
ယခင်လကလည်း မြန်မာပြည်အလယ်ပိုင်း မိုးခေါင်သဖြင့် မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် နတ်မောက် မြို့နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း ၁၃ မြို့နယ်တွင် အဓိကစိုက်ပျိုးသည့် သီးနှံတခုဖြစ်သည့် နှမ်းများ ပျက်စီးခဲ့သည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာ ကျေးရွာအနီးရှိ တောင်နီတောင်မှ သစ်တောအုပ် ကိုလည်း တောင်အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ထင်းလောင်စာအဖြစ် ခုတ်၍ ကျောက်ပန်း တောင်း မြို့ပေါ်သို့ တင်ပို့ ရောင်းချနေသည်ဟု မြိုင်သာယာ ကျေးရွာမှ ရွာခံတဦးက ပြောသည်။
“လယ်ယာ ကိုင်းကျွန်းရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ရွာ အပါအဝင် ဒီနားမှာရှိတဲ့ ညောင်တို၊ မန်ကျည်းတန်း၊ ကိုင်း အစရှိတဲ့ရွာတွေက အခြေခံလူတန်းစားတွေက ဒီတောင်ပေါ်က ထင်းခုတ်ပြီးမှ ရောင်းမစားရရင် ဘာဝင်ငွေမှ မရှိဘူးလေ။ ထမင်းငတ်သွားမှာပေါ့” ဟု မြိုင်သာယာရွာသား တဦးက မဇ္ဈိမကို ပြောသည်။
၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးချိန် မိုးကာလတွင် ရာသီဥတု ဖေါက်ပြန်ပြီး သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးလာခြင်းကြောင့် အဆိုပါ ဒေသများရှိ တောင်သူလယ်သမားတို့သည် ငတ်မွတ်မှုဘေးနှင့် ပိုမိုကြုံတွေ့လာရသည်ဟု ဆိုသည်။
ဝမ်းရေးအရ ထင်းခုတ်၊ မီးသွေးဖုတ် ပြုလုပ်နေကြသည့် ဒေသခံ လူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထင်းအစားထိုး လောင်စာများ လုံလုံလောက်လောက်ကူညီမှုများ ပြုလုပ်ပေးနိုင်ပါက ၁၅ နှစ်အတွင်း စိမ်းလန်းလာမှာဖြစ် ကြောင်း ဦးအုန်းကပြောသည်။
နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြုလုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း ၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း ဦးအုန်းက ပြောသည်။
“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်းမီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။ အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊ ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံလောက်လောက်ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေ အပေါ်မှာ တည်တာပေါ့။ အဲဒီလိုသာ ကူမယ်ဆိုရင်တော့ အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန် ၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”ဟု သူက ပြောသည်။
ကချင်ပြည်နယ်တွင် သဘာဝသစ်တောကြီးများမှ သစ်မာပင်များကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ထုတ်ရောင်း နေမှုကြောင့် ၆ဝ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီဖြစ်ပြီး သစ်တော ပြုန်းတီးမှု၏ အဓိက တရားခံမှာ မြန်မာစစ်အစိုးရသာ ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) ဥက္ကဋ္ဌ ကိုအောင်ဝါ က ပြောသည်။
“ကချင်ပြည်နယ်က သစ်တောတွေကတော့ အဓိက စစ်အစိုးရ ကိုယ်တိုင်က တရုတ်နဲ့ပူးပေါင်းပြီး သစ်တွေထုတ် ရောင်းနေတာဖြစ်တယ်။ နောက်တချက်ကတော့ ဒေသခံတွေက သစ်တောငယ်တွေကို ခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်တာတွေပါတယ်” ဟု ကိုအောင်ဝါက မဇ္ဈိမကိုပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိကြီးများက တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသခံ ကချင်လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်အခများပေးပြီး တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် ထိန်ချုန်း၊ ယင်းကျန်း၊ ရွှေလီ စသည့်မြို့များမှ တဆင့် သယ်ဆောင်ကာ ဥရောပနိုင်ငံများထိ တင်ပို့နေသည်ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင်းမှ သစ်ထုတ်လုပ်မှုများ၊ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

0 comments:
Post a Comment