Friday, May 07, 2010

နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်တွင် ခွေးမလေးတစ်ကောင်မှ ကြောင်လေးတစ်ကောင်အား နို့တိုက်သော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပွား


နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်တွင် ခွေးမလေးတစ်ကောင်မှ ကြောင်လေးတစ်ကောင်အား နို့တိုက်သော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
        "ဒီလိုဖြစ်ရပ်မျိုးဟာ ကြားသာကြားဖူးနေတယ်။ လက်တွေ့မမြင်ဖူးကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခွေးနဲ့ကြောင်ဟာ ဘယ်တော့ဖြစ်ဖြစ် ရန်ဘက်တွေ။ ရန်ဘက်တွေ အချင်းချင်း မဟာမိတ်ဖွဲ့ပြီး နို့တိုက်တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ ကောင်းတဲ့ လက္ခဏာဘက်မှာရှိတယ်"ဟု နေပြည်တော်လယ်ဝေးမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
Dog & Cat
        အဆိုပါ နေပြည်တော်လယ်ဝေးမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် ခွေးမလေးမှကြောင်လေးအား နို့တိုက်သောဖြစ်ရပ်မှာ ကြောင်လေးငယ်စဉ်ကတည်းကဖြစ်ပြီး နို့ချိုတိုက်ကျွေးသော ခွေးမလေးမှာ တစ်သားမှမမွေးရသေးသော ခွေးမလေးဖြစ်ကြောင်း သိရှိရသည်။
        "ကျွန်တော်အိမ်မှာ ဒီခွေးမလေးက ကြောင်လေးကို ငယ်ငယ်ကတည်းက နို့တိုက်လာတာ အခုဆိုရင် နှစ်လကျော်ကျော်ရှိသွားပြီ။ခွေးမလေးက တစ်သားမှမမွေးဖူးဘူး ဆိုပေမယ့် သူ့ရဲ့ နောက်ဆုံးနို့တိုင်နှစ်တိုင်က နို့ထွက်နေတယ်။အဲဒီ ထွက်တဲ့ နို့တိုင်နှစ်တိုင်ကို ကြောင်လေးဆို့နေတာပဲ။ ပထမတော့ ကျွန်တော်လည်း တော်တော်အံ့သြမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခွေးမလေးကနေ ကြောင်လေးကို နို့တိုက်နေတယ်ဆိုတော့ ခွေးမလေးရဲ့ နို့ကိုညှစ်ကြည့်မိတယ်။နို့ထွက်တာ ကိုတွေ့ရတယ်။ အဲဒီကတည်းက တိုက်လာတာ အခုထက်ထိပါပဲ"ဟု အိမ်ရှင်ဦးသိန်းဟန်က ပြောဆိုခဲ့ပါသည်။
 source/11joul

0 comments: