Thursday, April 22, 2010

* ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် များတွင် အိမ်ထောင်စုဝင် လူဦးရေ စာရင်းများ ထပ်မံကောက်ယူ *


ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် များတွင် အိမ်ထောင်စု အလိုက် လူဦးရေ စာရင်း များကို ဧပြီလဆန်းပိုင်းမှ စတင် ကောက်ယူလျက် ရှိရာ ယခု တစ်ကြိမ် ကောက်ယူ မှုသည် ဒုတိယ အကြိမ်မြောက် ကောက်ယူခြင်း ဖြစ်သည် ဟုလည်း သိရသည်။ ယင်းကဲ့သို့ လူဦးရေ စာရင်းများ ကောက်ယူ ရာတွင် အိမ်ထောင်စု တစ်စုချင်း အလိုက် လူဦးရေ စာရင်း စစ်ဆေးခြင်း ပုံစံ များတွင် ဖြည့်သွင်း စေလျက် ကောက်ယူခြင်း ဖြစ်ပြီး

ရပ်ကွက် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ များ၏ အစီအစဉ်ဖြင့် ကောက်ယူခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ''၂၀၀၈ ခုနှစ် တုန်းက တစ်ကြိမ် လူဦးရေ စာရင်း ကောက်ယူ ခဲ့ပါတယ်။ ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစီအစဉ်နဲ့ ကောက်ယူ ခဲ့ပါတယ်။ ယာယီ အိမ်ထောင်စု စာရင်းတွေ ထုတ်ပေးခဲ့ ပါတယ်။ တိုက်ခန်း တစ်ခန်း၊ အိမ်တစ်အိမ် အတွင်းမှာ အမှန် တကယ် နေထိုင်တဲ့ လူဦးရေ စာရင်းကို အမှန် ရရှိဖို့ အတွက် ပါပဲ။ အိမ် တစ်အိမ်မှာ အမှန် တကယ် နေထိုင်တဲ့ လူအရေ အတွက်က ၁၀ ဦး ဆိုပေမယ့် အိမ်ထောင်စု စာရင်းမှာ ကျတော့ ငါးဦးစီ နှစ်စု ခွဲတာမျိုး ဖြစ်နေတာ မျိုးတွေ၊ အိမ်ထောင်စု စာရင်းမှာ ပါတဲ့ လူဦးရေထက် ပိုနေတဲ့ အိမ်ထောင်စုတွေ လျော့နေတဲ့ အိမ်ထောင်စုတွေ၊ ခြောက်လ တစ်ကြိမ်လောက် ပြောင်းရွှေ့ နေတဲ့ အိမ်ထောင်စု တွေရဲ့ လူဦးရေ စာရင်း အမှန် ရဖို့ ကောက်ယူတာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ ရပ်ကွက် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး တစ်ခုမှ ရုံးအဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။ ၂၀၀၈ ခုနှစ်က အိမ်ထောင်စု အလိုက် လူဦးရေ စာရင်းများ ကောက်ယူခဲ့ပြီး ယာယီ အိမ်ထောင်စု စာရင်းများ ထုတ်ပေးခဲ့ စဉ်က အိမ်ထောင်စုဝင်များ၏ ဓာတ်ပုံ မှတ်တမ်း ကိုပါ အဆိုပါ ယာယီ အိမ်ထောင်စု စာရင်း တွင် ထည့်သွင်း ဖော်ပြခဲ့ကာ ယာယီ အိမ်ထောင်စု စာရင်းပါ နံပါတ်စဉ် အတိုင်း ဓာတ်ပုံများတွင် ပါဝင်သူ များကို နံပါတ်ပြားများ တပ်၍ ဓာတ်ပုံ ရိုက်ကူး စေခဲ့ကြောင်း သိရသည်။ ယခု တစ်ကြိမ် ကောက်ယူသည့် လူဦးရေ စာရင်း စစ်ဆေးခြင်း ပုံစံတွင် ပါဝင်သည့် အချက် အလက် များမှာ အိမ်ထောင်စု စာရင်းတွင် ပါဝင်သည့် အချက် များပင် ဖြစ်ပြီး လူဦးရေ စာရင်း စစ်ဆေးခြင်း ပုံစံကို ရပ်ကွက် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ များက ကောက်ယူခြင်း ဖြစ်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ကာ မြို့နယ် ပြည်သူ့ အင်အား ဦးစီးဌာနက အတည်ပြုပေးမည် ဖြစ်သည်ဟု သိရကြောင်း Weekly Eleven တွင် ဖော်ပြထားပါသည်။

0 comments: