Thursday, April 22, 2010

မဲ ပေးဖို့အတွက် ကျောင်းပညာရေးက ပြင်ဆင်ပေးရန် ပျက်ကွက်နေဆဲ



ပြီးခဲ့တဲ့အပတ်ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲပေးရန် မျက်မမြင် များလည်း စိတ်လှုပ်ရှားနေတယ်လို့ ဆိုပြီးတော့ သတင်း ပါရှိလာပါတယ်။ သတင်းထဲမှာဘဲ မျက်မမြင် ကွန်ပြူတာဆရာ ကိုအောင်နိုင်ထွန်းရဲ့ တင်ပြချက်လည်း ပါရှိပါတယ်။
ပညာဗဟုသုတနည်းပါးတဲ့ မျက်မမြင်တွေ အတွက်ဆိုရင်တော့ အကူအညီပေးမယ့်သူ ရှိပေမယ့်လည်း ဘယ်သူ့ကိုမဲပေးရမှန်း မသိတဲ့ အခက်အခဲမျိုးတော့ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေးဟာ ဆန္ဒမဲပေးရတဲ့ ဒီမိုကရေစီနိုင်ငံသားဖြစ်လာဖို့အတွက် ပြင်ဆင် ပေးထားပါသလား ဆိုတဲ့မေးခွန်းကို ပညာရေးသမားအချို့ကို မောက္ခက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်က နည်းပြဆရာမတစ်ဦး အခုလိုပြောပြခဲ့ပါတယ်။ “ကျောင်းသားတွေကို သင်ပေးဖို့အတွက်ဆိုရင် နည်းပြတွေမှာလည်း ဒီမိုကရေစီ သဘောတရားနားလည်ဖို့ လိုအပ်နေပါတယ်။ နောက်ပြီးတော့လည်း ကိုးကားစရာ စာအုပ်စာတမ်းတွေ လိုအပ်နေတယ်။ သင်ရိုးလိုတယ်ပေါ့နော်။ မူဝါဒနဲ့လည်း

ပတ်သက်မယ်ထင်တယ်။ မေဂျာဝိဇ္ဇာတွဲ တွေထဲမှာလည်း ပြည့်ပြည့်စုံစုံလေ့လာဖို့ လိုနေသေးတုန်းပါ။” ပြည်တွင်းက ၀ါရင့်သမိုင်းဆရာကြီးတစ်ဦးကတော့ “ကျောင်းသားတွေ မဲပေးဖို့ကို မဆိုထားပါနဲ့။ လူကြီးတွေမှာလည်း လုံလောက်တဲ့ အချက်အလက်တွေ၊ အသိပညာတွေ လိုအပ်နေဆဲပါဘဲဗျာ။ ဗဟုသုတဘယ်မှာ ရခဲ့လို့လဲ။ ဘယ်လိုလုပ်ပြီး သိနားလည်မှာလည်း ဟုတ်လား။ စိတ်လည်းမ၀င်စားနိုင်ကြပါဘူး။ ဒီမိုကရေစီနဲ့ ပတ်သက် လာရင်တော့ မျက်စိမမြင်တဲ့သူနဲ့ မြင်တဲ့လူ အတူတူကို ဖြစ်တော့တာဘဲ။ ဘယ်မှာ၊ ဘယ်အဆင့်မှာ လေ့ကျင့်ပေး ခဲ့တာရှိလို့လဲ။ အဆင့်သင့်ဖြစ်ဖို့ အဝေးကြီးဘဲ။” လို့ သုံးသပ်ပြောဆိုသွားပါတယ်။ ဘွဲ့ရလူငယ်တွေမှာလည်း သက်ဆိုင်ရာ ဘွဲ့ဒီဂရီတွေနဲ့ တွဲဖက်ပြီးတော့ ဒီမိုကရေစီ သဘောတရားတွေကိုသိမြင့်ခွင့်၊ လေ့လာခွင့် ရရှိသင့်တယ်လို့ သမိုင်းဆရာကြီးက ပြောပြခဲ့ပါတယ်။ မြန်မာပြည်တွင်း ပညာရေးစစ်တမ်းတွေအရ သင်ရိုးညွှန်းတမ်းအဆင့်ဆင့်မှာ ဒီမိုကရေစီသဘောတရား အလွန်အားနည်းတယ်လို့ ပညာရေး ကျွမ်းကျင်သူတွေက ဝေဘန်ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံ ပညာရေးကျွမ်းကျင်သူ ဆရာဦးသိန်းနိုင်ကတော့ အခုလိုပြောပါတယ်။ “ကျနော်တို့ မြန်မာပြည် ပညာရေးစနစ်ရဲ့ အဆင့်တိုင်းမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေ ပါရှိတဲ့ သင်ခန်းစာတွေကို ချန်လှပ် ခံထားရတယ်။ အခြေခံပညာကနေ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ဒီသဘော တရားတွေကို လေ့လာဆည်းပူခွင့်တွေ၊ ကျင့်ကြံလိုက်နာခွင့်တွေ မရှိဘူး။ စာသင်ခန်းတွေထဲမှာ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးခွင့် မရှိသေးဘူး။ အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ ဖွဲ့စည်းပုံတွေနဲ့ ရွေးကောက်ပွဲတွေအကြောင်းကို လေ့ကျင့်ဖို့ ပညာရေးဟာ ပျက်ကွက်နေဆဲပါ။ အကျိုးဆက်ကတော့ ပညာရေးစနစ်နဲ့ ကျောင်းသင်ရိုးညွှန်းတမ်းက ဒီမိုကရေစီ နိုင်ငံသားဖြစ်လာဖို့ မပြင်ဆင် ပေးထားသေးတာတွေ့ရတယ်။” မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ဆဌမတန်း (၆ တန်း) အဆင့်လောက်မှာ ကတည်းက အစိုးရအဆင့်ဆင့် ဖွဲ့စည်းပုံ၊ ဒီမိုကရေစီ၊ နိုင်ငံသားအခွင့်အရေး၊ တာဝန်တွေကို လေ့လာကြရတယ်လို့ သိရှိရပါတယ်။ မောက္ခ (ပြည်တွင်း)

0 comments: