Wednesday, April 14, 2010

အနုပညာရှင်တို့ရဲ့ သင်္ကြန်ဇယား


ဧပြီလမှာ မျှော်သူရှိရှိ မရှိရှိ သင်္ကြန်ပွဲတော်က ရောက်ရှိလာတော့မှာပါ။ ပျော်နိုင်သူတွေ ဆင်နွှဲဖို့၊ အနားယူလိုသူတွေ အနားယူဖို့ သင်္ကြန်အစီအစဉ်တွေကတော့ လဆန်းပိုင်းမှာ သက်ဝင်နေပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ “နေပြည်တော်သင်္ကြန်”လို့ အများစိတ်ဝင်စားကြတဲ့အတိုင်း အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ရန်ကုန်အခြေစိုက် အဆိုတော်တွေ၊ မင်းသားမင်းသမီးတွေ၊ တီးဝိုင်းကြီးတွေနဲ့ အကအဖွဲ့တွေ၊ ဒီဂျေဖန်တီးရှင်တွေ သွားရောက်ဖျော်ဖြေကြဖို့ ရှိပါတယ်။ တီးဝိုင်းတွေရဲ့သင်္ကြန်တည်နေရာဇယား ပြည်တွင်းက နာမည်ရ တီးဝိုင်းတွေဖြစ်ကြတဲ့ အင်ပါယာတီးဝိုင်း၊ Lazy Club တီးဝိုင်း၊ Plus Three တီးဝိုင်း၊ မဇ္ဈိမလှိုင်းတီးဝိုင်းတို့က နေပြည်တော် ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်မဏ္ဍပ် အသီးသီးမှာ တီးခတ်ဖျော်ဖြေကြမှာလို့ သိရပါတယ်။ အင်ပါယာတီးဝိုင်းက နေပြည်တော်က ကုမုဒြာဟိုတယ် မဏ္ဍပ်မှာရှိမှာဖြစ်ပြီး ရန်ကုန်က အဲပုဂံမဏ္ဍပ်မှာလည်း ဖျော်ဖြေဖွယ်ရှိလို့ မဏ္ဍပ်ကူးမယ့် သဘောမှာရှိပါတယ်။ Lazy Clubကတော့ မြတ်တော်ဝင် ဟိုတယ်မဏ္ဍပ်မှာ သင်္ကြန်တစ်တွင်းလုံး ရှိပါမယ်တဲ့။ Plus Threeက တော်ဝင်ကုမုဒြာဟိုတယ်မှာရှိမှာဖြစ်ပြီး မဇ္ဈိမလှိုင်းကတော့ သင်္ဂဟဟိုတယ်မဏ္ဍပ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။ Iron Crossကတော့ ထုံးစံအတိုင်း တောင်ကြီးမှာပါပဲ။ Metal Zone တီးဝိုင်းကတော့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာပါ။ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ သင်္ကြန်ဇယား ကိုယ်ပိုင်မဏ္ဍပ်ထိုးခဲ့တာ လေးနှစ်ရှိပြီဖြစ်တဲ့ နန္ဒာလှိုင်နဲ့မောင်တို့ မောင်နှမနှစ်ယောက်က Blizzard နာမည်နဲ့ မဏ္ဍပ်ကို ရန်ကုန်မှာ ဒီနှစ်လည်း ထိုးဦးမှာပါ။ ဒီနှစ်တော့ မောင်နှင့်အတူ နန္ဒာလှိုင်လည်း မဏ္ဍပ်ထိုင်ဖို့ အစီအစဉ်ရှိပါတယ်။ အယ်လ်ပိုင်းမော်ဒယ်များဖြစ်ကြတဲ့ ခန့်စည်သူ၊ စိုးမြတ်နန္ဒာ၊ ခိုင်သင်းကြည်တို့နဲ့အတူ မင်းမော်ကွန်း၊ ရဲအောင်၊ ၀ိုင်းစုခိုင်သိန်းတို့က မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်မှာ ရှိနေမှာပါ။ ပြင်ဦးလွင်ကို ဇာတ်ကားရိုက်ဖို့ ဒီလဆန်းတည်းက ရောက်နေတဲ့ ပြေတီဦးကတော့ သင်္ကြန်တွင်းမှာ နေပြည်တော်ကို တစ်ရက်လောက် သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့ပြင် မန္တလေးအယ်လ်ပိုင်းမဏ္ဍပ်ရဲ့ အနုပညာရှင်စာရင်းမှာလည်း ပြေတီဦး ပါဝင်နေတာကို တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ နေပြည်တော်မှာ အသစ်ဖွင့်မယ့် ဟိုတယ်မဏ္ဍပ်မှာ သင်္ကြန်တစ်တွင်းလုံး ရှိနေမှာဖြစ်ပြီး ရဲအောင်၊ စိုးပြည့်သဇင်တို့က တော်ဝင်နေပြည်တော် ဟိုတယ်မဏ္ဍပ်မှာ ဖျော်ဖြေရေးတွေလုပ်ဖို့ ရှိပါတယ်။ ရန်အောင်က နေပြည်တော် သင်္ဂဟဟိုတယ်မဏ္ဍပ်မှာဖြစ်ပြီး မေသန်းနုက နေပြည်တော်စည်ပင်မဏ္ဍပ်မှာ သားမင်းသန့်မောင်မောင်နဲ့အတူ ရှိနေမှာပါ။ သူထူးစံ၊ အေးမြတ်သူ၊ ခိုင်နှင်းဝေတို့လည်း နေပြည်တော်က မဏ္ဍပ်တစ်ခုခုမှာ သင်္ကြန်ကျမှာဖြစ်ပြီး ချောရတနာက နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်မှာ ရှိမှာဖြစ်ပါတယ်။ ရတနာမိုင်နဲ့ခင်လေးနွယ်တို့က ရန်ကုန် Lion City မဏ္ဍပ်မှာရှိမှာဖြစ်ပြီး ရတနာမိုင်က ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တစ်ခုမှာလည်း မဏ္ဍပ်ထိုင်ဖို့ရှိတယ်လို့ သိရပါတယ်။ ၀တ်မှုန်ရွှေရည်လည်း ရန်ကုန်မှာပဲ ရှိမှာဖြစ်ပြီး နှစ်ရက်လောက်တော့ မဏ္ဍပ်ထိုင်ဖြစ်မယ်လို့ သိရပါတယ်။ ပြည်ပမှာသင်္ကြန်ကျမယ့်သူတို့ နိုင်းနိုင်းက ဇနီးစန္ဒီချိုနဲ့ အတူ မတ်လ၂၂ရက်နေ့က အမေရိကားကို လိုက်ပါသွားခဲ့ပြီး နှစ်လကြာ နေထိုင်မှာဖြစ်လို့ အမေရိကားမှာပဲ သင်္ကြန်ကာလကို ကျော်ဖြတ်ဖွယ်ရှိပါတယ်။ မိုးဟေကိုကလည်း သင်္ကြန်ကာလလေးပဲ နားရတာဖြစ်လို့ မိသားစုနဲ့အတူ ပြည်ပခရီးစဉ်တစ်ခု စီစဉ်ထားပါတယ်လို့ သိရပါတယ်။ ဂီတသမားတို့ရဲ့သင်္ကြန်ဇယား တီးဝိုင်းအများစု နေပြည်တော်ကို ရောက်နေတာကြောင့် အဆိုတော်တွေလည်း နေပြည်တော်မှာ တော်တော်လေး စုံစုံလင်လင်ရှိမယ်လို့ တွက်ဆကြည့်ရပါတယ်။ ဇော်ဝင်းထွဋ်က အင်ပါယာနဲ့အတူ ကုမုဒြာဟိုတယ်မှာ ဖျော်ဖြေမှာဖြစ်ပြီး ရန်ကုန်ပြည်လမ်းက အဲလက်စ်တို့ရှိနေမယ့် အဲပုဂံမဏ္ဍပ်မှာလည်း သီဆိုဖို့ရှိပါတယ်။ အယ်လ်လွန်းဝါက လေးဇီးကလပ်နဲ့အတူ မြတ်တော်ဝင် ဟိုတယ်မှာဖြစ်ပြီး မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဥက္ကာဦးသာ၊ ရှင်ဖုန်းတို့က Plus Three တီးဝိုင်းရှိရာ တော်ဝင်ကုမုဒြာဟိုတယ်မှာ ဖျော်ဖြေမှာပါ။ ခင်မောင်တိုး၊ ဂျေမောင်မောင်၊ သားစိုး၊ ဖြိုးကြီး၊ ဖိုးချစ်၊ ခင်ဘုဏ်း၊ ယုဇန၊ ချမ်းချမ်းတို့က နေပြည်တော်သင်္ဂဟ ဟိုတယ်မဏ္ဍပ်မှာ မဇ္ဈိမလှိုင်းတီးဝိုင်းနဲ့ သီဆိုကြမှာလို့ သိရပါတယ်။ စန္ဒီမြင့်လွင်က နေပြည်တော် အမရာမဏ္ဍပ်မှာဖြစ်ပြီး ကြိုးကြာကလည်း The Ace တီးဝိုင်းနဲ့အတူ နေပြည်တော်မှာ သီဆိုဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်ပြည်လမ်း စိန်ဂေဟာရှေ့က တော်ဝင်မိသားစုမဏ္ဍပ်မှာ ရဲလေးသီဆိုမှာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ကတော့ ပြည်လမ်းမှာပဲ မဏ္ဍပ်ထိုးရမလား၊ မန္တလေးအယ်လ်ပိုင်း မဏ္ဍပ်ကိုသွားရမလား မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ မေစံပယ်ညိုကတော့ ရန်ကုန်က မဏ္ဍပ်တစ်ခုခုမှာ ဖျော်ဖြေမယ်လို့သိရပြီး မဏ္ဍပ်နာမည်ကိုတော့ အတည်မပြုသေးပါဘူး။ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ Metal Zone တီးဝိုင်းနဲ့အတူ ဟန်ထွန်း၊ လင်းလင်း၊ အစိုင်း၊ Lဆိုင်းဇီနဲ့ ချစ်သုဝေတို့ သီဆိုကြမှာဖြစ်ပြီး ဝေလျှံလည်း အဲဒီမဏ္ဍပ်မှာ ရှိနေမှာဖြစ်ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ တင်ဇာမော်နဲ့ ဆုန်သင်းပါရ်တို့က တောင်ကြီးမှာ IC နဲ့အတူ ဖျော်ဖြေမှာဖြစ်ပြီး တင်ဇာမော်က သင်္ကြန်ရက်နီးချိန်လောက် မြန်မာပြည်ကို အမီပြန်လာမှာဖြစ်ပါတယ်။ R ဇာနည်၊ ဟဲလေး၊ ကောင်းမြတ်၊ ဖြူဖြူကျော်သိန်း၊ ရေဗက္က၀င်း၊ အေသင်ချိုဆွေနဲ့ သီရိဆွေတို့က မန္တ လေးအယ်လ်ပိုင်းမဏ္ဍပ်မှာ သီဆိုဖျော်ဖြေမှာဖြစ်ပြီး The Three တီးဝိုင်းရှိဖို့များပါတယ်။

0 comments: