ဝေးလံခေါင်ဖျားတဲ့ ကျေးလက်တောမြို့လေးမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး ပြဿနာသောင်းခြောက်ထောင်နဲ့ ပြည့်နေတဲ့ ဗမာပြည်ကနေ လွတ်လပ်မှုဆီ ရောက်အောင် ခရီးရှည်ကြီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့တဲ့ ပဒေါင်လူငယ်လေး တယောက်အကြောင်းကို ဒီကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကလေးက အသေးစိတ် ရေးဖွဲ့ထားပါတယ်။
သရဲစိမ်းများ၏နယ်မြေမှသည် - ဗမာတယောက်၏ ခရီးရှည် မှတ်တမ်း (From the Land of Green Ghosts: A Burmese Odyssey ) လို့ အမည်ပေးထားတဲ့ အဲဒီစာအုပ်ကို ပါစကယ် ခူးသွေး(Pascal Khoo Thwe) က ရေးတာဖြစ်ပြီး " ဟာပါး ကောလင်း စာအုပ်တိုက်က ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဗမာပြည်အကြောင်းရေးထားတဲ့ ဒီလိုစာအုပ်မျိုးကို ဖတ်ချင်လို့ စာရေးသူ မျှော်နေခဲ့တာ ကြာပါပြီ။ အတိတ်ကာလက မွေးရပ်မြေမှာ တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်မျှော်မှန်း ကြည့်ထားတာ တွေဟာ အဆိုးနဲ့အကောင်း ရောပြွမ်းနေ ပါတယ်။ ဒါဟာ" ဗမာပြည် " ရဲ့ သင်္ကေတပါပဲ။
ကြွယ်ဝတဲ့ယဉ်ကျေးမှုတခုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုကို အခြေခံပြီး ဒီစာအုပ်ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အားလုံးကို ကစဥ့်ကလျားဖြစ်သွားစေ ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်ခဲ့သူ ခူးသွေးက တသက်လုံး အုပ်ချုပ် သူတို့အလိုအတိုင်း လှုပ်ရှားနေထိုင်ခဲ့ရတာတွေကို သရုပ်ဖော် တင်ပြထားတဲ့ "သရဲစိမ်းများ၏နယ်မြေမှသည်" ဟာ သူ့ထက် အသက်ကြီးသူ များနဲ့ သူ့ရဲ့ ရောင်းရင်းရဲဘော်ရဲဘက်တွေရဲ့ ပုံရိပ်တွေ၊ ၀မ်းနည်းစရာတွေ၊ ၀မ်းသာပျော်ရွှင်စရာတွေ စတာတွေနဲ့ ချယ်မှုန်းထားတဲ့ ကန်လန့်ကာတချပ်ဖြစ်ပါတယ်။
ခူးသွေးဟာ တောင်ပိုင်း ရှမ်းပြည်က " ကယန်း " လူမျိုးအကြီးအကဲတဦးရဲ့ မျိုးရိုးကနေ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ သူ့စာအုပ်ထဲမှာ " ကယန်းလူမျိုးစု " အစား လူသိများတဲ့ " ပဒေါင်လူမျိုး " ဆိုတာကိုပဲ သုံးသွားပါတယ်။ လည်ပင်းမှာ ကြေးကွင်းတွေ အဆင့်ဆင့်စွပ်ကြတာကြောင့် ရှည်ထွက်လာတဲ့ လည်ပင်းများ ရှိကြတဲ့ပဒေါင်အမျိုးသမီးတွေ အကြောင်း လူသိများကြပါတယ်။ ရိုးရာယဉ်ကျေးမှုအရ ကြေးကွင်း အရေအတွက်များတာကို ဂုဏ်ယူတတ်ကြတာဖြစ်ကြပေမယ့် အခြားသူများအတွက်ကတော့ ထူးထူးဆန်းဆန်းအရာတခုလို စိတ်ဝင်စားစရာဖြစ်နေပါတယ်။
ဆပ်ကပ်မှာ လူထူးလူဆန်းများအဖြစ် ပြသဖို့အတွက် သူ့ရွာက အမျိုးသမီးတွေကို ၁၉၃၆ ခုနှစ်တုန်းက အင်္ဂလန်ကို ခေါ်သွား ခဲ့ဖူးတယ်ဆိုတဲ့အကြောင်း ခူးသွေးက သူ့စာအုပ်ထဲမှာ ရေးထားပါတယ်။ ရပ်ဆွေ ရပ်မျိုးအနေနဲ့ဆိုရင် အဲဒီအမျိုးသမီး တွေဟာ သူနဲ့ အဘွားတော်စပ်ပါတယ်။ ပဒေါင်တွေဘက်က ပြန်ကြည့် တော့လည်း အင်္ဂလိပ်လူမျိုးတွေဟာ အလွန်စိတ်ဝင် စားစရာ ဖြစ်နေပြန်ပါတယ်။အင်္ဂလိပ်တွေဟာ လက်ဘက်ရည်သောက်ရင် အခမ်းအနားတခုလို လုပ်တတ်တဲ့အကြောင်းနဲ့ အင်္ဂလန်မှာ ခေါင်ရည်မရှိတဲ့ အကြောင်းတွေကို ပြန်လာတဲ့ ပဒေါင်အမျိုးသမီးတွေက ပြန်ပြောကြပါသတဲ့။ နောက်ပိုင်းကာလ မှာတော့ ပဒေါင်အမျိုးသမီးတွေကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်စရာ ပြသမှုတခုအဖြစ် ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတခုမှာ အသုံးချခဲ့ပါတယ်။
ခူးသွေးရဲ့အဖေက တိရစ္ဆာန်ဆရာဝန် ဖြစ်ပြီးအမေက သူနာပြုဆရာမပါ။ မျိုးရိုးက ဂီးဘ (Geba) အနွယ် ဖြစ်ပါတယ်။ ခူးသွေးဟာ ကလေးဘဝကို လူမျိုးစုပေါင်းစုံ နေထိုင်ရာ တောမြို့ကလေးမှာ ပျော်ရွှင် ချမ်းမြေ့စွာ ကုန်လွန်ခဲ့ပါတယ်။ လူပျိုပေါက်အရွယ် အကြောင်းတွေက တောင်ပိုင်းအမေရိကန် ဝတ္ထုတွေထဲက တကယ့်ဘ၀တွေကို ပြန်ပြောင်းပြောပြ နေသလိုပါပဲ။ ရွာသူရွာသားတွေဟာ တစ္ဆေသူရဲတွေနဲ့ အတိတ်နမိတ်တွေကို ယုံကြည်ကြတယ်။ ဆန်စပါးကို စိုက်ပျိုးကြ တယ်။ သစ်သီးသစ်ဥတွေကို ခူးဆွတ်စားသောက်ကြတယ်။ကက်သလစ် ဘာသာဝင်တွေဟာ နတ်ကိုးကွယ်သူတွေနဲ့ ချမ်းမြေ့ပျော်ရွှင်စွာ ပေါင်းသင်းတတ်ကြသလို ဗုဒ္ဓဘာသာဝင်တွေနဲ့လည်း ချစ်ခင်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ကြပါတယ်။
အိမ်နီးနားချင်းတွေဖြစ်ကြတဲ့ ဘာသာရေးအကြီးအကဲတွေဟာ ရေဒီယိုကလာတဲ့ အဲလ်ဗစ်ပရက်စလေ သီချင်းများကို အတူနားထောင်ရင်း မြေဆီမြေနှစ်ကောင်းတဲ့ သည်ကမ္ဘာမြေပေါ်မှာ မျှဝေနေထိုင်ကြတယ်။
ဒါပေမယ့်အရာအားလုံးတော့ ကောင်းမနေခဲ့ပါဘူး။ နေ၀င်းရဲ့ စစ်အစိုးရကြောင့် သူတို့မိသားစုဟာ တဖြေးဖြေး ဆင်းရဲမွဲတေ လာပါတယ်။ ငှက်ဖျားဖြစ်နေတဲ့ အီတလီလူမျိုး ကက်သလစ် ဘုန်းကြီးဖြစ်သူနဲ့ အကြိတ်အနယ် နပန်းသတ်ပြီးမှ ခရစ်ယာန် ဘာသာဝင်ဖြစ်လာတဲ့ ခူးသွေးရဲ့ အဘိုးဖြစ်သူဟာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အာဏာပိုင်တွေကို အာခံခဲ့ပါတယ်။ ခူးသွေးရဲ့ အဘိုးအကြောင်းဟာ မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို တတ်နိုင်သလောက် ဆန့်ကျင်ခဲ့ကြသူတွေအကြောင်းထဲက ကြေကွဲဝမ်းနည်းဖွယ်ရာ ဥပမာတခုပါ။
"အဘိုးကို သူတို့ဖမ်းသွားကြပါတယ်။ မဟုတ်တမ်းတရမ်းတွေ စွပ်စွဲပြီး အမှန်တွေကို လျှောက်မပြောဖို့လည်း ခြိမ်းချောက် ခဲ့ကြတယ်။ ပြီးတော့ ရိုက်နှက်ခဲ့ကြတယ်။ အဘိုးရဲ့ နောက်လိုက်နောက်ပါတွေကိုလည်း ဖမ်းဆီးပြီး ရက်ရက်စက်စက် နှိပ်စက်ခဲ့ကြတယ်။ အဲဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ အဘိုးဟာ အဲဒီလူတွေကို လောက်ကောင်တွေကိုက်စားခြင်း ခံရပါစေလို့ ကျိန်ဆဲခဲ့တယ်။ ရိုးရာဓလေ့ထုံးစံအရ အင်မတန်ပြင်းထန်တဲ့ ကျိန်ဆဲမှုပေါ့။ အဲဒီက လွတ်လာပြီးတဲ့နောက် အဘိုးဟာ သူ့အဘိုးအဘွားတွေကို မြှုပ်နှံသင်္ဂြိုဟ်ထားတဲ့ သုဿာန်ကို နတ်ဆရာတွေနဲ့သွားပြီး သေဆုံးသွားပြီဖြစ်တဲ့ ဆွေစဉ်မျိုးဆက် တွေကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တယ်။ နတ်ဆရာတွေနဲ့အတူ ၀ိညာဉ်ခေါ်ပွဲတခုကိုလည်း လုပ်ခဲ့ကြတယ် "
သိပ်မကြာခင်မှာပဲ ခူးသွေးဟာ သူ့ရဲ့ ကလေးဘ၀ရဲ့ ခိုလှုံရာကို စွန့်ခွာပြီး မန္တလေးကို ထွက်ခွာခဲ့ရတယ်။ သရဲစိမ်းတွေရဲ့ အန္တရာယ်ကို သတိထားနေဖို့ကိုလဲ သတိပေးလိုက်ကြသေးတယ်။ ခူးသွေးဟာ တခြားတိုင်းရင်းသား မျိုးနွယ်စုကျောင်းသား တွေနဲ့ ခင်မင်ရင်းနှီးခဲ့ရုံတင်မက " မိုး "ဆိုတဲ့ ဗမာမလေးနဲ့လဲ ချစ်သူဖြစ်ခဲ့ကြတယ်။ ဗမာပြည်အတွက် အမှန်တရားကို ယူဆောင်ပေးဖို့ "ဇ"ရှိသူတဦးဖြစ်တဲ့ မိုးဟာ ဒေါက်မြင့်ဖိနပ်ကိုချွတ်ပြီး ခြေညှပ်ဖိနပ်ကို ပြောင်းစီးခဲ့တယ်။ စစ်တပ်မိသားစုဝင် အဖြစ်ကနေ မြေအောက်တော်လှန်ရေးသမားဘ၀ကို ပြောင်းခဲ့တယ်။ ၁၉၈၈ အရေးအခင်းကြီးပေါ်ပေါက်လာတဲ့အခါ တပ်မတော်သားတွေ အသွင်ဆောင်ထားတဲ့ သရဲစိမ်းတွေဟာ နုနယ်ပျိုမျစ်တဲ့ မိုးကို သတ်ပစ်ခဲ့ကြသလို မန္တလေးရဲ့ လမ်းတွေကိုလဲ သွေးတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့ကြတယ်။
သူနဲ့ရွယ်တူ လူငယ်များနည်းတူ ခူးသွေးဟာလဲ ၁၉၈၈ ခု၊ စက်တင်္ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတာနဲ့ ကြောက်လန့်တကြား တောတောင်တွေဘက်ဆီ ထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ မြို့နေ လူလတ်တန်းစားပဒေါင်တယောက်ဟာ သူမသိဖူးတဲ့ ဒါပေမယ့် အမြဲတမ်းကြောက်ရွံ့ခဲ့တဲ့ ဗမာပြည်တမျိုးကို ပက်ပင်းရင်ဆိုင်ရပါတော့တယ်။
" မြို့သားဗမာတွေပြောလေ့ရှိတဲ့ တော ဆိုတဲ့ စကားမှာ နှိမ်တဲ့သဘော၊ အထင်သေးတဲ့ သဘော၊ အောက်တန်းကျတဲ့ သဘောတွေ ပါနေတုန်းပဲ။ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစု သူပုန်တွေနဲ့ သွားပြီးပူးပေါင်းတဲ့ သူကို တောသားလေးလို့ သတ်မှတ်လိုက်ကြတော့တာပဲ။ အဲဒီစကားရဲ့ နောက်မှာ ထုတ်မပြောပေမယ့် မယဉ်ကျေးတဲ့သူ၊ ထင်ရာစိုင်းတတ်တဲ့ သူ၊ ရိုင်းစိုင်းကြမ်းတမ်းသူ၊ အရိုင်းတိရစ္ဆာန်နဲ့ တူသူ ဆိုတာတွေက တဆက်တည်းပါနေတော့ တာပါ။ဒါတွေက ဗမာတွေရွံမုန်းတဲ့ အချက်တွေပါ။ မယဉ်ကျေးတဲ့ လူသားနွယ်ဝင်လို့ သတ်မှတ်ပြောဆိုခံရတဲ့အခါတိုင်း ကျနော် ရင်နာ ခဲ့ရပါတယ် "
ခူးသွေးရဲ့ ဒီလို စူးစူးရဲရဲ ထွင်းဖောက်တဲ့အမြင်က ဗမာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စိတ်ဝမ်းကွဲပြား မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ အစရှိတဲ့ အမှားအယွင်းတွေကို ဖော်ကျူး ပြသနေပါတယ်။
ဒီလိုအာဃာတစိတ်တွေ ရှိပေမယ့် မကြာခင်မှာပဲ ခူးသွေးဟာ တောတောင်သဘာဝအလှရဲ့ ဖမ်းစားမှုကို ခံလာရပါတယ်။
"ဒီလို မြင့်မြတ်တဲ့နေရာမှာ နတ်တွေနဲ့ တခြားဝိညာဉ်တွေ ရှိနေကြတယ်လို့ ကျနော်သိလာတယ်။ ဒီမြေကမ္ဘာကြီးကို စောင့်တဲ့ နတ်တွေနဲ့ ဆက်သွယ်လို့ရအောင် ဒီနေရာမှာ ကြာကြာ နေချင်လာတယ်။ လူမျိုးစုတွေကို စောင့်ရှောက်တဲ့ နတ်တွေနဲ့ရော ပေါ့။ ကျနော့်ကိုယ်ကျနော် သုခဘုံကိုရောက်နေတယ်လို့ ခံစားနေရတယ်။ အဲဒါ မဟုတ်မှန်းလည်း သိနေတယ်။ ကျနော့်ကို တစုံတခုက ဖမ်းစားထားပြီ၊ ကျနော် ဘာမှ မလုပ်နိုင်တော့ဘူး။ သဘာဝရဲ့ အေးငြိမ်းတဲ့အလှအပတွေကို ကျနော်ခံစားမိနေ တာကိုက တောစောင့် နတ်သမီး၊ မြစ်စောင့်နတ်သမီးတွေ အမှန်တကယ်ပဲ ဒီနေရာမှာ ရှိနေကြတယ်ဆိုတဲ့ အသိကို ဖြစ်ပေါ်လာစေခဲ့တယ် "
သေမင်းနဲ့ လက်တလုံးခြား သွားနေခဲ့ရတဲ့ ကာလတွေမှာ ခူးသွေးဟာ ကျေးလက်ဒေသနေ လူမျိုးစုတွေ အပေါ် ဆင်နွှဲနေတဲ့ ဗမာ့စစ်တပ်ရဲ့စစ်ပွဲတွေအကြောင်း ကိုယ်တွေ့သိမြင်လာရတယ်။ ဒါဟာ သူစာအုပ်မှာအားအကောင်းဆုံး ရေးသားဖော်ပြချက် ဖြစ်တယ်။ ကြောက်ရွံ့မှုတွေ အားအင်ကုန်ခမ်းမှုတွေ ပင်ပန်း ဆင်းရဲမှုတွေက သူ့ကို ချုပ်နှောင်ထားတယ်။ ဒါပေမယ့် သူဟာ ဝါးကျည်တောက်ထဲက ရေချိုချို အေးအေးကိုတော့ အရသာခံနိုင်ပါသေးတယ်။
ကက်သလစ်ဘာသာထဲက အိန်ဂျယ်နတ်တွေနဲ့ နတ်ဇီးကွက်ရဲ့နိမိတ်ကောင်းတွေ စောင်မကြည့်ရှုမှုကြောင့် ခူးသွေးဟာ ဗုံးတွေ၊ ကျည်ဆံတွေ၊ ရောဂါဝေဒနာတွေကြားကပဲ အသက်ဆက်ရှင်နေခဲ့ပါတယ်။ တိုက်ပွဲတွေနဲ့ ထုသားပေသားကျနေတဲ့ ကရင်နီ တော်လှန်ရေးရဲဘော်တွေနဲ့ သူ့ရဲ့ ရဲဘော်ရဲဘက် " ကျောင်းသားစစ်သား " တွေနဲ့အတူ ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားရုန်းကန်ရင်း နေထိုင်ခဲ့တယ်။ တနေ့မှာတော့ မန္တလေးတုန်းက သိကျွမ်းခဲ့ဖူးတဲ့ ဗြိတိသျှလူမျိုး ပါမောက္ခတယောက်နဲ့ ပြန်တွေ့ပြီး သူ့အကူအညီနဲ့ အင်္ဂလန်က ကိမ်းဘရစ် တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရခဲ့ပါတော့တယ်။
ကယ်တင်ခန်း နဲ့ ပတ်သက်လို့ အလွန်အကျူးရေးသားတာမျိုးကို ကျွန်တော့်အနေနဲ့ တော်တော် သတိထား ချင်ပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိလောက်အောင်ကို ဖြစ်နေကြတဲ့ ဗမာလူမျိုး တွေကြားမှာ အကူအညီ ဆိုတာကို စိတ်ကူးယဉ် မျှော်လင့်နေကြပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေကြ သူ များသည် ပင်လျှင် မိမိကို တယောက်ယောက်က ရောက်လာ ကူညီပြီး ကယ်ထုတ်သွား မှာကို စိတ်ကူးယဉ်နေတတ် ကြတာမျိုးတွေ တွေ့ရ ပါတယ်။ ဒါမှမဟုတ် စစ်တပ်အစိုးရကို ကူညီဖယ်ရှားပေးလာကြမဲ့ အဖြစ်မျိုးကို တောင့်တ နေတတ်ကြပါ တယ်။
အဲဒီလို ဖြစ်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ တတိယနိုင်ငံရဲ့ ဒုက္ခသုက္ခတွေ ကြားထဲကနေ ပထမနိုင်ငံဆီကို ရောက်သွား ကြပြီး လူလူသူသူ နေချင်ကြတဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေတတ်ကြတာ မဆန်းပါဘူး။ တစုံတယောက် အထူးသဖြင့် မျက်နှာဖြူတယောက်က ဒုက္ခရောက်နေတဲ့ သူကို သနားပြီး ခေါ်ယူသွားတဲ့အတွက် အဲဒီလူရဲ့ ဘ၀လမ်းကြောင်း ကောင်းမွန် သွားတဲ့အကြောင်း စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်နေတတ်ကြတာမျိုးပါ။ ဒီစာအုပ်ကလေးကိုလဲ အစကတော့ ဒါမျိုးလို့ ထင်မိခဲ့ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကိန်းဘရစ်မှာ ခူးသွေး ပညာသင်ခွင့်ရခဲ့တာဟာ အင်္ဂလိပ်စာကို ပြေပြစ်ချောမွေ့ အောင် ရေးတတ်ဖို့အတွက် အထောက်အကူ ဖြစ်စေတာပဲ ရှိပါတယ်။ တကယ်က သူ့ဘ၀ပါ။ လူမဆန်မှု၊ ရက်စက်ကြမ်း ကြုတ်မှု။ လူသားချင်း စာနာထောက်ထားစိတ် ကင်းမဲ့မှု စတာတွေနဲ့ ပြည့်နှက်နေ တဲ့ သူဖြတ်သန်းလာခဲ့ရတဲ့ ဗမာပြည်က သူ့ဘ၀က သူ့ကို အခုလို ဖြစ်အောင် တွန်းအား ပေး ခဲ့တာ သာဖြစ် ပါ တယ်။ အဲဒါကြောင့် အခုဆို သူ့ရင်ထဲမှာ ရှိနေခဲ့တဲ့ ပြောပြချင်နေတာတွေကို စာတအုပ်အဖြစ် စာဖတ်သူတွေဆီကို သူပို့လွှတ်လိုက်နိုင်ခဲ့ပါပြီ။
အခုလို စာအုပ်ကောင်းကလေးဖတ်ရတဲ့အခါကျတော့ တခြား ခေတ်ပြိုင် ဗမာတွေရေးတဲ့ အခုလိုဘ၀အတွေ့အကြုံမှတ်တမ်း စာအုပ်တွေ ထွက်မလာတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ အင်္ဂလိပ်လို မတွေ့မိပါဘူး။ စာရေးသူ ပြန်စဉ်းစားလို့ ရသလောက်ကတော့ တော်လှန်ရေးသမားတဦးဖြစ်တဲ့ "အေးဆောင်" ရဲ့ "နောက်တန်းမှာနေတဲ့ ဗမာ" ဆိုတာနဲ့ ပန်းချီဆရာ " အောင်အောင်တိတ် " ရဲ့ " ရွှေတိဂုံ မြင်ကွင်း " ဆိုတာပဲ တွေ့ဖူးပါတယ်။ နှစ်အုပ်စလုံးဟာ စာအုပ်ကောင်းတွေပါ။ ဒါပေမယ့် ၁၉၈၉နှစ်က ထုတ်ခဲ့တာဆိုတော့ ကြာလှပြီပေါ့။ ကရင်လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့လိုအဖွဲ့အစည်းမျိုးတွေ ကနေ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဗမာလူမျိုးတွေရဲ့ ဇာတ်လမ်းတို လေး တွေကို တွေ့ရ တတ်ပေမယ့် အခုလို ကိုယ်ရေးဘ၀ ဇာတ်လမ်းရှည်မျိုး မဟုတ်ပါဘူး။ ဒီစာအုပ်မျိုးတွေက အခုအချိန်မှာ ကျွန်တော်တို့ ဖတ်ဖို့လိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ သိဖို့လိုတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်မိမယ့် မြို့ပေါ်က ဗမာတွေရော ကျေးလက်တောရွာတောတောင်တွေထဲက သူတွေ အနေနဲ့ အကျိုးတခုခု ကိုတော့ ရရှိနိုင်ပါလိမ့်မယ်။ သူတို့လျှောက်လှမ်းရမဲ့ လမ်းကိုရွေးနိုင်ဖို့၊ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ဖို့နဲ့ သူတို့တတွေ ချမှတ်လုပ်ဆောင်ရမဲ့ ဆုံးဖြတ်ချက်တွေအတွက် အထောက်အကူ ရပါလိမ့်မယ်။ အရှေ့တောင်အာရှဒေသနဲ့ အကျွမ်းတ၀င် မရှိကြတဲ့ စာဖတ်သူတွေကိုလည်း ဒီစာအုပ်ကလေးက ပြည့်ပြည့်စုံစုံဖော်ပြပေးပါတယ်။ သူ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြော ပြရမှာ ခူးသွေး ရေးပြခဲ့တာတွေဟာ အမှားအယွင်းမရှိပါဘူး။ ဒါပေမယ့် သရုပ်ဖော်ပုံလေးတွေကို သည့်ထက် ဂရုတစိုက် လုပ်ရင် ပိုကောင်းမယ် ထင်ပါတယ်။
သုံးလေးခန်းလောက် ဖတ်ပြီးတဲ့ အချိန်မှာ ခူးသွေးရဲ့ဘ၀ဟာ တကယ့်လူ့ဘ၀ထဲက ဟယ်ရီပေါ်တာ အဖြစ်ပါလားလို့ ခံစား လိုက်ရပါတယ်။ အထူးအဆန်းတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ရပြီး သာမန်နဲ့မတူတဲ့ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား သွားနေခဲ့ရတယ်၊မကောင်းဆိုးရွားတွေရဲ့ခြိမ်းခြောက်မှုကို ခံနေခဲ့ ရတယ်။ ဒါပေမယ့်လည်း စူးစမ်းတဲ့ စိတ်ဓာတ်ကတော့ ရှိနေတယ်။ ဖိနှိပ်မှုတွေကို ပြန်ပြီး ခုခံရင်ဆိုင်ဖို့ ကြီးပြင်းလာခဲ့ရတဲ့ ရဲရင့်သူလေး တယောက်ပေါ့။
နောက်ဆုံးတော့ အင်္ဂလိပ်ဘွဲ့ဝတ်ရုံကို ခြုံလွှမ်းထားတဲ့ ခူးသွေးဟာ သူဖန်ဆင်းထားတဲ့ အနုပညာနဲ့ သစ္စာတရားတွေဖြစ်တဲ့ ဒီမှော်စာအုပ်နဲ့ မြန်မာစစ်အစိုးရကို ရင်ဆိုင်လိုက်ပါတယ်။ ။ [Top]
(၂၀၀၃ခုနှစ် မတ်လထုတ် ဧရာဝတီမဂ္ဂဇင်းမှ Edith Mirante ၏ Pascal Khoo Thwe and the Book of Memory ကို ဆီလျော်အောင် ပြန်ဆိုပါသည်)
0 comments:
Post a Comment